backup og meta

မျှဝေပါ။

သို့မဟုတ် လင့်ခ်ကူးယူမည်

နောက်ဆက်တွဲအခြေအနေ မခန့်မှန်းနိုင်သည့် monoclonal gammopathy ရောဂါ (MGUS)

အဓိပ္ပါယ်ဖွင့်ဆိုချက်

နောက်ဆက်တွဲအခြေအနေ မခန့်မှန်းနိုင်တဲ့ monoclonal gammopathy (MGUS) ဆိုတာ ဘာလဲ။

သွေးထဲမှာ M ပရိုတင်း သို့မဟုတ် monoclonal ပရိုတင်းလို့ခေါ်တဲ့ မူမမှန်အသားဓါတ်တစ်မျိုး ရှိနေခြင်းကို နောက်ဆက်တွဲအခြေအနေ မခန့်မှန်းနိုင်တဲ့ monoclonal gammopathy (MGUS) ရောဂါလို့ ခေါ်ပါတယ်။ ၎င်း M ပရိုတင်းကို ရိုးတွင်းခြင်ဆီထဲက သွေးဖြူဥဆဲလ် (သွေးရည်ကြည်ဆဲလ်) တွေကနေ ထုတ်လုပ်တာဖြစ်ပါတယ်။

များသောအားဖြင့် MGUS က ဘာပြဿနာမှ ပေးလေ့မရှိပေမယ့် တခါတရံမှာတော့ နှစ်နဲ့ချီကြာလာရင် သွေးကင်ဆာအပါအဝင် အခြားနောက်ဆက်တွဲပြဿနာတွေ ဖြစ်လာတတ်ပါတယ်။

ဒါကြောင့် MGUS ရှိသူတွေအနေနဲ့ နောက်ဆက်တွဲပြဿနာဖြစ်လာရင် စောစောကုသမှု ခံယူနိုင်အောင် ကျန်းမာရေးစစ်ဆေးမှု ပုံမှန်ပြုလုပ်ပေးဖို့ အရေးကြီးပါတယ်။ ရောဂါအခြေအနေ ပိုဆိုးမလာရင်တော့ ကုသမှုခံယူစရာ မလိုပါဘူး။

နောက်ဆက်တွဲအခြေအနေ မခန့်မှန်းနိုင်တဲ့ monoclonal gammopathy (MGUS) ဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

ယေဘုယျအားဖြင့် အသက် ၇၀အထက် လူကြီးပိုင်းတွေရဲ့ ၅ရာခိုင်နှုန်းကျော်မှာ MGUS ရှိနေတတ်ပြီး myeloma ခေါ် သွေးရည်ကြည်ဆဲလ်ကင်ဆာ နဲ့ ပြင်းထန်တဲ့ B ဆဲလ်ရောဂါအဖြစ် မပြောင်းသွားသရွေ့ သိသာထင်ရှားတဲ့ပြဿနာ ပေးလေ့မရှိပါဘူး။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

လက္ခဏာများ

နောက်ဆက်တွဲအခြေအနေ မခန့်မှန်းနိုင်တဲ့ monoclonal gammopathy (MGUS) ရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

MGUS ရှိသူအများစုဟာ ဘာရောဂါလက္ခဏာမှ ခံစားရလေ့မရှိဘဲ အချို့လူနာတွေမှာသာ အဖုအပိမ့်အနီကွက်များထွက်ခြင်းနဲ့ ထုံကျင်ခြင်းကဲ့သို့ အာရုံကြောပြဿနာတွေ တွေ့ရတတ်ပါတယ်။ အခြားကျန်းမာရေးပြဿနာတစ်ခုခုအတွက် သွေးစစ်ဆေးရင်း MGUS ရှိနေမှန်း တွေ့ရှိသွားကြတာများပါတယ်။

အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

သင့်ဆီမှာ အထက်ဖော်ပြပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် ဒါမှမဟုတ် မေးခွန်းတစ်ခုခုရှိနေမယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

လူတိုင်းရဲ့ခန္ဓါကိုယ်တုံ့ပြန်မှုဟာ မတူညီနိုင်ပါဘူး။ သင့်အခြေအနေအတွက် ဘာအကောင်းဆုံးလဲဆိုတာကို သင့်ဆရာဝန်နဲ့ တိုင်ပင်တာက အကောင်းဆုံးပါပဲ။

ဖြစ်ပွားမှုအကြောင်းရင်းများ

ဘာတွေက နောက်ဆက်တွဲအခြေအနေ မခန့်မှန်းနိုင်တဲ့ monoclonal gammopathy (MGUS) ြဖစ်ပွားစေသလဲ။

မူမှန်တဲ့ သွေးရည်ကြည်ဆဲလ်တွေကနေ M ပရိုတင်းထုတ်လုပ်မှုကြောင့် MGUS ဖြစ်ပွားရတာဖြစ်ပါတယ်။ လူအများစုအတွက်တော့ M ပရိုတင်းကြောင့် ဘေးဥပါဒ်ဖြစ်လေ့မရှိပေမယ့် M ပရိုတင်းပမာဏ အဆမတန်များပြားလာရင်တော့ ရိုးတွင်းခြင်ဆီထဲက ကျန်းမာတဲ့သွေးဆဲလ်တွေ နေရာမရတော့ဘဲ ခန္ဓါကိုယ်မှာရှိတဲ့ အခြားတစ်ရှူးတွေပါ ထိခိုက်ပျက်စီးနိုင်ပါတယ်။

M ပရိုတင်းများပြားစုပုံရတဲ့ အဓိကအကြောင်းအရင်းကို တိတိကျကျ မသိရသေးပေမယ့် မျိုးဗီဇပြောင်းလဲမှု၊ ပတ်ဝန်းကျင်အခြေအနေတွေနဲ့ ဆက်နွယ်ပတ်သက်မှု ရှိနေနိုင်ပါတယ်။

ဖြစ်ပွားစေနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများ

ဘယ်အရာတွေက နောက်ဆက်တွဲအခြေအနေ မခန့်မှန်းနိုင်တဲ့ monoclonal gammopathy (MGUS) ဖြစ်ပွားနိုင်ချေကိုမြင့်စေပါသလဲ။

နောက်ဆက်တွဲအခြေအနေ မခန့်မှန်းနိုင်တဲ့ monoclonal gammopathy (MGUS) ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ

အများကြီးရှိပါတယ်။

  • ဒီရောဂါကို အတွေ့ရအများဆုံး ပျမ်းမျှအသက်က ၇၀နှစ်ဝန်းကျင် ဖြစ်ပါတယ်။
  • လူဖြူတွေမှာထက်စာရင် အာဖရိကန်လူမျိုးတွေနဲ့ အာဖရိကန်-အမေရိကန်လူမျိုးတွေမှာ ပိုအတွေ့ရများပါတယ်။ အခြားလူမျိုးတွေမှာ ဖြစ်ပွားမှုနှုန်းကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး.
  • အမျိုးသမီးတွေထက်စာရင် အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။
  • မိသားစုကျန်းမာရေးရာဇဝင် – သင့်မိသားစုထဲမှာ MGUS ရှိနေရင် သင့်မှာလည်းဒီရောဂါဖြစ်ဖို့ ရာနှုန်းပိုများပါတယ်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသော အချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲံ အမြဲတိုင်ပင်ဆွေးနွေးပါ။

နောက်ဆက်တွဲအခြေအနေ မခန့်မှန်းနိုင်တဲ့ monoclonal gammopathy (MGUS) ဟုတ်မဟုတ်ကိုဘယ်လိုအဖြေရှာအတည်ပြုသလဲ

အာရုံကြောရောဂါလိုမျိုး အခြားရောဂါတစ်ခုခုကြောင့် သွေးစစ်ဆေးရာကနေ MGUS ရှိနေကြောင်း တွေ့ရှိကြတာများပါတယ်။ သွေးစစ်ဆေးမှုအဖြေမှာ မူမမှန်ပရိုတင်းတွေ တွေ့ရနိုင်သလို ပုံမှန်ပရိုတင်းတွေရဲ့ အရေအတွက်ပြောင်းလဲနေတာကိုလည်း တွေ့နိုင်ပါတယ်။

အကယ်၍ သင့်မှာ monoclonal gammopathy ရှိနေကြောင်း သင့်ဆရာဝန်က စစ်ဆေးတွေ့ရှိခဲ့ရင် သင့်ခန္ဓါကိုယ်က ထုတ်လုပ်နေတဲ့ M ပရိုတင်းအမျိုးအစားနဲ့ ပမာဏကိုသိရှိဖို့ နောက်ထပ်စစ်ဆေးမှုတွေပြုလုပ်ဖို့ လိုအပ်နိုင်ပါတယ်။

ပရိုတင်းပမာဏမြင့်တက်စေနိုင်တဲ့ အခြားအကြောင်းအရင်းတွေကို ဖြစ်နိုင်ချေထဲက ဖယ်ထုတ်နိုင်ဖို့ အောက်ဖော်ပြပါ ရောဂါရှာဖွေစစ်ဆေးမှုတွေ ပြုလုပ်ရမယ့် အလားအလာရှိပါတယ်။

  • နောက်ထပ်သွေးစစ်ဆေးမှုများ – သွေးဆဲလ်အရေအတွက်စစ်ဆေးခြင်း၊ ကျောက်ကပ်လုပ်ငန်းစဉ်စစ်ဆေးခြင်း (သွေးတွင်း creatinine ပမာဏစစ်ဆေးခြင်း)၊ သွေးတွင်းကယ်လ်ဆီယမ်ပမာဏစစ်ဆေးခြင်းတို့က multiple myeloma ခေါ် သွေးရည်ကြည်ဆဲလ်ကင်ဆာကြောင့် M ပရိုတင်းမြင့်တက်နေခြင်းဟုတ်မဟုတ် အဖြေရှာအတည်ပြုရာမှာ အထောက်အကူပြုပါတယ်။
  • ဆီးစစ်ဆေးမှုများ – သွေးထဲမှာတွေ့ရတဲ့ မူမမှန်ပရိုတင်းတွေ ဆီးထဲမှာလည်း ပါဝင်နေခြင်းရှိမရှိနဲ့ ကျောက်ကပ်ပျက်စီးမှုရှိမရှိ စစ်ဆေးရမှာဖြစ်ပါတယ်။ ၂၄နာရီအတွင်း သွားသမျှဆီးကို မစွန့်ပစ်ဘဲ စုဆောင်းစစ်ဆေးဖို့ လိုအပ်နိုင်ပါတယ်။
  • ပုံရိပ်ဖော်စစ်ဆေးမှုများ – အကယ်၍ သင်ဟာ အရိုးနာကျင်မှုဝေဒနာ ခံစားနေရမယ်ဆိုရင် သင့်ဆရာဝန်က သံလိုက်ဓါတ်မှန် (MRI) သို့မဟုတ် CT- positron emission tomography (PET) scan ရိုက်ဖို့ အကြံပြုနိုင်ပါတယ်။ ဒီစစ်ဆေးမှုတွေကနေ ရရှိလာတဲ့ပုံရိပ်တွေက MGUS နဲ့ဆက်စပ်တဲ့ အရိုးပြဿနာတွေကို အဖြေရှာရာမှာ အကူအညီပေးနိုင်ပါတယ်။
  • ရိုးတွင်းချဉ်ဆီစစ်ဆေးခြင်း – အခေါင်းပေါက်ပါတဲ့ အပ်တစ်ချောင်းနဲ့ သင့်တင်ပါးဆုံရိုးအနောက်ဘက်က သေးငယ်တဲ့ရိုးတွင်းချဉ်ဆီ အစိတ်အပိုင်းတစ်ခုကိုယူပြီး ၎င်းမှာပါဝင်နေတဲ့ သွေးရည်ကြည်ဆဲလ်ရာခိုင်နှုန်းကို စစ်ဆေးခြင်းဖြစ်ပါတယ်။ MGUS ကနေ ပြင်းထန်တဲ့နောက်ဆက်တွဲပြဿနာ ဖြစ်လာနိုင်ချေရှိတဲ့ လူနာတွေ၊ အကြောင်းအရင်းမရှိဘဲ သွေးအားနည်းနေတဲ့ လူနာတွေ၊ ကျောက်ကပ်အလုပ်မလုပ်နိုင်တဲ့လူနာတွေ၊ အရိုးထိခိုက်ပျက်စီးနေတဲ့လူနာတွေနဲ့ သွေးတွင်းကယ်လ်ဆီယမ်ပမာဏ မြင့်တက်နေတဲ့လူနာတွေမှာသာ ရိုးတွင်းချဉ်ဆီစစ်ဆေးမှု ပြုလုပ်လေ့ရှိကြောင်း လေ့လာသိရှိထားပါတယ်။

နောက်ဆက်တွဲအခြေအနေ မခန့်မှန်းနိုင်တဲ့ monoclonal gammopathy (MGUS) ကို ဘယ်လိုကုသလဲ။

ပုံမှန်အားဖြင့် MGUS ကို အထူးတလည် ကုသစရာမလိုပါဘူး။ ဒါပေမယ့် ရောဂါရှိကြောင်း အဖြေရှာအတည်ပြုပြီး နောက်၆လအကြာကနေစလို့ အချိန်အပိုင်းအခြားအလိုက် ကျန်းမာရေးစစ်ဆေးမှု ပုံမှန်ပြုလုပ်ဖို့ သင့်ဆရာဝန်က အကြံပြုနိုင်ပါတယ်။

သတိပြုစောင့်ကြည့်ခြင်း

အကယ်၍ သင့်မှာ ပြင်းထန်တဲ့ နောက်ဆက်တွဲကျန်းမာရေးပြဿနာဖြစ်ဖို့ အလားအလာများတယ်ဆိုရင် ရောဂါဖြစ်ဖြစ်ခြင်း စောစောသိ၊ စောစောကုသမှု ခံယူနိုင်အောင် ကျန်းမာရေးစစ်ဆေးမှုတွေ မကြာမကြာပြုလုပ်ဖို့ သင့်ဆရာဝန်က အကြံပြုမှာဖြစ်ပြီး အောက်ဖော်ပြပါလက္ခဏာတွေကိုလည်း သတိပြု လေ့လာစောင့်ကြည့်သွားမှာ ဖြစ်ပါတယ်။

  • နာကျင်ကိုက်ခဲခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း၊ အားနည်းခြင်း
  • မိမိအားထုတ်မှုကြောင့်မဟုတ်ဘဲ ကိုယ်အလေးချိန်ကျဆင်းခြင်း
  • အဖျားတက်ခြင်း၊ ညဘက်တွင်ချွေးပြန်ခြင်း
  • ခေါင်းကိုက်ခြင်း၊ မူးဝေခြင်း၊ အာရုံကြောတလျှောက် နာကျင်ကိုက်ခဲခြင်း၊ အမြင်အာရုံ အကြားအာရုံပြောင်းလဲခြင်း
  • သွေးယိုခြင်း
  • သွေးအားနည်းခြင်းနှင့် အခြားသွေးရောဂါများ
  • ပြန်ရည်ကျိတ်များရောင်ရမ်းခြင်း၊ အသည်းရောင်ခြင်း၊ ဘေလုံးကြီးခြင်း
  • ကျောက်ကပ်နှင့်နှလုံးပြဿနာများ

သင့်မှာ အရိုးပွရောဂါရှိလာရင် အရိုးသိပ်သည်းဆမြင့်တက်စေဖို့ alendronate (Binosto, Fosamax), risedronate (Actonel, Atelvia), ibandronate (Bovia), zoledronic acid (Reclast, Zometa) စတဲ့ bisphosphonate အုပ်စုဝင်ဆေးဝါးတစ်မျိုးမျိုး အသုံးပြုဖို့ သင့်ဆရာဝန်က ညွှန်းပေးပါလိမ့်မယ်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက နောက်ဆက်တွဲအခြေအနေ မခန့်မှန်းနိုင်တဲ့ monoclonal gammopathy (MGUS) ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် MGUS ကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ

အကူအညီပေးနိုင်ပါတယ်။

  • ကျန်းမာရေးစစ်ဆေးမှု ပုံမှန်ပြုလုပ်ပါ – ကျန်းမာရေးပုံမှန်စစ်ဆေးခြင်းအားဖြင့် ကင်ဆာလိုမျိုး အန္တရာယ်ရှိတဲ့ နောက်ဆက်တွဲပြဿနာဖြစ်လာခဲ့ရင်လည်း စောစောသိ၊ စောစောကုသမှု ခံယူနိုင်မှာ ဖြစ်ပြီး ကုသမှုရလဒ်ပိုကောင်းမှာ ဖြစ်ပါတယ်။
  • ကျန်းမာရေးနဲ့ညီညွတ်တဲ့ လူနေမှုပုံစံရရှိအောင် ကြိုးစားပါ – ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံ များများစားသုံးခြင်း၊ လုံလောက်တဲ့ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ခြင်း၊ ပြည့်ပြည့်၀၀အိပ်စက်အနားယူခြင်း၊ စိတ်ဖိစီးမှုလျော့ချခြင်းအားဖြင့် MGUS နဲ့ မသက်ဆိုင်တဲ့ ကျန်းမာရေးပြဿနာတွေ ထပ်ဆောင်းဖြစ်လာနိုင်ချေကို လျော့ချနိုင်မှာ ဖြစ်ပါတယ်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနျှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Monoclonal gammopathy of undetermined significance (MGUS). https://www.mayoclinic.org/diseases-conditions/mgus/symptoms-causes/syc-20352362. Accessed November 22, 2017.

Monoclonal Gammopathy of Undetermined Significance (MGUS). http://www.merckmanuals.com/home/blood-disorders/plasma-cell-disorders/monoclonal-gammopathy-of-undetermined-significance-mgus. Accessed November 22, 2017.

ယခုပုံစံ

11/05/2020

Dr. Ye Mhan Linn မှ ရေးသားသည်။

Yun Sandi Nan Mon မှ ပြင်ဆင်ခဲ့ပါသည်။

avatar

Dr. Ye Mhan Linn မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement