Pneumonia ( နမိုးနီးယား )ဆိုတာ အဆုတ် ဘယ်ခြမ်း သို့ ညာခြမ်း သို့ တစ်ခုလုံးကို ပိုးဝင်တဲ့ ရောဂါဖြစ်ပါတယ်။ နမိုးနီးယားဖြစ်စေသော ရောဂါပိုးများစွာရှိပါတယ်။ ကူးစက်ခံရသော အဆုတ်မှ အရည်များစိမ့်ထွက်ပြီး ဆဲလ်သေများကို ခွာချတဲ့အခါ လေအိတ်ငယ်များကို ပိတ်စေပါတယ်။ ဒါကြောင့် အဆုတ်မှ အောက်စီဂျင်ယူပြီး သွေးဆီသွင်းပေးရန် ခက်ခဲသွားပါတယ်။ အောက်စီဂျင်မလုံလောက်လျှင် သင့်ခန္ဓာကိုယ်လည်း ကောင်းကောင်း အလုပ်လုပ်နိုင်မှာ မဟုတ်တော့ပါဘူး။
Pneumonia (နမိုးနီးယား) ရဲ့ လက္ခဏာတွေက ဘာတွေလဲ
နမိုးနီးယားရဲ့ အဖြစ်အများဆုံးရောဂါလက္ခဏာတွေကတော့
- ချောင်းအလွန်ဆိုးတာ
- ဖျားတာ
- ချမ်းတုန်တာ
- အသက်ရှူမဝတာ
- ရင်ဘတ်စူးအောင့်တာ (အသက်ပြင်းပြင်းရှူတဲ့အချိန်၊ ချောင်းဆိုးတဲ့အချိန်ဆို ပိုဆိုးတာ)
- ခေါင်းကိုက်တာ
- အစားအသောက်ပျက်တာ
- အလွန်အမင်းမောပန်းတာ
- ပျို့တာ၊ အန်တာ စတာတွေပဲ ဖြစ်ပါတယ်။
အထက်က ဖော်ပြထားသည့်အထဲမှာ မပါဝင်သေးတဲ့ အခြားလက္ခဏာများလည်း ရှိနိုင်ပါသေးသည်။ တကယ်လို့ ကိုယ့်ဆီမှာ ပုံမှန်မဟုတ်တဲ့ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေတယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါသည်။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
အောက်ဖော်ပြပါ အချက်အလက်များထဲမှ တစ်ခုခုရှိခဲ့လျှင် ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
- ချမ်းတုန်ပြီး ရက်ရှည်ဖျားခြင်း
- ရင်ဘတ်အောင့်ခြင်း၊ အသက်ရှူရခက်ခြင်း
- ချောင်းဆိုးလျှင် သလိပ်ပါ၊ သွေးပါဖြစ်ခြင်း
- အသက်ရှူမဝဘဲ ခက်ခက်ခဲခဲ ရှူနေရခြင်း
- လူနာက အသက်ငယ်လွန်းလျှင် (၅ နှစ်) သို့မဟုတ် ကြီးလွန်းလျှင် (၆၅နှစ်)
Pneumonia (နမိုးနီးယား) ဖြစ်စေသည့် အကြောင်းရင်းများ
အကြောင်းရင်းတွေ အများကြီးရှိပေမယ့် အဓိကကတော့ ၃မျိုးပါပဲ။
- ဘက်တီးရီးယား နမိုးနီးယား – ဘက်တီးရီးယားများကြောင့်ဖြစ်ရပြီး တိုက်ရိုက်ပိုးဝင်တာ ဒါမှမဟုတ် အအေးမိ၊ တုပ်ကွေးဖြစ်ပြီး နောက်ဆက်တွဲအနေနဲ့ ဖြစ်လာခြင်း ဖြစ်နိုင်ပါတယ်။
- ဗိုင်းရပ်စ် နမိုးနီးယား – များသောအားဖြင့် မပြင်းထန်ဘဲ အချိန်တိုအတွင်း ပျောက်သွားတတ်ပါတယ်။ ဒါပေမယ့် တုပ်ကွေးဗိုင်းရပ်စ်ကြောင့်ဆိုရင်တော့တစ်ခါတလေ ပြင်းထန်ပြီး သေနိုင်သည်အထိ ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ၊ နှလုံး၊ အဆုတ် ရောဂါအခံရှိသူများဆိုရင်တော့ သတိထားရပါမယ်။
- မိုင်ကိုပလက်စမာ နမိုးနီးယား – ဘက်တီးရီးယားကြောင့် ဖြစ်တာဆိုပေမယ့် လက္ခဏာတွေက တခြားနမိုးနီးယားတွေနဲ့ သိပ်မတူပါဘူး။ ဒါကြောင့် ပုံစံကွဲ နမိုးနီးယား ( atypical pneumonia)လို့လည်း ခေါ်ပါတယ်။
Pneumonia (နမိုးနီးယား ) ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ
နမိုးနီးယား ဖြစ်ပွားနိုင်ချေကိုမြင့်စေသော အကြောင်းရင်းများစွာရှိပါသည်။ ဥပမာအားဖြင့်
- ဆေးလိပ်သောက်ခြင်း
- အသက်ရှူစနစ် ပိုးဝင်ခြင်း ( အအေးမိ၊ လည်ချောင်းရောင်၊ တုပ်ကွေးမိ )
- နာတာရှည် လေပြွန်ကျဉ်းရောဂါ
- နှလုံးရောဂါ၊ အသည်းခြောက်၊ ဆီးချို စသည့် ပြင်းထန်သောရောဂါများ
- ပန်းနာရင်ကြပ်
- ကိုယ်ခံအားနည်းခြင်း
- HIV သို့မဟုတ် ကင်ဆာဖြစ်ခြင်း
- အသက် အလွန်ငယ်၊ အလွန်ကြီးသူများ
Pneumonia (နမိုးနီးယား ) ကို ဘယ်လိုစစ်ဆေးပါသလဲ
နမိုးနီးယားကို အအေးမိ၊ တုပ်တွေးများနဲ့ မှားလေ့ရှိပါတယ်။ ဒါပေမယ့် နမိုးနီးယားသည် ဖြစ်ချိန်ပိုကြာပြီး လက္ခဏာများကလည်း အအေးမိတာထက် ပိုပြီးဆိုးဝါးတတ်သောကြောင့် သေချာသတိထားသင့်ပါသည်။
သင့်မှာ နမိုးနီးယားရှိမရှိ ဆုံးဖြတ်နိုင်ရန် သင့်ရောဂါအခြေအနေနဲ့ ပတ်သတ်သည်များကို ဆရာဝန်မှ မေးမြန်းနိုင်ပါသည်။ ဥပမာ –
- သင့်လက္ခဏာတွေက ဘာတွေလဲ၊ ဖြစ်နေတာဘယ်လောက်ကြာပြီလဲ
- ဆေးလိပ်သောက်သလား
- အရင်ဘာရောဂါတွေဖြစ်ဖူးသလဲ
- စွဲသောက်နေတဲ့ဆေးတွေရှိသလား
လိုအပ်ပါက ဆရာဝန်သည် အောက်ပါ စမ်းသပ်စစ်ဆေးမှုများကို လုပ်ပါလိမ့်မည်။
- ကိုယ်ခန္ဓာ (အထူးသဖြင့် အဆုတ်)အား စမ်းသပ်ခြင်း
- ရင်ဘတ်ဓာတ်မှန်
- ကွန်ပျူတာဓာတ်မှန်
- သလိပ်စစ်ခြင်း
- လေပြွန်မှန်ပြောင်းကြည့်ခြင်း ( အဆုတ်အတွင်းမှ လေပြွန်များအား ကြည့်ခြင်း )
Pneumonia (နမိုးနီးယား ) ကို ဘယ်လိုကုသပါသလဲ
နမိုးနီးယားကုသမှုသည် အမျိုးအစားနဲ့ ပြင်းထန်မှုပေါ် မူတည်ပါတယ်။ တချို့အခြေအနေများတွင်တော့ မပြင်းထန်တဲ့အတွက် အိမ်မှာပဲ ဆေးသောက်လို့ ရပါတယ်။
- ဘက်တီးရီးယား နမိုးနီးယား – ပဋိဇီဝဆေးများ ပေးလေ့ရှိပါတယ်။ ရောဂါအခြေအနေပေါ် မူတည်ပြီး သောက်ဆေး၊ ထိုးဆေး လိုအပ်နိုင်ပါတယ်။ ဆေးရုံလည်း တက်ရနိုင်ပါတယ်။
- ဗိုင်းရပ်စ် နမိုးနီးယား – တချို့သော ဗိုင်းရပ်စ်သတ်ဆေးများကို အသုံးပြုနိုင်ပါတယ်။
နမိုးနီးယားသက်သာစေဖို့ အိမ်တွင်းကုထုံးများ
တစ်ဖက်ကလည်း ဆေးဝါးတွေနဲ့ ကုသနေသလို တစ်ဖက်ကလည်း အိမ်တွင်းနည်းလမ်းတွေနဲ့ သက်သာအောင် နေနိုင်ပါတယ်။ ဒါကြောင့်
- အနားကောင်းကောင်းယူပါ။
- ရေဓာတ်ခမ်းခြောက်မှုမရှိစေဖို့ ရေများများသောက်ပါ
- ချောင်းဆိုးတယ်ဆိုတာ ကိုယ်ထဲက ပိုးတွေကို ရှင်းထုတ်တာပါပဲ။ ဒါပေမယ့် ညဘက်မှာ အိပ်မရအောင်၊ အသက်ရှူခက်လောက်အောင် ဒါမှမဟုတ် အန်လောက်အောင်ထိ ဖြစ်လာလျှင်တော့ ချောင်းဆိုးပျောက်ဆေး သောက်နိုင်ပါသည်။
- ပါရာစီတမော သောက်ခြင်းကလည်း အဖျားကျစေပြီး သက်သောင့်သက်သာ ရှိစေပါသည်။
- ရောဂါဒဏ်ခံနိုင်ဖို့ အာဟာရပြည့်အောင်စားပါ။ အိပ်ရေးဝဝအိပ်ပါ။ လှုပ်လှုပ်ရှားရှားနေပါ။
Takeaways
နမိုးနီးယားဆိုတာ မြန်မာနိုင်ငံမှာ အဖြစ်များတဲ့ ရောဂါတစ်ခုပါ။ တချို့တွေက သိတောင်မသိလိုက်ရပေမယ့် တချို့တွေမှာတော့ ဆေးရုံတက်ရတဲ့အထိ ပြင်းထန်ပါတယ်။ အကြောင်းရင်းတွေလည်း အများကြီးရှိပြီး ရောဂါအလိုက် ကုသမှု ပေးရပါတယ်။ စောစောသိလို့ စောစောကုသနိုင်ရင်တော့ အကောင်းဆုံးပါပဲ။
[embed-health-tool-bmi]