backup og meta

သွေးတွင်းအောက်ဆီဂျင်ဓာတ်တိုင်းတာမှုနည်းလမ်းများ

သွေးတွင်းအောက်ဆီဂျင်ဓာတ်တိုင်းတာမှုနည်းလမ်းများ

ကျွန်တော်တို့တွေ အသက်ရှူလိုက်တိုင်းအဆုတ်ထဲကိုအောက်ဆီဂျင်ဓာတ်တွေရောက်ရှိပြီး ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်တွေ ထွက်သွားတာကို လူတိုင်းလိုသိရှိပြီးသားဖြစ်မှာပါ။ သွေးထဲမှာဒီ ဓာတ် (၂) မျိုးမညီမမျှဖြစ်နေရင်ကျန်းမာရေးအရနောက်ဆက်တွဲပြဿနာတွေဝင်လာနိုင်ပါတယ်။ ဒါကြောင့်အခုတစ်ခေါက် မှာသွေးတွင်းအောက်ဆီဂျင်ဓာတ်ပမာဏကို တိုင်းတာပေးနိုင်တဲ့စမ်းသပ်မှုတွေအကြောင်း ပြောပြပေးချင်ပါတယ်။

အခုပြောမယ့်စမ်းသပ်မှုတွေထဲက တချို့စမ်းသပ်မှုတွေက အောက်ဆီဂျင်ဓာတ်၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ် အပြင် အက်စစ်နဲ့အယ်လ်ကာလီဓာတ် (pH) ကိုပါတိုင်းတာပေးနိုင်ပါတယ်။ အက်စစ်နဲ့ အယ်လ်ကာလီဓာတ် တွေသာမန်ထက်များနေရင် (ဒါမှမဟုတ်) နည်းနေရင် အဆုတ်နဲ့ကျောက်ကပ်ကိုထိခိုက်စေပါတယ်။

၁ – Pulse oximetry (လက်ထိပ်ညှပ်သွေးတွင်းအောက်ဆီဂျင်တိုင်းတာစက်)

သွေးကြောတွင်းအောက်ဆီဂျင်ဓာတ်ကို လက်ချောင်းထိပ်မှာတင်ညှပ်ပြီးတိုင်းတာနိုင်တဲ့စက်အသေးစားလေး တွေဖြစ်ပါတယ်။ SPO2 စက်လို့လည်းခေါ်ဆိုပါတယ်။ ဒီစက်တွေရဲ့ကောင်းတဲ့အချက်က ရိုးရှင်းပြီးအသုံးပြုရ လွယ်ကူတယ်၊ ကိုယ့်ဖာသာအိမ်မှာတင်အလွယ်တကူတိုင်းတာနိုင်တယ်၊ သွေးဖောက်စရာမလိုအပ်လို့ နာကျင်မှုမရှိသလို အချိန်တိုအတွင်းအဖြေရရှိနိုင်တာတွေပဲဖြစ်တယ်။ အားနည်းချက်ကတော့ တိကျမှု အားနည်းတယ်၊ လက်ထိပ်မှာညှပ်တိုင်းတာဖြစ်လို့ လက်သည်းဆိုးထားတာတွေ၊ လက်သည်းအတု တပ်ထားတာတွေရှိရင် အဖြေလွဲမှားနိုင်ပါတယ်။

၂ – Blood gas test (သွေးတွင်းဓာတ်ငွေ့ပမာဏစစ်ဆေးမှု)

ပိုမိုတိကျတဲ့စစ်ဆေးမှုဖြစ်ပြီး သွေးတွင်းအောက်ဆီဂျင်ပမာဏ၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏ၊ အက်စစ် နဲ့အယ်လ်ကာလီပမာဏကိုပါ တိုင်းတာပေးနိုင်ပါတယ်။ စစ်ဆေးဖို့အတွက်လိုအပ်တဲ့သွေးကို သွေးလွှတ်ကြော ထဲကနေထုတ်ယူပါတယ်။ သွေးစစ်ဆေးမှုအတော်များများက သွေးပြန်ကြော (vein) ထဲကသွေးနဲ့စစ်ဆေးပေမယ့် သွေးလွှတ်ကြော (artery) ထဲမှာအောက်ဆီဂျင်ပိုမိုပါဝင်တဲ့အတွက် သွေးလွှတ်ကြောကိုရွေးချယ်တာ ဖြစ်ပါ တယ်။

သွေးဖောက်တဲ့အချိန်မှာတော့ နာကျင်မှုနည်းနည်းရှိနိုင်ပြီး ဓာတ်ခွဲစစ်ဆေးချိန်ကလည်း နာရီဝက် လောက် အကြမ်းဖြင်းကြာမြင့်ပါတယ်။ထွက်လာတဲ့ဓာတ်ခွဲအဖြေကိုကြည့်ပြီး လူနာကိုအောက်ဆီဂျင်ပေးဖို့ လိုအပ် မလိုအပ်ဆုံးဖြတ်ပါတယ်။ အသက်ရှူရခက်ခဲနေသူတွေ၊ ခဏခဏမူးမော်အော့အန်တတ်သူတွေ၊ နာတာရှည် အဆုတ်ပြဿနာရှိသူတွေ၊ မူးယစ်ဆေးအလွန်အကျွံသုံးစွဲသူတွေ၊ ကာဗွန်မိုနောက်ဆိုဒ် ဆိပ်သင့်သူတွေနဲ့ အသက်ရှူလမ်းကြောင်းဝေဒနာခံစားနေရတဲ့ မွေးကင်းစကလေးငယ်တွေမှာ ဒီနည်းနဲ့ စမ်းသပ်စစ်ဆေးလေ့ ရှိပါတယ်။

၃ – ရေရှည်အောက်ဆီဂျင်ကုထုံးဖြင့်စစ်ဆေးနည်း

ပန်းနာရင်ကျပ်ဝေဒနာရှင်တွေ၊ နာတာရှည်အဆုတ်ရောဂါရှိသူတွေနဲ့တခြားအဆုတ်ရောဂါဝေဒနာရှင်တွေကို သွေးတွင်းအောက်ဆီဂျင်ပမာဏတိုင်းတာဖို့အသုံးပြုတဲ့နည်းဖြစ်ပါတယ်။ စစ်ဆေးမှုရလဒ်ကိုကြည့်ပြီး အောက်ဆီဂျင်ကုထုံးပေးဖို့လို မလိုဆုံးဖြတ်ပါတယ်။ စစ်ဆေးမှုတွေထဲမှာ Pulse oximeter စက်အသုံးပြုပြီး စစ်ဆေးနည်း၊ အဆုတ်အားကောင်းမကောင်းသိနိုင်ဖို့အတွက် spirometer သုံးပြီးစစ်ဆေးနည်းတွေပါဝင် လေ့ရှိပါတယ်။

တချို့လူနာတွေကအားကစားလုပ်ချိန်၊ လှေကားအတက်အဆင်းလုပ်ချိန်တွေမှာသွေးတွင်း အောက်ဆီဂျင်ပမာဏကျဆင်းသွားလေ့ရှိတဲ့အတွက် ဒီလိုအသေးစိတ်အခြေအနေတွေကအစ တိုင်းတာဖို့ လိုအပ်နိုင်ပါတယ်။ သွေးတွင်းအောက်ဆီဂျင်ပမာဏက ပုံမှန်ထက်နည်းနေပြီး အောက်ဆီဂျင်ပိုက်နဲ့အသက်ရှူ ဖို့လိုအပ်တယ်လို့ယူဆရင် blood gas test လုပ်ပြီးထပ်စစ်ဆေးပါတယ်။ ရလာတဲ့အဖြေတွေကိုနှိုင်းယှဉ်ကြည့်ရှု ပြီး လူနာကိုလိုအပ်တဲ့အောက်ဆီဂျင်ပေးမှာဖြစ်ပါတယ်။

၄ – Hypoxic challenge test (အဆုတ်ဝေဒနာရှိသူများအား လေယာဉ်စီးရန် အဆင်ပြေ/မပြေစမ်းသပ်ခြင်း)

ဒီစမ်းသပ်မှုကနည်းနည်းထူးခြားသလိုလူတိုင်းလည်းလုပ်ဖို့မလိုအပ်ပါဘူး။ တကယ်လို့သင်ကအသက်ရှူ လမ်းကြောင်းဆိုင်ရာပြဿနာတစ်ခုခုရှိသူဖြစ်ခဲ့ရင်တော့ တစ်နေရာရာသွားဖို့လေယာဉ်မစီးခင်ဒီစစ်ဆေးမှုလုပ်ဖို့ လိုအပ်နိုင်ပါတယ်။ စစ်ဆေးမှုလုပ်ရတဲ့အဓိကရည်ရွယ်ချက်ကတော့ လေယာဉ်ထဲမှာရှူရတဲ့အောက်ဆီဂျင်က လေထုထဲကရတဲ့အောက်ဆီဂျင်လောက်မများပါဘူး။

လေထုထဲမှာအောက်ဆီဂျင် ၂၁% ပါပြီး လေယာဉ်ထဲ မှာတော့ ၁၅%ပဲပေးထားပါတယ်။ ပုံမှန်သူတွေကတော့ ဒီလောက်ပမာဏအပြောင်းအလဲမှာမသိသာပေမဲ့ နဂိုတည်းကအဆုတ်အားနည်းတဲ့သူတွေအတွက်တော့ အန္တရာယ်ရှိနိုင်ပါတယ်။ လုံလောက်တဲ့အောက်ဆီဂျင် မရတော့ရင်နှလုံးဖောက်တာအပြင် တခြားနောက်ဆက်တွဲပြဿနာတွေကြုံရနိုင်တဲ့အတွက် လေယာဉ်မစီးခင် hypoxic challenge test ပြုလုပ်ဖို့လိုအပ်ပါတယ်။ ဒီစစ်ဆေးမှုကို fitness to fly test လို့လည်းသိကြပါတယ်။

ဒီစမ်းသပ်မှုကို blood gas test နဲ့တွဲလုပ်ပါတယ်။ စမ်းသပ်မှုမလုပ်ခင်မှာသွေးကြောထဲကသွေးနမူနာထုတ်ယူ ထားပါတယ်။ စမ်းသပ်မှုပြုလုပ်ချိန်မှာ လူနာအနေနဲ့လေယာဉ်ထဲမှာပေးတဲ့အောက်ဆီဂျင် ၁၅% ကိုပဲရှူရှိုက်ရပြီး ဒီအချိန်မှာ လူနာရဲ့အသက်ရှူနှုန်းနဲ့ နှလုံးခုန်နှုန်းကိုစောင့်ကြည့်ပါတယ်။ စမ်းသပ်မှုပြီးရင် သွေးစစ်ဆေးမှုတစ်ခါ ထပ်လုပ်ပါတယ်။ ဆရာဝန်အနေနဲ့ ရလာတဲ့သွေးအဖြေတွေကိုနှိုင်းယှဉ်ကြည့်ပြီး လူနာအခြေအနေက လေယာဉ်နဲ့ခရီး သွားဖို့သင့်တော်မှုရှိ မရှိဆုံးဖြတ်ပါတယ်။ အရမ်းစိုးရိမ်စရာမလိုတဲ့လူနာတွေဆိုရင်တော့ လေယာဉ်စီးချိန်မှာအောက်ဆီဂျင်ပိုက်တပ်ပြီး စီးနင်းနိုင်မှာပါ။

Dr. Htoo Tint

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.blf.org.uk/support-for-you/breathing-tests/tests-measure-oxygen-levels

https://medlineplus.gov/lab-tests/blood-oxygen-level/

https://www.health.harvard.edu/staying-healthy/oxygen-saturation-test

ယခုပုံစံ

01/12/2021

Dr. Thiha Phyo Myint မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုဗစ်ကာလမှာ လူတိုင်းသိချင်နေမယ့် ပုံမှန်အောက်ဆီဂျင်ပမာဏဆိုတာ ဘာလဲ

သွေးတွင်း အောက်ဆီဂျင် မကျစေဖို့


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 01/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement