backup og meta

သားအိမ်ကျခြင်းအကြောင်း သိကောင်းစရာများ ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 09/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သားအိမ်ကျခြင်းအကြောင်း သိကောင်းစရာများ ။ ။

    သားအိမ်ကျတဲ့ ပြဿနာကို ကြားဖူးကြပါသလား။ မိန်းမကိုယ်အဝမှာ တစ်ဆို့ဆို့ကြီးနဲ့ နေရထိုင်ရခက် အောင့်တောင့်တောင့်နဲ့ ခံရခက်တဲ့ ဝေဒနာကြီးတစ်ခုလေ။ အသက်ကြီးလာတဲ့ အမျိုးသမီးတိုင်းနီးပါး ခံစားရလေ့ရှိတဲ့ ပြဿနာတစ်ခုဆိုလည်း မမှားဘူးပေါ့။ ဘာ့ကြောင့်လဲ။ အသက်ကြီးလာတဲ့ အမျိုးသမီးတိုင်း စိတ်ပူရမယ့် ပြဿနာတွေထဲ ဒီ သားအိမ်ကျတဲ့ ပြဿနာက ဘာကြောင့်ပါနေရတာလဲ။ ဒီတစ်ခေါက်တော့ သားအိမ်ကျခြင်းအကြောင်း သိကောင်းစရာများ ကို နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။

    သားအိမ်ကျခြင်းအကြောင်း သိကောင်းစရာများ ။ ။

    သားအိမ်ကျခြင်းအကြောင်း သိကောင်းစရာများ ကို လေ့လာကြည့်လိုက်ရအောင်လား။

    သားအိမ်ကျတယ်ဆိုတာ ဘယ်လိုမျိုးလဲ။

    သားအိမ်ကိုထိန်းထားတဲ့ pelvic floor muscles လို့ခေါ်တဲ့ တင်ပဆုံကြွက်သားတွေနဲ့ အရွတ်တွေ အားနည်းသွားတဲ့အခါ သားအိမ်ကို ဆက်မထိန်းနိုင်တော့ဘဲ မိန်းမကိုယ်အပြင်ဘက်ကို သားအိမ်ကျတဲ့ ပြဿနာဖြစ်လာပါတော့တယ်။

    ဘယ်သူတွေမှာ အများဆုံးဖြစ်တတ်လဲ။

    အမျိုးသမီးတိုင်း အသက်အရွယ်မရွေး ဖြစ်နိုင်တယ်ဆိုပေမယ့်

  • သွေးဆုံးပြီးသားအမျိုးသမီးတွေ
  • အဝလွန်တဲ့ အမျိုးသမီးတွေ
  • အလေးအပင်မလွန်းတဲ့ အမျိုးသမီးတွေ
  • နာတာရှည်ချောင်းဆိုးဝေဒနာခံစားနေရတဲ့ အမျိုးသမီးတွေ
  • ရိုးရိုးမီးဖွားထားတဲ့ အမျိုးသမီးတွေ နဲ့
  • ကလေးများများမွေးထားတဲ့ အမျိုးသမီးတွေက ပိုဖြစ်နိုင်ပါတယ်။
  • ဘာကြောင့်ဖြစ်ရတာလဲ။

    အဓိကကတော့ သားအိမ်ကိုထိန်းထားတဲ့ တင်ပဆုံကြွက်သားတွေနဲ့ အရွတ် တွေ အားလျော့သွားတာကြောင့်ဖြစ်ရတာပါ။ ဒီတော့ ဒီ ကြွက်သားနဲ့ အရွက်တွေကို အားလျော့စေတဲ့ ပြဿနာတွေဖြစ်တဲ့

    • ကိုယ်ဝန်ဆောင်တဲ့ အကြိမ်အရေအတွက်များတာ
    • မီးဖွားချိန် သားအိမ်ဝန်းကျင်ကို ထိခိုက်မိတာ
    • ပေါင်များတဲ့ ကလေး၊ ကလေးကြီးကြီးတွေကို မိန်းမကိုယ်ကနေ ရိုးရိုးမွေးတာ
    • ကိုယ်အလေးချိန် များနေတာ၊ အဝလွန်နေတာ
    • သွေးဆုံးချိန် အီစတိုဂျင်ဟော်မုန်းနည်းလာတာ
    • ဝမ်းချုပ်လွန်းလို့ တစ်ခါဝမ်းသွားရင် ညှစ်ညှစ်ပြီးသွားရတာ
    • နာတာရှည်ချောင်းဆိုးရလွန်းလို့ ဗိုက်ကို သွားသွားညှစ်သလိုဖြစ်နေတာနဲ့
    • အလေးအပင်တွေ မလွန်းတာ စတာတွေက သားအိမ်ကျခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေပါ။

    သားအိမ်ကျပြီဆိုတာကို ဘယ်လိုသိနိုင်မလဲ ။ ။

    သားအိမ်ကျခါစပြုနေတဲ့ အချိန်တွေမှာတော့ သိသာတဲ့ လက္ခဏာတွေ မပြတတ်ပါဘူး။ ဒါပေမယ့် သားအိမ်ကျတာ နည်းနည်းကြာနေပြီ၊ သားအိမ်ကျတဲ့ အဆင့်ကလည်း ပြင်းထန်နေပြီဆိုရင်တော့ လက္ခဏာတွေ ပြတတ်ပါတယ်။ ဒါတွေကတော့

  • တင်ပဆုံနားတစ်ဝိုက်မှာ တင်းသလိုလို လေးသလိုလို ဖြစ်နေတာ
  • မိန်းမကိုယ်နားမှာ တစ်ဆို့ဆို့ ကြီးဖြစ်နေတာ
  • ကျလာတဲ့သားအိမ်က ဆီးအိမ်ကို သွားဖိနေတော့ ဆီးတွေမလုံတာ၊ ဆီးသွားရင် ကျန်သလိုခံစားနေရတာ
  • ဝမ်းသွားတဲ့အခါတွေမှာလည်း ပုံမှန်မဟုတ်တာ
  • ထိုင်ရတဲ့အခါတွေမှာလည်း အောက်မှ တစ်ခုခုခံနေသလို ခံစားနေရတာ
  • မိန်းမကိုယ်ထဲ တစ်ခုခုရှိနေတဲ့ ခံစားမှုကြီးကြောင့် အမျိုးသားနဲ့ အတူနေတဲ့ အခါတွေမှာ အခက်အခဲရှိတာတို့ ပဲ ဖြစ်ပါတယ်။
  • ဒီလက္ခဏာတွေက မနက်စစချင်း အိပ်ရာထချိန်ဆို သိပ်မသိသာပေမယ့် နေမြင့်လာတာနဲ့ သားအိမ်ကျတဲ့ ခံစားမှုကို ပိုသိလာနိုင်ပါတယ်။

    သားအိမ်ကျတာရဲ့ နောက်ဆက်တွဲပြဿနာတွေက ဘာတွေဖြစ်နိုင်မလဲ။

    သားအိမ်ကျပြီဆိုတာနဲ့ သူနဲ့အတူအပေါင်းအပါတွေ ဆက်ပါလာတတ်ပါတယ်။ ဒါတွေကတော့

    • Anterior prolapse (cystocele). – (ဆီးအိမ်ကျခြင်း) – တင်ပဆုံကြွက်သားတစ်ဝိုက် အားလျော့လာတယ်ဆိုတော့ ဆီးအိမ်နဲ့ မိန်းမကိုယ်ကို ခြားထားတဲ့ ကြွက်သားလေးလည်း အားလျော့သွားပြီး သားအိမ်နဲ့အတူ ဆီးအိမ်ပါလိုက်ကျလာတတ်ပါတယ်။
    • Posterior vaginal prolapse (rectocele).(ဝမ်းအိမ်ကျခြင်း) – ဝမ်းအိမ်နဲ့ မိန်းမကိုယ်ကို ခြားထားတဲ့ ကြွက်သားတွေလည်း အားနည်းသွားတာကြောင့် နောက်ပိုင်း သားအိမ်ကျတာနဲ့အတူ ဝမ်းအိမ်ပါ လိုက်ကျလာတတ်ပါတယ်။

    ဝမ်းအိမ်ကျတာကြောင့် ဝမ်းသွားရတာမှာ အခက်အခဲရှိသလို ဆီးအိမ်ကျတာကြောင့် ဆီးသွားရင် ဆီးကျန်သလိုခံစားနေရတာ ဆီးသွားရင် မဝတာနဲ့ ဆီးမထိန်းနိုင်တာ စတဲ့ ပြဿနာတွေ ကြုံတွေရတတ်ပါတယ်။

    • အရမ်းကိုဆိုးတဲ့သားအိမ်ကျတဲ့ပြဿနာတွေမှာဆို သားအိမ်နဲ့အတူ မိန်းမကိုယ်ဘေးအတွင်းသားတွေပါ အပြင်ကိုလိုက်ထွက်လာပြီး အဝတ်တွေနဲ့ပွတ်မိပြီး အနာဖြစ်တာ၊ ပိုးဝင်တာတွေအထိ ဆိုးရွားစွာ ဆက်ဖြစ်သွားတတ်ပါတယ်။

    ဒါကတော့ သားအိမ်ကျခြင်း ဆိုတဲ့ သက်ကြီးပိုင်း သွေးဆုံးပြီးသား အမျိုးသမီးတွေ ကြောက်ရတဲ့ မီးယပ်ရောဂါ တစ်ခုအကြောင်းပါ။ နောက်ဆက်တွဲ ဆက်ဖြစ်နိုင်တဲ့ ပြဿနာတွေကလည်းများ သားအိမ်ကျတဲ့ပြဿနာကလည်းဖြစ်တဲ့သူမရှားတော့ ကိုယ့်စိတ်ထဲ သားအိမ်များကျနေပြီလားလို့ သံသယရှိနေပြီဆိုတာနဲ့ ဆရာဝန်နဲ့ သွားကိုသွားပြဖြစ်ဖို့တော့လိုလိမ့်မယ်နော်။ စောစောပြတော့ စောစောသိ စောစောကုသမှုခံယူလိုက်တော့ နောက်ဆက်တွဲ ဆိုးရွားတာတွေ ဆက်မဖြစ်တော့ဘူးပေါ့ ။ ။

    ရေးသားသူ− Dr Thin Yadanar @ Frances

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 09/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement