အငန်တွေသိပ်မစားနဲ့သွေးတိုးမယ်နော်၊ အချိုမှုန့်တွေမစားနဲ့ တက်မယ် ဆိုတဲ့စကားတွေကို တချို့တွေ ဘယ်လိုတုံ့ပြန်လဲသိလား။ ရတယ် စားပြီးရင် ဟိုဆေးလေးသောက်လိုက်မယ်၊ ဒီအသီးလေးစားလိုက်မယ်၊ ဒီအရွက်လေးကြိတ်သောက်လိုက်၊သွေးပေါင်ကျသွားလိမ့်မယ် ဆိုပဲ။ ဒါပေမယ့် သင်သိပါသလား.. သွေးပေါင်အတက်အကျ၊ အနိမ့်အမြင့်ဆိုတာ ကစားကွင်းမှာ seesaw စီးသလောက် မရိုးရှင်းဘူးဆိုတာ။
သွေးပေါင်တက်ရင် ဘာတွေဖြစ်လာမလဲ
သွေးပေါင်တက်လို့ဆေးသောက်လိုက်ရင်သွေးပေါင်ပြန်ကျပြီး ပုံမှန်ပြန်ဖြစ်သွားမယ်ဆိုတာ အလွယ်လေးတွေးလိုက်ကြတာပါ။သွေးဖိအားမြင့်တက်လာတဲ့အချိန် ခန္ဓါကိုယ်မှာ ဘယ်လိုတွေထိခိုက်သလဲ၊ ခဏခဏသွေးပေါင်တက်တာ ကြာလာရင် ဘယ်လိုဆိုးကျိုးတွေဖြစ်ကျန်နေခဲ့လဲဆိုတာ သိဖို့အရေးကြီးပါတယ်။ ဒါမှသွေးတိုးနဲ့ပတ်သက်တဲ့နောက်ဆက်တွဲတွေနဲ့ရောဂါပေါင်းစုံကို ပိုက်မထားရမှာပေါ့။
သွေးကြောပျက်စီးခြင်း
သွေးကြောတွေဆိုတာ အဆုတ်နဲ့နှလုံးကသွေးတွေ လွယ်လွယ်စီးဆင်းလည်ပတ်နိုင်ဖို့၊ ကိုယ်တွင်းအင်္ဂါနဲ့တခြားအစိတ်အပိုင်းတွေဆီ အောက်ဆီဂျင်ပို့လွှတ်နိုင်ဖို့ အပြစ်အနာအဆာကင်းတဲ့ ကျန်းမာခြင်းရှိနေရပါမယ်။သွေးတိုးတက်တဲ့အခါသွေးကြောနံရံတွေအရမ်းမာသွားစေပြီး အတွင်းမှာ ပျက်စီးစေတယ်၊ အဆီချေးတွေဖြစ်နေစေတယ်။ အဲဒီအဆီချေးတွေကြောင့်သွေးကြောတွေကိုမာစေ၊ကျဉ်းစေနိုင်ပါတယ်။
သွေးကြောဖောင်းခြင်း(Aneurysm)
သွေးကြောနံရံကို ဖိအားဖြစ်စေပြီး အားနည်းစေတဲ့အခါAneurysmဖြစ်စေပါတယ်။သွေးကြောဖောင်းရာကနေပေါက်သွားခဲ့ရင်သွေးယိုစေပြီး အန္တရာယ်ရှိလာနိုင်ပါတယ်။ ဘယ်သွေးကြောမှာမဆိုဖြစ်နိုင်တယ်ဆိုပေမယ့် နှလုံးသွေးလွှတ်ကြောမကြီးမှာ အဖြစ်များဆုံးပါ။
နှလုံးသွေးကြောဆိုင်ရာရောဂါ (CAD)
နှလုံးနဲ့နီးတဲ့သွေးကြောတွေမှာ အဆီချေးတွေစုလာတဲ့အခါCoronary Artery Disease (CAD) ဆိုတာဖြစ်လာပါတယ်။ဖြစ်လာရင်သွေးလည်ပတ်မှုကိုနှေးစေပြီး ရင်ဘတ်အောင့်တာ၊ နှလုံးခုန်မမှန်တာတွေဖြစ်စေနိုင်တယ်။သွေးကြောပိတ်ရင်တော့ နှလုံးရုတ်တရက်ရပ်ခြင်း(heart attack)ဖြစ်စေနိုင်ပါတယ်။
နှလုံးရုတ်တရက်ရပ်ခြင်း (Heart Attack)
နှလုံးသွေးကြောလုံးဝပိတ်သွားတဲ့အခါ နှလုံးရုတ်တရက်ရပ်ခြင်း (heart attack)ဖြစ်လာနိုင်ပါတယ်။ ပိတ်သွားရင် နှလုံးကြွက်သားတွေမှာ အောက်ဆီဂျင်နဲ့ အာဟာရဓါတ်တွေမရရှိနိုင်တော့ပါဘူး။ ဒါဆို ပျက်စီးရတော့မှာပါပဲ။ ရင်ဘတ်ထဲလေးနေတာ၊အောင့်နေတာ ခံစားရလေ့ရှိပေမယ့် လက်မောင်း၊ လည်ပင်း၊မေးရိုးတို့မှာလည်း ခံစားရနိုင်ပါတယ်။ အသက်ရှူရခက်ခဲလာနိုင်ပြီး မူးတာ၊ မအီမသာဖြစ်တာတွေ ခံစားရတတ်ပါတယ်။
နှလုံးလုပ်ဆောင်ချက် ပျက်စီးခြင်း
သွေးတိုးတဲ့အခါသွေးကြောတွေကျဉ်းစေပါတယ်။ အချိန်ကြာလာတဲ့အခါ နှလုံးလုပ်ဆောင်ချက်တွေ ခက်ခဲလာပြီး အားနည်းလာစေပါတယ်။နောက်ဆုံးမှာ တခြားအစိတ်အပိုင်းတွေကိုပါသွေးပို့လွှတ်မှုမလုံလောက်တော့ဘဲ နှလုံးပျက်စီးရပါတယ်။
နှလုံးကြီးခြင်း
သွေးလည်ပတ်မှုအတွက် ပိုပြီးရုန်းကန်လုပ်ဆောင်နေရတဲ့အခါ နှလုံးကြွက်သားတွေထူလာပါတယ်(လေ့ကျင့်ခန်းလုပ်ထားတဲ့ ကြွက်သားတွေလို)။နောက်ဆုံးကျ နှလုံးကြီးလာပါတယ်။ နှလုံးကြီးလာလေ သူ့ရဲ့လုပ်ဆောင်နိုင်စွမ်းကပိုနည်းလာလေဖြစ်ပါတယ်။ နှလုံးတစ်ရှူးတွေမှာအောက်ဆီဂျင်နဲ့အာဟာရဓါတ်တွေ လိုသလောက်မရနိုင်တော့ပါဘူး။
လေဖြတ်ခြင်း
သွေးတိုးတာဟာလေဖြတ်ခြင်းရဲ့အဓိကအကြောင်းရင်းဖြစ်ပါတယ်။လေဖြတ်တာနှစ်မျိုးရှိပါတယ်။ အားနည်းနေတဲ့သွေးကြောက ဦးနှောက်ထဲမှာပေါက်သွားတဲ့အခါHemorrhagic၊သွေးကြောနံရံကနေကွာထွက်လာတဲ့ သွေးခဲလေးတွေက သွေးလည်ပတ်မှုကို ပိတ်ဆို့ပြီး ဦးနှောက်ဆဲလ်တွေဆီသွေးမရောက်အောင်တားဆီးတဲ့အခါIschemicဖြစ်ပါတယ်။သွေးအလုံအလောက်မရတဲ့အခါ ဦးနှောက်ဆဲလ်တွေသေဆုံးပါတယ်။ FAST လို့အတိုကောက်မှတ်လို့ရတဲ့ လေဖြတ်အရေးပေါ်အချက်လေးခုကို သတိရပါ။
- မျက်နှာရွဲ့သွားတာလား
- လက်တွေအားနည်းနေလား
- စကားပြောရပြဿနာရှိနေလား
- အရေးပေါ်ဆေးရုံကားခေါ်ပါ။
ကျောက်ကပ်ပျက်စီးခြင်း
သွေးတိုးရောဂါကကျောက်ကပ်ပျက်စီးခြင်းရဲ့ဒုတိယအဖြစ်များဆုံးအကြောင်းရင်းဖြစ်ပါတယ်။ အညစ်အကြေးတွေနဲ့အရည်ပိုတွေစွန့်ထုတ်ဖို့ကျောက်ကပ်ကအသုံးပြုတဲ့သွေးကြောတွေကိုကျဉ်းစေ၊မာစေတာကြောင့် ဆိုးကျိုးမသေးပါဘူး။
အရိုးအတွက်ဆုတ်ယုတ်မှု
သွေးတိုးရှိသူတွေဟာ ဆီးထဲမှာ ကယ်လ်စီယမ်တွေပိုပါသွားတတ်ပါတယ်။ ဒါ့ကြောင့်ပဲ အရိုးကျိုးအက်လွယ်တာ၊ အရိုးပွတာတွေဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အသက်ကြီးတဲ့အမျိုးသမီးတွေမှာ ပိုဆိုးပါတယ်။
ကဲ ဒီလောက်ဆိုသွေးတိုးမဖြစ်အောင် မဆင်ခြင်သင့်ဘူးလား။သွေးတိုးရှိနေပြီးသားဆိုရင်လည်း စားသောက်နေထိုင်မှုပုံစံမှာ တတ်နိုင်သလောက်ထိန်းညှိနေထိုင်သင့်ပါတယ်။ အရာရာဆေးဝါးတွေကိုပဲ အားကိုးနေလို့မရပါဘူးနော်။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။
[embed-health-tool-heart-rate]