backup og meta

နှာစေး တဲ့ ပြဿနာကို အိမ်မှာအလွယ်တကူ ဖြေရှင်းကြမယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 09/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နှာစေး တဲ့ ပြဿနာကို အိမ်မှာအလွယ်တကူ ဖြေရှင်းကြမယ်

    အေးမြတဲ့ ဆောင်းရာသီမှာ ဖြစ်စေ၊ ရာသီဥတု ပူနေတဲ့အချိန်မှာဖြစ်စေ နှာစေး တဲ့ ပြဿနာဟာ ကြုံလာရနိုင်ပါတယ်။ ပြင်းထန်တဲ့ ရောဂါလက္ခဏာမျိုး မဟုတ်ပေမဲ့ ဝေဒနာခံစားနေရသူအတွက်ရော၊ ဘေးပတ်ဝန်းကျင်က လူတွေကိုပါ အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။

    နှာစေး ၊ နှာပိတ်တာဟာ အအေးမိ၊ တုပ်ကွေး ဖြစ်တဲ့အချိန်မှာ အတွေ့အများဆုံး လက္ခဏာဖြစ်ပြီး ဓာတ်မတည့်တာ၊ ဖျားနာတာ၊ ရောဂါတစ်ခုခု ကိုယ်ခန္ဓာထဲ ဝင်ရောက်တဲ့ အခါမျိုးမှာလည်း ကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့် နှာစေး၊ နှာပိတ်၊ ချောင်းဆိုးနေပြီဆိုရင် လက်ကိုင်ပဝါ၊ တစ်သျှူးနဲ့ ပါးစပ်ကို အုပ်ထားဖို့ လိုအပ်ပါတယ်။ ရောဂါပိုးဟာ အထိအတွေ့တင်မက လေထဲကနေပါ ပျံ့နှံ့နိုင်တာကြောင့်ပါ။

    အထူးသဖြင့် ခုလို ခြောက်သွေ့ပြီး အေးမြနေတဲ့ ဆောင်းရာသီလို အချိန်မျိုးမှာ အအေးမိ၊ တုပ်ကွေး အဖြစ်များတာကြောင့် လူထူထပ်တဲ့ နေရာသွားတာ တတ်နိုင်သလောက် ရှောင်သင့်ပါတယ်။ အပြင်က ပြန်လာရင်လည်း လက်ကို ဆပ်ပြာနဲ့ သေချာစွာ ဆေးကြောပေးပါ။ အာဟာရမျှတတဲ့ အစားအစာတွေကို ပူပူနွေးနွေးချက်ပြုတ်ပြီး စားသောက်ပေးပါ။ ကိုယ့်ရဲ့ ကျန်းမာရေးကိုသေချာဂရုစိုက်ပေးပါ။

    အိမ်မှာအလွယ်တကူ နှာစေး သက်သာအောင် လုပ်လို့ရမယ့် နည်းလမ်းများ

    ဒီနည်းလမ်းတွေဟာ ရောဂါဝေဒနာကို သက်သာစေနိုင်တဲ့အပြင် အိမ်မှာအလွယ်တကူ လုပ်လို့ရတာကြောင့် ခုလို အအေးမိ၊ တုပ်ကွေးရာသီမှာ ဖြစ်တတ်တဲ့ နှာစေး ၊ နှာပိတ်ပြဿနာတွေအတွက် အကောင်းဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းတွေပါပဲ။

    ၁။ အရည်များများသောက်ပါ။

    အအေးမိတာကြောင့်ဖြစ်စေ၊ ဓာတ်မတည့်မှုကြောင့်ဖြစ်စေ နှာစေးတဲ့အခါမှာ ခန္ဓာကိုယ်က ရေဓာတ်တွေ လျင်မြန်စွာ ကုန်ခမ်းနိုင်ပါတယ်။ ဒါကြောင့် အရည်များများသောက်ဖို့ လိုပါတယ်။ ရေသောက်ပါ။ ဟင်းရည်၊ ဆန်ပြုတ်၊ ကြက်စွပ်ပြုတ် ပူပူလေး သောက်ပေးပါ။ ကုန်ဆုံးသွားတဲ့ ရေဓာတ်တွေကို ပြန်လည်ဖြည့်တင်းပေးနိုင်လို့ လူကိုလည်း လန်းလန်းဆန်းဆန်း ဖြစ်စေပါတယ်။

    ၂။ ရေနွေးကြမ်းပူပူလေး သောက်ပေးပါ။

    ပူပူနွေးနွေး အရည်တွေဟာ နှာစေး ၊ နှာပိတ်တဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်တဲ့ အကောင်းဆုံးနည်းလမ်းတွေထဲက တစ်ခုပါပဲ။ ကိုယ်ခန္ဓာကို ရေဓာတ်မခမ်းခြောက်အောင် ထိန်းညှိပေးနိုင်တဲ့အပြင် နှာခေါင်းပိတ်တာ ပျောက်စေတယ်။ နှာခေါင်းနီရဲမနေအောင်၊ မပိတ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ရေနွေးကြမ်းအစား ချင်းပြုတ်ရည်၊ ချာမိုမိုင်း လက်ဖက်ရည်တို့ကို သောက်ပေးလို့လည်း အဆင်ပြေပါတယ်။

    ၃။ ရေနွေးငွေ့တွေကို ရှူရှိုက်ပါ။

    အရင်ဆုံး ရေနွေးအိုးကို အငွေ့ထွက်သည်အထိ ပူနေအောင် တည်ထားပါ။ ဆူပွက်နေဖို့ မလိုပါဘူး။ ပြီးရင် ရေနွေးအိုးက ထွက်လာတဲ့ ပူပူနွေးနွေး ရေငွေ့လေးတွေကို ရှူရှိုက်ပါ။ တစ်ကြိမ်လျှင် မိနစ် ၂၀ ကနေ ၃၀ အထိ လုပ်ပေးပါ။ ကိုယ့်မျက်နှာ အရမ်းပူနေပြီလို့ ခံစားနေရတယ်ဆိုရင်တော့ ခဏ အနားပေးလိုက်ပါ။ ပြီးရင် ကိုယ့်ရဲ့ နှာခေါင်းထဲမှာ ရှိနေတဲ့ နှပ်တွေကို ညှစ်ထုတ်လိုက်ပါ။ ဒီနည်းလမ်းနဲ့လည်း နှာစေး၊ နှာပိတ်တဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်ပါတယ်။

    ၄။ ရေနွေးနဲ့ ရေချိုးပေးပါ။

    အထူးသဖြင့် ဒီလိုရာသီဥတုအေးတဲ့အချိန် ဖျားမှာ ကြောက်လို့ ရေမချိုးဘဲ နေတတ်ကြပါတယ်။ မနက်ခင်းမှာ ရေနွေးလေးနဲ့ ရေချိုးပေးခြင်းဟာ အညောင်းအညာပြေစေပြီး စိတ်ကို ကြည်လင်လန်းဆန်းစေတယ်။ အအေးမိနေသူတွေ၊ အထူးသဖြင့် နှာစေး နေတဲ့ သူတွေအတွက်လည်း ဝေဒနာကို သက်သာစေပါတယ်။

    ၅။ အစပ်စားပေးပါ။

    ဒီနည်းလမ်းဟာ နှာခေါင်းပိတ်နေတဲ့သူတွေအတွက်သာ ဖြစ်ပြီး ကိုယ်က နှာစေးနေတယ်၊ နှာရည်တောက်တောက်ကျနေတယ်ဆိုရင်တော့ ပိုဆိုးနိုင်တဲ့အတွက် မလုပ်သင့်ပါဘူး။ အစပ်စားတဲ့အခါမှာ အရေပြားပေါ်က ချွေးပေါက်တွေကိုသာမက ပိတ်နေတဲ့ နှာခေါင်းကိုပါ ပွင့်သွားစေနိုင်ပါတယ်။ အစာအိမ်ရောဂါ ထနေရင်လည်း ဒီနည်းလမ်းကို မသုံးသင့်ပါဘူး။

    ဒီနည်းလမ်းတွေဟာ အိမ်မှာပဲ အလွယ်တကူ လုပ်လို့ရတဲ့ နည်းလမ်းတွေ ဖြစ်ပြီး ဝေဒနာကို သက်သာစေနိုင်ပါတယ်။ ကိုယ်က နှာစေး ၊ နှာပိတ်တာ၊ အအေးမိတာ ကြာနေပြီဆိုရင်တော့ တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ သေချာပြသပြီး ကုသမှု ခံယူဖို့ လိုအပ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 09/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement