backup og meta

အအေးမိ ဖျားနာတာကို ကြက်သွန်ဖြူက သက်သာစေနိုင်သလား။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 24/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အအေးမိ ဖျားနာတာကို ကြက်သွန်ဖြူက သက်သာစေနိုင်သလား။

    ရာသီဥတုလေးကလည်း ဆောင်းဝင်လာတော့ ဆောင်းပီပီ အေးလာပါပြီ။ ဒီလို အအေးပိုလာတာနဲ့အတူ အအေးမိ ဖျားနာ တာတွေကလည်း စလာပါပြီ။ ဒီလို အအေးမိဖျားနာတဲ့အခါ သာမန် ဖျားနာမှုလေးတွေပဲဆိုရင်တော့ အိမ်တွင်းကုထုံးလေးတွေကို သုံးပြီး သက်သာအောင် လုပ်ပေးလို့ ရပါတယ်။

    အခုတစ်ခေါက်တော့ အိမ်တိုင်းမှာ အလွယ်တကူရနိုင်ပြီး အခုလို အအေးပိုတဲ့ ရာသီတွေမှာ အအေးမိဖျားနာတာတွေ သက်သာအောင် လုပ်ဆောင်ပေးနိုင်မယ့် အရာလေးတစ်ခုအကြောင်း နဲ့ အအေးမိ ဖျားနာတဲ့အခါ သက်သာအောင် လုပ်ဆောင်လို့ရမယ့် နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။

    အအေးမိ ဖျားနာဘာကြောင့်ဖြစ်

    တော်တော်များများက အအေးမိ ဖျားနာဖြစ်တဲ့အခါ ရာသီဥတု အေးလို့ အအေးခံလို့ ရေချိုးမှားလို့ဆိုပြီး အမျိုးမျိုး ပြောကြပါတယ်။ တကယ်ကတော့ အအေးမိ ဖျားနာ ဖြစ်ရတာက ရာသီဥတု အေးတဲ့ အချိန်မှာ ပြင်ပလေထုထဲမှာ အချိန်ကြာကြာ ရှင်သန်နိုင်ပြီး အအေးမိ ဖျားနာတာကိုဖြစ်စေနိုင်တဲ့ ရောဂါပိုးတွေကြောင့်ပါ။

    ဒီရောဂါပိုးတွေကို ကိုယ်တွယ်ထိတွေ့မိတာ၊ ရောဂါပိုး ရှိသူ ကိုင်တွယ်ထိတွေ့ထားတဲ့ အသုံးအဆောင်တွေကို ကိုင်တွယ် ထိတွေ့မိတာတွေကြောင့် အအေးမိဖျားနာတာကို ခံစားရနိုင်ပါတယ်။

    အအေးမိ ဖျားနာတာကို သက်သာစေနိုင်မယ့် အိမ်တွင်း ဆေးတစ်လက်

    အအေးမိ ဖျားနာတာကို သက်သာစေနိုင်မယ့် အိမ်တွင်း ဆေးတစ်လက်

    သာမန် အအေးမိ ဖျားနာတာက အိမ်တွင်းကုထုံးလေးတွေကို သေသေချာချာ လုပ်ဆောင်ပေးရုံနဲ့ သက်သာနိုင်ပါတယ်။ အိမ်တိုင်းရဲ့ မီးဖိုဆောင်မှာ အလွယ်တကူ ရနိုင်တဲ့ ကြက်သွန်ဖြူက အအေးမိ ဖျားနာတာကိုသက်သာစေဖို့ ကူညီပေးနိုင်ပါတယ်။

    ကြက်သွန်ဖြူကို ဟင်းချက် စားကြတာ ရှိသလို အစိမ်း တို့စားကြတာမျိုးလည်း ရှိပါတယ်။ ကြက်သွန်ဖြူကို အအေးမိ ဖျားနာတာကို သက်သာစေတဲ့ အိမ်တွင်းကုထုံးအဖြစ် ရှေးယခင်ကာလတွေကတည်း အသုံးပြုခဲ့ကြတာပါ။

    • ကြက်သွန်ဖြူက ကိုယ်ခံအားစနစ်ကို အကောင်းဆုံး အားဖြည့်ပေးနိုင်သလို ရောဂါပိုးတွေကို တိုက်ဖျက်ပေးနိုင်တာကြောင့် အအေးမိ ဖျားနာတာကိုခံစားရတဲ့အခါ ကြက်သွန်ဖြူ စား​ပေးရင် မြန်မြန်သက်သာတာပါ။
    • ကြက်သွန်ဖြူက အသက်ရှူ လမ်းကြောင်း အထက်ပိုင်း ပိုးဝင် ကူးစက်တာကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။
    • အအေးမိ ဖျားနာတာကို ကာကွယ်ဖို့အတွက် ကြက်သွန်ဖြူကို စားပေးလို့ ရသလို အအေးမိ ဖျားနာတာကို ခံစားနေရချိန်မှာ ရောဂါလက္ခဏာ မပြင်းထန်စေဖို့နဲ့ အဖျားတာတိုစေဖို့လည်း ကြက်သွန်ဖြူကို စားပေးလို့ ရပါတယ်။

    ကြက်သွန်ဖြူက အနံ့အရသာ ပြင်းပေမယ့် ရောဂါပိုးတွေကို ထိထိရောက်ရောက် တိုက်ထုတ်ပေးနိုင်တာကြောင့် အအေးမိ ဖျားနာ ဖြစ်ရင် သက်သာစေဖို့ ဟင်းခါး ချက်သောက်တာ၊ စွပ်ပြုတ်တွေထဲ ထည့်သောက်တာ၊ အများကြီး မစားချင်ရင်တောင် ဆန်ပြုတ်လေးထဲ ထည့်သောက်တာမျိုး လုပ်ပေးလို့ ရပါတယ်။

    ဒါပေမယ့် ရင်ပူတတ်တဲ့သူ၊ ကြက်သွန်ဖြူ အစားများတဲ့အခါ ဗိုက်အောင့်တတ်သူကတော့ ဆင်ခြင်သင့်တတ်ပါတယ်။

    အအေးမိ ဖျားနာအမြန် သက်သာစေဖို့

    အအေးမိ ဖျားနာတာကိုမြန်မြန် သက်သာစေဖို့ဆိုရင် ကြက်သွန်ဖြူ ပါဝင်အောင် စားသုံးပေးတာ အပြင် အခုပြောပြမယ့် နည်းလမ်းလေးတွေကိုလည်း အသုံးပြုပေးလို့ ရပါတယ်။

    ပျားရည် သောက်ပါ – ပျားရည်ကို ရေနွေးနွေးလေးထဲ ထည့်ဖျော်ပြီး သောက်တာကလည်း အအေးမိ ဖျားနာတာကိုသက်သာစေနိုင်ပါတယ်။

    ရေများများ သောက်ပါ – ရေများများ သောက်ပေးတာက ကိုယ်ခံအားရဲ့ စွမ်းဆောင်ရည်ကို ​မြင့်မားစေပြီး အအေးမိ ဖျားနာတာကို မြန်မြန် သက်သာစေနိုင်ပါတယ်။

    ပြည့်ပြည့်ဝဝ အနားယူပါ – ကိုယ်ခံအား နည်းနေချိန်မှာ အအေးမိ ဖျားနာတာကိုခံစားရတာပါ။ ကိုယ်ခံအား နည်းရတဲ့ အကြောင်းအရင်းက ခန္ဓာကိုယ်က အနားမယူရတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အအေးမိ ဖျားနာတာကိုမြန်မြန် သက်သာစေဖို့ဆိုရင် ပြည့်ပြည့်ဝဝ အနားယူလိုက်ပါ။

    အဖျားကျဆေးသောက်ပါ – အအေးမိ ဖျားနာတဲ့အခါ ဆေးစာမလိုဘဲ ဝယ်ယူလို့ရတဲ့ ဖျားနာတာကိုသက်သာစေတဲ့ ဆေးသောက်တာကလည်း နည်းလမ်းကောင်း တစ်ရပ်ပါ။ ဆေးသောက်တဲ့အခါ ဆေးပတ်လည်အောင် သောက်ဖို့နဲ့ ဆေးညွှန်းအတိုင်း မှန်မှန်ကန်ကန် သောက်ဖို့တော့ လိုပါမယ်။

    အာဟာရ ပြည့်ဝအောင် စားပါ – အာဟာရကို ပြည့်ဝမျှတအောင် စားသုံးမှ ကိုယ်ခံအားက အားပြည့်မှာပါ။ ဒါကြောင့် ဖျားနေတဲ့အခါ ကိုယ်ခံအား မြန်မြန် ပြည့်ပြီး ကျန်းမာစေဖို့အတွက် အာဟာရ ပြည့်ဝအောင် စားသုံးပေးဖို့လည်း လိုပါမယ်။

    ဒီအချက်လေးတွေကို လုပ်ဆောင်ကြည့်ပြီး အအေးမိ ဖျားနာမှုကို အကောင်းဆုံး တုံ့ပြန်တိုက်ထုတ်လိုက်ရအောင်နော်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 24/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement