backup og meta

ကိုဗစ်ကာလ အိမ်တိုင်းဆောင်ထားသင့်တဲ့ ကျန်းမာရေးကိရိယာ


Aye Thi Mon မှ ရေးသားသည်။ · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုဗစ်ကာလ အိမ်တိုင်းဆောင်ထားသင့်တဲ့ ကျန်းမာရေးကိရိယာ

    အရင်က သွေးပေါင်ချိန်တာ။ သွေးချိုတိုင်းတာ စတဲ့ စက်တွေကိုပဲ သုံးပေမယ့် ကိုဗစ်ကာလမှာတော့ ဆောင်ထားသင့်တဲ့ အိမ်တွင်းသုံး ကျန်းမာရေးကိရိယာလေးတစ်ခု တိုးလာခဲ့ပါတယ်။ ဒါကတော့ Pulse oximeter ပါ။

    Pulse oximeter ဒီကာလမှာ မဖြစ်မနေ သိထားသင့်တဲ့ သွေးတွင်းအောက်ဆီဂျင်ပမာဏ ပုံမှန် ဖြစ်ရဲ့လားဆိုတာကို စမ်းသပ်အဖြေထုတ်ပေးတဲ့ ကိရိယာလေးပေါ့။ အိမ်မှာတင် အလွယ်တကူ အသုံးပြုလို့ရတယ်။

    အရေပြားကို ဖောက်စရာမလိုဘဲ ကိုယ်တွင်းက အောက်ဆီဂျင်ပမာဏ၊ သွေးတွင်းအောက်ဆီဂျင်ပမာဏကို တိုင်းတာပေးပါတယ်။ အောက်ဆီဂျင်ပမာဏ ပြောင်းလဲနေတာလားဆိုတာကို ချက်ချင်း အဖြေထုတ်ပေးနိုင်ပါတယ်။

    pulse oximeter ဆိုတာ ဘာလဲ။

    pulse oximeter ဆိုတာက ညှပ်လေးနဲ့ တူတဲ့ ကိရိယာသေးသေးလေးပါ။ လက်ညှိုး၊ နားရွက်နဲ့ ခြေချောင်းလိုမျိုး ခန္ဓာကိုယ် အစိတ်အပိုင်းလေးတွေမှာ တပ်ဆင်ပြီး သွေးတွင်းအောက်ဆီဂျင်ပမာဏကို တိုင်းတာနိုင်ပါတယ်။ များသောအားဖြင့်ကတော့ လက်ချောင်းလေးတွေမှာ တပ်ဆင် အသုံးပြုတာ များပါတယ်။ အရေးပေါ် စောင့်ရှောက်ပေးတဲ့ နေရာမှာ အသုံးပြုတာများပါတယ်။

    ဒါပေမယ့် ဒီအတိုင်း အိမ်မှာဆောင်ထားပြီး သွေးတွင်းအောက်ဆီဂျင်ပမဏကို တိုင်းတာလို့လည်း ရပါတယ်။

    pulse oximeter ကို ဘာအတွက် အသုံးပြုလို့ရလဲ။

    ဒီကိရိယာလေးက ကိုယ်တွင်းက အောက်ဆီဂျင်ပမာဏကို စစ်ဆေးပေးတာဖြစ်ပြီး  နှလုံးကနေ ခန္ဓာကိုယ်အနှံ့ကို အောက်ဆီဂျင် ပေးပို့တဲ့ပမာဏကို စစ်ဆေးပါတယ်။

    pulse oximeter ကို ဘယ်လို အသုံးပြုရတာလဲ။

    pulse oximeter ကို အသုံးပြုမယ်ဆိုရင် လက်ညှိုး၊ နားရွက်အဖျားလေး၊ ခြေချောင်းတို့မှာ ညှပ်ကလေးကို ညှပ်လိုက်ပါ။ မီးလေး လင်းလာပြီး သွေးတွင်းအောက်ဆီဂျင်ပမာဏကို တိုင်းတာပါလိမ့်မယ်။ နာကျင်မှု လုံးဝမရှိပါဘူး။

    ဒီ ကိရိယာလေးက သွေးတွင်း အောက်ဆီဂျင် ပါဝင်မှု ပမာဏ အပြင် နှလုံးခုန်နှုန်းကိုပါ စစ်ဆေးပေးပါတယ်။

    pulse oximeter ကို ကျန်းမာတဲ့သူရော ရောဂါတစ်ခုခု ခံစားနေရသူတွေမှာပါ အသုံးပြုနိုင်ပါတယ်။ နေအိမ်မှာ ကိုယ်တိုင် အသုံးပြုလို့ရပါတယ်။ pulse oximeter အသုံးပြုတော့မယ်ဆိုရင် အရင်ဆုံး

    pulse oximeterကို လက်ညှိုး၊ နားရွက်ဖျား၊ ခြေချောင်း တစ်ခုခုမှာ တပ်ဆင်ပါ။ နည်းနည်းလေး ဖိအား ရှိတာကို ခံစားရပါမယ်။ ဒါပေမယ့် နာကျင်တာ၊ ထုံတာမျိုး ခံစားရမှာ မဟုတ်ပါဘူး။

    လက်မှာ လက်သည်းနီဆိုးထားမယ်ဆိုရင် လက်သည်းနီကို ဖျက်ပစ်ပါ။ လက်သည်းနီ မဆိုးထားတဲ့ လက်ကို အသုံးပြုပါ။ လက်သည်းနီက အောက်ဆီဂျင်ပမာဏအဖြေအပေါ် သက်ရောက်နိုင်လို့ပါ။

    လက်ညှိုးက သန့်စင်နေဖို့လည်း လိုပါမယ်။ လှုပ်ရှားမှု၊ အပူချိန်၊ အလင်းစူးတာတွေက အဖြေပေါ်မှာ သက်ရောက်မှု ရှိနိုင်တယ်ဆိုတာကို သတိပြုစေချင်ပါတယ်

    စစ်ဆေးမှုပြီးတာနဲ့ ကိရိယာကို လက်က ဖြုတ်လိုက်လို့ ရပါတယ်။ ဒီတိုင်းတာမှုက များသောအားဖြင့်တော့ တိကျပါတယ်။ ဒါပေမယ့် ၂% အတိုးအလျော့တော့ ရှိနိုင်ပါတယ်။  ဥပမာ အောက်ဆီဂျင်ပမာဏက ၉၇ ဆို အမှန်က ၉၉ % ဖြစ်နိုင်သလို ၉၅ % လည်း ဖြစ်နိုင်ပါတယ်။ ၂ တိုး၊ ၂ လျော့တွက်ရပါမယ်။

    စစ်ကြည့်တဲ့အခါ သွေးတွင်းအောက်ဆီဂျင် အနေအထားက ၉၅ % ကနေ ၁၀၀ % အနေအထားမှာရှိနိုင်ပါတယ်။ ဒါက ပုံမှန် အနေအထား တစ်ရပ်လို့ ဆိုရပါမယ်။ ကျန်းမာတဲ့ သွေးတွင်းအောက်ဆီဂျင်ပမာဏပေါ့။

    တကယ်လို့ သွေးတွင်းအောက်ဆီဂျင်ပမာဏက ၉၅% နဲ့ အဲ့ပမာဏအောက်ရောက်နေမယ်ဆိုရင်တော့ သွေးတွင်းအောက်ဆီဂျင်ပမာဏ ကျနေတာပါ။

    ဒီအခြေအနေဆို ကုသမှုခံယူပါ။

    သွေးတွင်းအောက်ဆီဂျင် ကျတာနဲ့အတူ အခုလို လက္ခဏာတွေ ခံစားရမယ်ဆိုရင် အမြန်ဆုံး ကုသမှု ခံယူဖို့ လိုပါမယ်။

    • ပြင်းထန်တဲ့ အသက်ရှူ ပြတ်တောင်း ပြတ်တောင်းဖြစ်တာကို ရုတ်တရက် ခံစားရမယ်ဆိုရင်
    • အနားယူနေစဉ်မှာ အသက်ရှူရ ပြတ်တောင်းပြတ်တောင်း ဖြစ်လာရင်
    • အနားယူနေပေမယ့် အသက်ရှူ မဝသလို ခံစားလာရရင်
    • လေ့ကျင့်ခန်း လုပ်နေစဉ်၊ ကိုယ်လက်လှုပ်ရှားမှု လုပ်နေစဉ် အသက်ရှူ ရခက်လာရင်
    • အသက်ရှူ ရကျပ်လို့ ရုတ်တရက် လန့်နိုးလာမယ်ဆိုရင်
    • နင်နေသလို ခံစားရရင်
    • ချောင်းဆိုးရင်း အသက်ရှူ ကျပ်လာရင်
    • နှလုံးမြန်ရင်း အသက်ရှူ ကျပ်နေတာဆိုရင်
    • ဖောရောင်မှုနဲ့အတူ အသက်ရှူရခက်လာရင် နီးစပ်ရာ ကုသမှုပေးနိုင်တဲ့နေရာကို အမြန်ဆုံး သွားရောက်ပါ။

    [covid_19]

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 07/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement