backup og meta

Stroke ( လေဖြတ်ခြင်း )

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 22/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    Stroke ( လေဖြတ်ခြင်း )

    လေဖြတ်ခြင်း ဆိုသည်မှာ ဦးနှောက်၏ အစိတ်အပိုင်း တစ်ခုဆီသို့ သွေးစီးဆင်းမှု အနှောင့်အယှက်ဖြစ်လျှင်သော်လည်းကောင်း၊ လွန်စွာ လျော့နည်းလျှင်သော်လည်းကောင်း ဖြစ်တတ်ပါတယ်။ တစ်ခါတစ်ရံ Brain attack ဟုခေါ်ပါတယ်။ မိနစ်ပေါင်းလောက် သွေးစီးဆင်းမှု နည်းပါက ဦးနှောက်၏ တစ်ရှူးများထံ အောက်စီဂျင်နှင့် အာဟာရများ ရောက်မှု နည်းသွားပါတယ်။ ထိုအခါ ဦးနှောက် ဆဲလ်များ သေဆုံးသွား နိုင်ပါတယ်။

    Stroke (လေဖြတ်ခြင်း)က ဘယ်လောက်အဖြစ်များသလဲ

    အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။ ရောဂါဖြစ်ပွားနိုင်တဲ့အချက်အလက်တွေကို ကာကွယ်ခြင်းအားဖြင့် ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။

    Stroke (လေဖြတ်ခြင်း) ရဲ့လက္ခဏာတွေကဘာတွေလဲ

    လေဖြတ်ခြင်းရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့

    -ခန္ဓာကိုယ် တစ်ခြမ်းရှိ မျက်နှာ၊ လက် သို့မဟုတ် ခြေထောက်တို့ ရုတ်တရက် အားနည်းလာခြင်း၊ ထုံကျင်လာခြင်း

    -လက်နှစ်ဘက်ကိုခေါင်းပေါ် ပြိုင်တူမြှောက်ကြည့်ပါက လေဖြတ်သောလက်မှာ အောက်သို့ပြန်ကျသွားပါလိမ့်မယ်။ အလားတူပင်

    – ပြုံးပြသောအခါ ပါးစပ်ရဲ့ တစ်ခြမ်းမှ သွားရည်ကျခြင်း၊ ရုတ်တရက် အမြင်အာရုံနှင့် အခြားသော အာရုံခံစားမှုများ ချို့ယွင်းခြင်း၊ စကားမပြောနိုင်တော့ခြင်း၊ စကားပြော မပီသခြင်း၊ သူများ စကားပြောသောအခါ နားမလည်ခြင်း တို့ဟာလည်း လေဖြတ်ခြင်းရဲ့ လက္ခဏာများ ဖြစ်ပါတယ်။ အချိန်ကြာလာသည်နှင့် အမျှ ထိုလက္ခဏာများ ပိုမိုဆိုးလာပါသည်။

    -ရုတ်တရက် အမြင်အာရုံဆုံးရှုံးခြင်းမှာ မျက်လုံးတစ်ဘက်တွင်သာ အဖြစ်များပါတယ်။ အမြင် အာရုံဝေဝါးခြင်း၊ နှစ်ထပ်မြင်ခြင်း တို့လည်းဖြစ်တတ်ပါတယ်။ ရုတ်တရက် ခန္ဓာကိုယ်ကို ဟန်ချက်ညီအောင် မထိန်းနိုင်တော့ခြင်း၊ ပျို့အန်ခြင်း၊ ဖျားခြင်း၊ ကြို့ထိုးခြင်း၊ မြိုချရ ခက်ခဲခြင်း တို့ကိုလည်းတွေ့နိုင်ပါတယ်။

    -ရုတ်တရက် သတိလစ်၍ လဲကျသွားခြင်းဟာလည်း လေဖြတ်ခြင်း ရဲ့ လက္ခဏာတစ်ခုပါပဲ။

    Stroke (လေဖြတ်ခြင်း)ကိုဘာတွေက ဖြစ်စေသလဲ

    သွေးကြော ပိတ်လျှင်သော်လည်းကောင်း၊ သွေးကြောပေါက်ခြင်း/သွေးယိုခြင်းကြောင့်သော်လည်းကောင်း လေဖြတ်ခြင်းဖြစ်ရပါတယ်။  ဦးနှောက်သို့ သွေးစီးဆင်းမှု ခဏပြတ်သွားတဲ့အခြေအနေကိုတော့ Transient ischemic attack (လေဖြန်းခြင်း)လို့ခေါ်ပါတယ်။

    • သွေးလွှတ်ကြော ပိတ်သောကြောင့် လေဖြတ်ခြင်း

    ဦးနှောက်သို့ စီးဆင်းသော သွေးလွှတ်ကြောမျာ ပိတ်ခြင်း၊ ကျဉ်းခြင်း၊ သွေးအရောက် အလွန်နည်းခြင်း တို့ကြောင့် လေဖြတ်ခြင်းဖြစ်ပါတယ်။ အဖြစ်အများဆုံးများမှာ

    -Thrombotic stroke- ဦးနှောက်ထဲတွင် စီးဆင်းသော သွေးလွှတ်ကြော တစ်ခုခုတွင် သွေးခဲပိတ်ဆို့၍ ဖြစ်သော လေဖြတ်ခြင်းမျိုးဖြစ်ပါတယ်။ ပိတ်ဆို့သော အရာမှာ အဆီများစုပြုံခြင်းလည်းဖြစ်နိုင်ပါတယ်။ atherosclerosis ဟုခေါ်ပါတယ်။

    -Embolic stroke-  နဂိုအခံနှလုံးရောဂါ တစ်ခုခုကြောင့် သွေးခဲ ရုတ်တရက် ပြုတ်ထွက်ကာ ဦးနှောက်သွေးကြောထဲ သွားပိတ်ခြင်းဖြင့် လေဖြတ်ခြင်းကို ဖြစ်စေခြင်းဖြစ်ပါတယ်။ ထိုသွေးခဲကို embolus ဟုခေါ်ပါတယ်။

    • သွေးကြောပေါက်ခြင်းကြောင့် လေဖြတ်ခြင်း

    ဦးနှောက်ထဲရှိ သွေးကြော တစ်ခုခု သွေးယိုခြင်း၊ ပေါက်ခြင်း တို့ကြောင့်ဖြစ်ပါတယ်။ သွေးအလွန်တိုးခြင်း၊ သွေးခဲပျော်ဆေးများသောက်နေရခြင်း၊ သွေးကြောနံရံများတွင် အားပျော့သော နေရာလေးများရှိခြင်း တို့ကြောင့် ဖြစ်ရခြင်းဖြစ်ပါတယ်။ မွေးရာပါ အလွန်ပါးသော သွေးကြောများ ပေါက်ခြင်းကြောင့် လည်းဖြစ်တတ်ပါတယ်။ သို့သော် ရှားပါတယ်။ ဦးနှောက်သွေးယိုခြင်း အမျိုးအစားများမှာ

    Intracerebral hemorrhage– ဦးနှောက်ထဲရှိ သွေးကြောပေါက်ကာ ဘေးရှိ ဦးနှောက်တစ်ရှူးများသို့ သွေးများဝင်ရောက်ခြင်းဖြစ်ပါတယ်။သွေးတိုးခြင်း၊ ဦးခေါင်းပိုင်းထိခိုက်ခြင်း၊ သွေးကြောများ ပုံမှန်မဟုတ်သော ရောဂါဖြစ်ခြင်း၊ သွေးကြဲဆေးများ သုံးစွဲနေခြင်း စသည်တို့ကြောင့် ဦးနှောက်သွေးယိုတတ်ပါတယ်။

    Subarachnoid hemorrhage– ဦးနှောက် ၏မျက်နှာပြင်ပေါ် သို့မဟုတ် မျက်နှာပြင်အနီးရှိ သွေးလွှတ်ကြောတစ်ခု ပေါက်ခြင်းကြောင့် ဦးနှောက်နှင့် ဦးခေါင်းခွံကြားနေရာထဲသို့ သွေးများဝင်သွားခြင်းဖြစ်ပါတယ်။ ရုတ်တရက် ပြင်းထန်စွာ ခေါင်းကိုက်ခြင်းကို ဖြစ်စေပါတယ်။

    Stroke (လေဖြတ်ခြင်း)ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

    လေဖြတ်နိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

    • အဝလွန်ခြင်း
    • ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း
    • အရက် လွန်စွာ သောက်သုံးခြင်း
    • မူးယစ်ဆေးများ သုံးစွဲခြင်း
    • သွေးတိုးရောဂါရှိခြင်း
    • ဆေးလိပ်သောက်ခြင်း နှင့် ဆေးလိပ်ငွေ့မကြာခဏ ရှူရခြင်း
    • သွေးတွင်း အဆီဓာတ်များခြင်း
    • ဆီးချိုရောဂါရှိခြင်း
    • အိပ်ဟောက်ရှူရပ် ရောဂါရှိခြင်း
    • နှလုံးနှင့် သွေးကြောဆိုင်ရာ ရောဂါများ ရှိခြင်း (မွေးရာပါနှလုံး ရောဂါ၊ နှလုံးခုန်နှုန်း ပုံမမှန်ခြင်း၊ ပိုးဝင်ခြင်း)
    • မိသားစုဝင်ထဲတွင် လေဖြတ်ရောဂါ၊ နှလုံးရောဂါ သို့  လေဖြန်းဖူးခြင်း
    • အသက် ၅၅ နှစ်နှင့် အထက်ဖြစ်ခြင်း
    • အမျိုးသမီးများတွင် သန္ဓေတားဆေးများ သို့မဟုတ် ဟော်မုန်းပါသောဆေးများ ရေရှည်သုံးစွဲခြင်း

    Stroke (လေဖြတ်ခြင်း)ကို ဘယ်လိုအတည်ပြုပါသလဲ

    လူနာအား ရောဂါရာဇဝင်မေးမြန်းခြင်း၊ စမ်းသပ်ခြင်းပြုလုပ်ပြီး လိုအပ်တဲ့ စစ်ဆေးချက်များ ဆက်လုပ်ပါတယ်။

    • ပထမဆုံးပြုလုပ်တာကတော့ ကွန်ပြူတာ ဓာတ်မှန်ဖြစ်ပါတယ်။ ထိုဓာတ်မှန်ဖြင့် ဦးနှောက်ထဲ သွေးယိုမှုကို သိမြင်နိုင်ပါတယ်။ သွေးကြောပိတ်ခြင်းကြောင့်လား၊ သွေးကြောပေါက်ခြင်းကြောင့်လား ဆိုတာကိုလည်း ခွဲခြားသိနိုင်ပါတယ်။
    • သံလိုက်ဓာတ်မှန် ကိုလည်း CT အစား အသုံးပြုနိုင်ပါတယ်။
    • သွေးကြောပိတ်ခြင်းကြောင့် လေဖြတ်ပါက ECGကို နှလုံးအတွက် စစ်ဆေးရပါတယ်။

    အောက်ပါတို့ကို သွေးဖောက်စစ်ဆေးခြင်းဖြင့် လေဖြတ်ခြင်းနှင့် ဆင်တူတဲ့ အခြားရောဂါများကို သိရှိနိုင်ပြီး လေဖြတ်ခြင်းသေချာပါက မည်သည့် ကုသမှုပေးနိုင်မည်ကိုပါ သိနိုင်ပါတယ်။

  • သွေးဆဲလ်များ စစ်ဆေးခြင်း
  • သွေးထဲရှိ သကြားဓာတ်
  • သွေးထဲရှိ ဓာတ်ဆားဓာတ်များ စစ်ဆေးခြင်း
  • အသည်းနှင့် ကျောက်ကပ် စွမ်းဆောင်နိုင်စွမ်း
  • သွေးခဲရန် အချိန်မည်မျှ ကြာမည်ကို စစ်ဆေးခြင်း
  • Stroke (လေဖြတ်ခြင်း)ကို ဘယ်လိုကုသပါသလဲ

    သွေးကြောပိတ်ခြင်းကြောင့်လား၊ သွေးကြောပေါက်ခြင်းကြောင့်လား အပေါ် မူတည်ပါတယ်။

    သွေးကြောပိတ်ခြင်းကြောင့် လေဖြတ်ခြင်း

    ဦးနှောက်သို့ သွေးလျင်မြန်စွာ ပြန်ရနိုင်ရန်

    -လေဖြတ်ပြီး ၃ နာရီအတွင်း သွေးခဲဖျော်ဆေးကို သွေးပြန်ကြောမှ တစ်ဆင့် ပေးပါတယ်။ ပိုမြန်လျှင် ပိုကောင်းပါတယ်။ အသက်ရှင်နိုင်ချေကို မြင့်တက်စေပြီး နောက်ဆက်တွဲ ဆိုးကျိုးများကို လျော့ချပေးပါတယ်။

    • Aspirin – နောက်ထပ် လေဖြတ်ခြင်း ထပ်မဖြစ်ရန် အရေးပေါ် ခန်းထဲတွင် ချက်ချင်းပေးသော ဆေးဖြစ်ပါတယ်။ သူဟာ သွေးခဲခြင်းကို ကာကွယ်ပေးပါတယ်။
    • Tissue plasminogen activator(TPA) ကိုလက်မောင်း သွေးပြန်ကြောမှ တစ်ဆင့် ထိုးသွင်းခြင်း- လေဖြတ်ပြီး ၄ နာရီခွဲ အတွင်းပေးရသော ကုသနည်းဖြစ်ပါတယ်။ လေဖြတ်ခြင်းကို ဖြစ်စေတဲ့ သွေးခဲကို ပျော်စေပါတယ်။ မြန်မြန်ပြန် သက်သာစေပါတယ်။ ဦးနှောက်ထဲတွင် မည်သည့်သွေးယိုစိမ့်ခြင်းမှ မရှိပါမှ အသုံးပြုရသော နည်းလမ်းဖြစ်ပါတယ်။

    -အရေးပေါ် ကုသနည်းများ

    သေးငယ် ရှည်လျားသော ပိုက်ပျော့ တစ်ခုကို ပေါင်ရှိသွေးကြောမှ တစ်ဆင့် ဦးနှောက်သွေးကြောပိတ်သော နေရာထိထည့်သွင်းခြင်းဖြစ်ပါတယ်။ ထိုပိုက်တွင် သွေးခဲဖျော်ရန် ကိရိယာလေးပါ သွားပါတယ်။

    -အခြားနည်းလမ်းများ

    • ဆရာဝန်မှ အဆီများဖြင့် ပိတ်ဆို့နေသော သွေးလွှတ်ကြောကို ဖွင့်ချခြင်း
    • Carotid endarterectomy – ခွဲစိပ်ဆရာဝန်မှ လည်ပင်း၏ တစ်ဘက်တစ်ချက်ရှိ သွေးလွှတ်ကြောများထဲမှ ပိတ်ဆို့နေသော အရာများကို ဖယ်ထုတ်ခြင်း။ ၄င်းသည် နောက်ထပ် လေဖြတ်ခြင်း ဖြစ်နိုင်ချေကိုပါ လျော့နည်းစေပါတယ်။ သို့သော် နှလုံးရောဂါ ရှိသော သူများတွင် လုပ်ရန် မသင့်တော်ပါ။
    • Angioplasty and stents- ထိပ်တွင် ဘောလုံးလေးပါသောကိရိယာကို ပေါင်ခြံ သွေးကြောမှ တစ်ဆင့် လည်ပင်းသွေးလွှတ်ကြောများ အထိထိုးသွင်းကာ ထိုဘောလုံးလေးကို ချဲ့ခြင်းဖြင့် သွေးကြောချဲ့ခြင်းဖြစ်ပါတယ်။ ထို့နောက် stent ကိုထည့်ခြင်းပဲ ဖြစ်ပါတယ်။

    သွေးကြောပေါက်ခြင်းကြောင့် လေဖြတ်ခြင်း

    အရေးကြီးဆုံးမှာ သွေးတိတ်အောင်ထိန်းရန်နှင့် ဦးနှောက်ထဲ သွေးယိုခြင်း လျှော့ချရန် ဖြစ်ပါတယ်။

    • Warfarin and clopidogrel ကဲ့သို့ သွေးခဲပျော်ဆေးများ သုံးနေပါက သွေးကျဲခြင်းကို ခုခံရန် ဆေး သို့မဟုတ် သွေးပစ္စည်းများ အကြောထဲသွင်း ရနိုင်ပါတယ်။ ထို့ပြင် ဦးနှောက်တွင်း သွေးတိုးမှုကို လျော့နည်းစေရန်၊ တက်ခြင်းကို ကာကွယ်ရန် ဆေးများလည်း အသုံးပြုရနိုင် ပါတယ်။

    -သွေးတိတ်ပါက ဂရုစိုက် ထောက်ပံ့မှုများ လိုအပ်ပါတယ်။ သွေးယိုသော နေရာကြီးပါက သွေးတိတ်ရန်၊ ဦးနှောက်တွင်း သွေးမတိုးစေရန် ခွဲစိတ်ခြင်းကို ပြုလုပ်ရနိုင်ပါတယ်။

    -ခွဲစိတ်ကုသနည်းများကို သွေးကြောပုံမမှန်ခြင်း အခြေအနေများဖြစ်တဲ့ aneurysm or arteriovenous malformation တို့တွင် ပြုလုပ်လေ့ရှိပါတယ်။

    • Surgical clipping- ခွဲစိပ်ကာ သွေးယိုနေသော သွေးကြောနေရာကို Clip သေးသေးဖြင့် ညှပ်ခြင်း
    • Coiling( endovascular embolization) – သေးငယ် ရှည်လျားသော ပိုက်ပျော့ တစ်ခုကို ပေါင်ရှိ သွေးကြောမှ တစ်ဆင့် ဦးနှောက် သွေးကြောပေါက်သော နေရာထိထည့်သွင်းကာ ဓာတ်မှန်သုံး၍ အပေါက်ကို coil ဖြင့်ဖြည့်ခြင်း
    • Surgical AVM removal- သွေးကြောပေါက်၍ လေဖြတ်သွားသော ဦးနှောက်နေရာ သေးငယ်ပါက/အပေါ်ယံသာဖြစ်ပါက ခွဲစိတ်ဖယ်ထုတ်နည်းကိုသုံးပါတယ်။
    • Intracranial bypass- ဦးနှောက်တွင်း သွေးကြောကို ခွဲစိတ်၍ လမ်းလွှဲခြင်း
    • Stereotactic radiosurgery- ပိုမိုကောင်းမွန် အဆင့်မြင့်တဲ့၊ အနည်းငယ်သာ ခွဲစိပ်ရန်လိုတဲ့ နည်းလမ်းတစ်မျိုးဖြစ်ပါတယ်။ သွေးကြောပုံမမှန်ခြင်းများ ကို ကုသခြင်းဖြစ်ပါတယ်။

    လူနာအခြေအနေပေါ် မူတည်ပြီး သင့်တော်တဲ့ နည်းလမ်းများနဲ့ ကုသပေးသွားမှာပဲ ဖြစ်ပါတယ်။

    Takeaways

    လေဖြတ်ခြင်း သည် အရေးပေါ်အခြေအနေ ဖြစ်ပါတယ်။ စောစောသိပြီး ဆေးရုံကို မြန်မြန်ရောက်ရင် ကုသမှုခံယူနိုင်ပြီး လူနာအသက်ရှင်နှုန်း များနိုင်ပါတယ်။ ကိုယ့်မှာ လေဖြတ်နိုင်တဲ့ အချက်တွေ ရှိနေရင်လည်း ကြိုပြီး ကာကွယ်ထားဖို့ အကြံပြုချင်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 22/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement