ကြက်သွန်ဖြူ စားရင် ကိုယ်ခံအား ကောင်းတယ်။ ဆောင်းရာသီလိုမျိုး အေးမြတဲ့ ရာသီတွေမှာ ဖျားနာမှု ကင်းစေဖို့ ကြက်သွန်ဖြူ စားရမယ်ဆိုလို့ ကြက်သွန်ဖြူတွေ များများစားမှ ဖြစ်မယ် ဆိုပြီး တွေးနေပြီလား။ ဒါဆိုရင်တော့ ဆောင်းအေးလို့ ကိုယ်ခံအားကောင်းအောင်ဆိုပြီး ကြက်သွန်ဖြူတွေ များများ မစားခင် သတိထားသင့်တဲ့ အချက်လေးတွေကို သိရှိနိုင်အောင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်တော့နော်။
ဆောင်းအေးလို့ ကိုယ်ခံအားကောင်းအောင်ဆိုပြီး ကြက်သွန်ဖြူတွေ များများ မစားခင်
ကြက်သွန်ဖြူက ကျန်းမာရေး အကျိုးကျေးဇူးတွေ များတာကြောင့် ဆောင်းရာသီမှာ ဖျားနာမှု ကင်းစေဖို့ စားပေးသင့်ပါတယ်။ ဒီအဆိုက လူတိုင်းအတွက် အခြေအနေတိုင်းအတွက် မမှန်ပါဘူး။ အများစုက ဆောင်းရာသီမှာ ကိုယ်ခံအား ကောင်းပြီး ဖျားနာမှု ကင်းစေဖို့ ကြက်သွန်ဖြူကို စားပေးသင့်တယ် ဆိုပေမယ့် အချို့သူတွေကတော့ ကြက်သွန်ဖြူကို အများကြီး မစားသင့်ပါဘူး။
ဘယ်လိုသူတွေ ဖြစ်မလဲ! ကိုယ်တိုင်ရော ဆောင်းရာသီမှာ ကိုယ်ခံအား ကောင်းအောင်ဆိုပြီး ကြက်သွန်ဖြူ များများစားဖို့ သင့်တော်ရဲ့လားဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။
အစာခြေအက်ဆစ် အထွက်များတဲ့သူတွေ အနေနဲ့ ကြက်သွန်ဖြူ စားမယ်ဆိုရင် ရင်ပူတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အစာခြေ အက်ဆစ် အထွက်များတယ်ဆိုရင် ကြက်သွန်ဖြူကို အများကြီး မစားသင့်သလို အစာမရှိချိန်မှာလည်း ကြက်သွန်ဖြူကို မစားသင့်ပါဘူး။ ဒီလို စားတာက အစာအိမ်ကို ထိခိုက်စေပြီး ရင်ပူတာ အစာမကြေတာတွေကို ဖြစ်စေနိုင်ပါတယ်။
- အစာအိမ် ရောင်ရမ်းတာ၊ အစာအိမ် ပြဿနာရှိတာ
အစာအိမ် ရောင်ရမ်းတာ၊ အစာအိမ် ပြဿနာ ရှိနေသူတွေ အနေနဲ့လည်း ကြက်သွန်ဖြူကို အများကြီး မစားသင့်ပါဘူး။ ကြက်သွန်ဖြူက ရှိရင်းစွဲ အစာအိမ် ပြဿနာကို ပိုဆိုးစေနိုင်သလို ဗိုက်အောင့် ဗိုက်နာတာ၊ ဝမ်းခဏခဏ သွားတာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အစာအိမ် အားနည်းမယ်ဆိုရင် ကြက်သွန်ဖြူကို လျှော့စားပါ။ လိုအပ်ရင် ရှောင်ပါ။
ကြက်သွန်ဖြူက ကျန်းမာရေးအတွက် ကောင်းတာမှန်ပေမယ့် ခံတွင်း အနံ့ဆိုးစေနိုင်ပါတယ်။ ဒါကြောင့် အရင်ကတည်းက ခံတွင်းနံ့ မကောင်းဘူးဆိုရင် ကြက်သွန်ဖြူကို ရှောင်ဖို့ လိုပါမယ်။ ဒါကြောင့် ခံတွင်းနံ့ဆိုးတတ်သူတွေ အနေနဲ့ ကြက်သွန်ဖြူကို အများကြီး မစားပါနဲ့။
ကြက်သွန်ဖြူက ခံတွင်းနံ့ကိုတင် ဆိုးစေတာ မဟုတ်ဘဲ ကိုယ်နံ့လည်း ပြင်းစေပါတယ်။ ဒါကြောင့် ကိုယ်နံ့ပြင်းတတ်တယ်၊ ချွေးနံ့ ပုံမှန်ထက် ပြင်းတယ်ဆိုရင်တော့ ကြက်သွန်ဖြူကို အများကြီး မစားပါနဲ့။
နှလုံးသွေးကြောဆိုင်ရာ ကျန်းမာရေး ပြဿနာ ရှိသူတွေက သွေးကျဲဆေး သောက်နေရတာမျိုး ရှိနိုင်ပါတယ်။ ကြက်သွန်ဖြူမှာလည်း သွေးကျဲစေနိုင်တဲ့ အာနိသင် ပါရှိနေတာကြောင့် သွေးကျဲဆေး သောက်နေရမယ်ဆိုရင် သဘာဝအရ သွေးကျဲစေနိုင်တဲ့ အာနိသင် ရှိတဲ့ ကြက်သွန်ဖြူကို အများကြီး မစားမိဖို့ လိုပါမယ်။
ကြက်သွန်ဖြူက ဆောင်းရာသီမှာ ဖျားနာမှု ကင်းစေဖို့ နဲ့ ကိုယ်ခံအား ကောင်းစေဖို့ ထောက်ကူပေးတာမှန်ပေမယ့် အခုပြောခဲ့တဲ့ အခြေအနေ ရှိနေသူတွေမှာတော့ ကျန်းမာရေး ကောင်းကျိုးထက် ဆိုးကျိုးတွေကို ခံစားရစေနိုင်တာကြောင့် ကြက်သွန်ဖြူကို အများကြီး စားတာမျိုး မလုပ်ဖို့ ပြောချင်ပါတယ်။ ကျန်းမာရေး အခြေအနေ တစ်ရပ်ရပ်ကြောင့် ဆေးသောက်နေရသူတွေ အနေနဲ့လည်း ကြက်သွန်ဖြူကို အလွန်အကျွံ စားတာမျိုး မလုပ်ဘဲ တတ်ကျွမ်းနားလည်သူတွေနဲ့ အရင်ဆုံး သေချာလေး တိုင်ပင်ဖို့ လိုပါမယ်။
စကားလက်ဆောင်
ကြက်သွန်ဖြူက ကိုယ်ခံအား ကောင်းစေတယ်။ သွေးတိုးကျစေတယ်။ သွေးတွင်း အဆီ ကျစေတာ မှန်ပေမယ့် ရောဂါအခံ ရှိမယ်ဆိုရင်တော့ အများကြီး စားသုံးတာမျိုး မလုပ်သင့်ပါဘူး။
[embed-health-tool-bmi]