Complete Blood Count (သွေးဥဆဲလ် အရေအတွက် အပြည့်အစုံ စစ်ဆေးခြင်း )

ရေးသားသူ ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar

အဓိပ္ပါယ်ဖွင့်ဆိုချက်

သွေးဥဆဲလ် အရေအတွက် အပြည့်အစုံ စစ်ဆေးခြင်း ဆိုတာ ဘာလဲ

သွေးဥဆဲလ် အပြည့်အစုံ စစ်ဆေးခြင်း (CBC) ဆိုတာ သွေးထဲမှာရှိတဲ့ ဆဲလ် အရေအတွက်နဲ့ အမျိုးအစားတွေ အားလုံး (အထူးသဖြင့် – သွေးနီဥ၊ သွေးဖြူဥ၊ သွေးဥမွှား) နဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ အချက်အလက်တွေ ပေးတဲ့ စစ်ဆေးချက်တစ်ခု ဖြစ်ပါတယ်။

CBC ဟာ အားနည်းခြင်း၊ မောပန်းလွယ်ခြင်း၊ သို့မဟုတ် ထိခိုက်ဒဏ်ရာရပြီး အညိုအမည်း စွဲခြင်း စတဲ့ ရောဂါလက္ခဏာတွေကို စစ်ဆေးဖို့ အတွက် ဆရာဝန်တွေကို အကူအညီ ပေးပါတယ်။ သွေးအားနည်းရောဂါ၊ ပိုးဝင်ခြင်းနှင့် တခြားသော ရောဂါတွေကိုလည်း ရောဂါအမည် သတ်မှတ်နိုင်ဖို့ အထောက်အကူ ပြုပါတယ်။

လက္ခဏာများ

CBC စစ်ဆေးချက်မှာ ပါဝင်လေ့ ရှိတာတွေကတော့ –

  • သွေးဖြူဥ အရေအတွက်

သွေးဖြူဥဆိုတာ ကျွန်ုပ်တို့ရဲ့ ခန္ဓါကိုယ်ကို ရောဂါပိုးတွေ ဝင်လာမှာကို ကာကွယ်ပေးတဲ့ ဆဲလ်ဖြစ်ပါတယ်။ ရောဂါပိုး တစ်ခုခု ဝင်လာပြီဆိုရင် သွေးဖြူဥတွေက ဘက်တီးရီးယားပိုးတွေနဲ့ ရောဂါဖြစ်စေတဲ့ တခြားအကောင်တွေကို တိုက်ခိုက်ဖျက်ဆီး ပေးပါတယ်။

လူတစ်ယောက်မှာ ပိုးဝင်ပြီဆိုရင် သွေးဖြူဥ အရေအတွက်ဟာ လျှင်မြန်စွာ တက် (များ) သွားတတ်ပါတယ်။ ဒါကြောင့် သွေးဖြူဥ အရေအတွက်တွေကို ရောဂါပိုး ဝင်ခြင်းကို ရှာဖွေဖို့၊ သို့မဟုတ် ခန္ဓါကိုယ်က ကင်ဆာကုသမှုကို ဘယ်လို တုံ့ပြန်နေတယ်ဆိုတာ ကိုသိရှိဖို့ စစ်ဆေးရာမှာ အသုံးပြုပါတယ်။

  • သွေးဖြူဥ အမျိုးအစားများ

သွေးဖြူဥမှာ ခွဲခြားထားတဲ့ အဓိက အမျိုးအစားတွေကတော့ neutrophils, lymphocytes, monocytes, eosinophil နဲ့ basophils တို့ပဲ ဖြစ်ပါတယ်။ အမျိုးအစား တစ်ခုချင်းဆီဟာ မတူညီတဲ့ လုပ်ဆောင်ချက်တွေနဲ့ ခန္ဓါကိုယ်ကို ကာကွယ်တဲ့ နေရာမှာ ပါဝင်နေကြပါတယ်။ သွေးဖြူဥ အမျိုးအစား တစ်ခုချင်းစီရဲ့ အရေအတွက်ကို သိခြင်းက ခန္ဓါကိုယ် ခုခံအားစနစ်နဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ အချက်အလက်တွေကို ပေးနိုင်မှာ ဖြစ်ပါတယ်။

  • သွေးနီဥ အရေအတွက်

သင့်မှာ သွေးနီဥ အရေအတွက် နည်းနေပြီဆိုရင် (သွေးအားနည်းရောဂါ ရှိနေပြီဆိုရင်) သင့်ခန္ဓါက လိုအပ်တဲ့ အောက်စီဂျင်ကို မရနိုင်တော့ပါဘူး။ သွေးနီဥ အရေအတွက် အရမ်းများနေပြီ (polycythemia လို့ ခေါ်တဲ့ အခြေအနေ) ဆိုရင်တော့ သွေးနီဥတွေ တစ်ခုနဲ့တစ်ခု ကပ်သွားပြီး သွေးကြောမျှင်လေးတွေကို ပိတ်သွားနိုင်ပါတယ်။

  • Hematocrit (HCT, Packed cell volume,PCT)

ဒီ စစ်ဆေးချက်ကတော့ သွေးထဲမှာ သွေးနီဥ ပမာဏ ဘယ်လောက် ရှိနေတယ်ဆိုတာ တိုင်းတာတဲ့ စစ်ဆေးချက် တစ်ခုဖြစ်ပါတယ်။ အဖြေကို သွေးထဲမှာရှိတဲ့ သွေးနီဥ ရာခိုင်နှုန်း (%) နဲ့ ဖော်ပြပါတယ်။

  • Hemoglobin (Hb) (ဟီမို ဂလိုဘင်)

Hemoglobin ဆိုတဲ့ ပစ္စည်းလေးဟာ သွေးနီဥထဲမှာ တည်ရှိပါတယ်။ Hb ဟာ အောက်စီဂျင်ကို သယ်ပေးပြီး သွေးနီဥရဲ့ အရောင်ကို အနီရောင် ဖြစ်အောင် လုပ်ဆောင်ပေးပါတယ်။

Hb စစ်ဆေးချက်ဟာ သွေးထဲမှာ hemoglobin ပမာဏ ဘယ်လောက် ရှိတယ်ဆိုတာ တိုင်းတာပေးပြီး ခန္ဓါကိုယ် တလျှောက်မှာ သွေးက အောက်စီဂျင်ကို ဘယ်လောက် သယ်နိုင်တယ် ဆိုတာကိုလည်း တိုင်းတာပေးနိုင်ပါတယ်။

  • သွေးနီဥ အရေအတွက်ကို ညွှန်ပြတဲ့ ညွှန်ကိန်းများ။

သွေးနီဥ အရေအတွက်ကို ညွှန်ပြတဲ့ ညွှန်ကိန်း ၃ ခု ရှိပါတယ်။ mean corpuscular volume(MCV), mean corpuscular hemoglobin (MCH) နှင့် mean corpuscular hemoglobin concentration (MCHC) တို့ပဲ ဖြစ်ပါတယ်။

  • Platelet (သွေးဥမွှား)

သွေးဥမွှား တွေဟာ သွေးခဲအောင် လုပ်ပေးတဲ့နေရာမှာ အရေးကြီးပါတယ်။

သွေးထွက်လာပြီဆိုရင်

သွေးဥမွှားတွေက ဖောင်းလာပြီး တစ်ခုနဲ့တစ်ခု ကပ်သွားပါတယ်။ အဲဒီနောက် စေးကပ်တဲ့ အဖတ်လေးတစ်ခု ဖြစ်သွားပြီး သွေးယိုနေတဲ့ နေရာကို သွားကပ်ပေးနိုင်တဲ့အတွက် သွေးတိတ်အောင် ကူညီပေးနိုင်ပါတယ်။ ပမာဏ နည်းနေပြီဆိုရင်တော့ သွေးမတိတ်နိုင်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

အကြောင်းရင်းကိုသိရှိခြင်း

ဘာကြောင့် သွေးဥဆဲလ် အရေအတွက် အပြည့်အစုံ စစ်ဆေးချက်တွေ လုပ်ရသလဲ

သွေးဥဆဲလ် အရေအတွက် အပြည့်အစုံ စစ်ဆေးချက်တွေ လုပ်ရတဲ့ အကြောင်းအရင်းတွေ အများကြီး ရှိပါတယ်။

  • မောပန်းလွယ်ခြင်း၊ အားနည်းခြင်း၊ ဖျားခြင်း၊ ထိခိုက်ပြီး အညိုအမည်းစွဲခြင်း၊ ကိုယ်အလေးချိန် ကျခြင်း စတာတွေ ဖြစ်ရတဲ့ အကြောင်းအရင်းကို ရှာရန် အတွက်။
  • သွေးအားနည်းခြင်းကို စစ်ဆေးရန်။
  • သွေးထွက်နေရင် သွေးဘယ်လောက် ဆုံးရှုံးသွားတယ်ဆိုတာ သိရှိအောင်။
  • သွေးနီဥများတဲ့ ရောဂါကို ရောဂါအမည် သတ်မှတ်ရန်။
  • ရောဂါပိုးဝင်ခြင်း ရှိ၊ မရှိ စစ်ဆေးရန်။
  • သွေးကင်ဆာ ကဲ့သို့သော သွေးရောဂါတွေကို ရောဂါအမည် သတ်မှတ်ရန်။
  • ခန္ဓါကိုယ်မှ ဆေးကုသမှုတွေ၊ ဓါတ်ရောင်ခြည် ကုသမှုတွေအပေါ် တုံ့ပြန်မှု ကောင်း၊ မကောင်း ဆိုတာ သိရန်။
  • ပုံမမှန်ဘဲ သွေးထွက်နေခြင်းက သွေးဆဲလ်တွေနဲ့ သွေးထဲမှ ဆဲလ်အရေအတွက်ကို ဘယ်လို သက်ရောက်နိုင်တယ် ဆိုတာ စစ်ဆေးရန်။
  • ခွဲစိတ်မှု မလုပ်ခင်မှာ သွေးထဲရှိ ဆဲလ်ပမာဏ နည်းတာ၊ များတာတွေ ရှိ၊ မရှိ စစ်ဆေးရန်။
  • ဆဲလ်အမျိုးအစား တစ်ခုခု အရမ်းများနေတာ၊ အရမ်း နည်းနေတာတွေ ရှိ၊ မရှိ ကြည့်ရန်။ အဲဒီလို စစ်ဆေးခြင်းက တခြား အခြေအနေတွေကို ရှာဖွေဖို့ ကူညီပေးနိုင်ပါတယ်။ ဥပမာ – eosinophils များနေခြင်းက ဓါတ်မတည့်ခြင်း၊ သို့မဟုတ် ပန်းနာရင်ကျပ် ဖြစ်နိုင်တဲ့ အခြေအနေကို ပြနိုင်ပါတယ်။

ကြိုတင်ပြင်ဆင်ခြင်း

သွေးဥဆဲလ် အရေအတွက် အပြည့်အစုံ စစ်ဆေးချက် မပြုလုပ်မီ ဘာတွေကို ကြိုတင် သိထားသင့်သလဲ

သွေးဥဆဲလ် အပြည့်အစုံ စစ်ဆေးချက် မပြုလုပ်မီ လိုအပ်နိုင်တဲ့ ကြိုတင်ပြင်ဆင်မှုတွေကို အောက်မှာ အကြံပေး ဖော်ပြထားပါတယ်။

  • ဆေးတွေက စစ်ဆေးချက် အဖြေကို ပြောင်းလဲစေနိုင်တဲ့အတွက် မစစ်ဆေးခင်မှာ သင့်ဆရာဝန်က သင့်ကို ညွှန်ကြားထားလို့ သောက်နေရတဲ့ ဆေးတွေရော၊ မညွှန်ကြားဘဲ သောက်နေတာတွေကိုပါ အားလုံး ပြောပြထားဖို့ လိုအပ်ပါလိမ့်မယ်။
  • သွေးဖြူဥ အရေအတွက် အလွန်များခြင်း၊ သို့မဟုတ် သွေးထဲတွင် အဆီများနေခြင်းက hemoglobin ပမာဏကို အမှန်တကယ် မဟုတ်ဘဲ များနေစေနိုင်ပါတယ်။
  • သရက်ရွက် ကြီးနေခြင်းက သွေးဥမွှားပမာဏ၊ သို့မဟုတ် သွေးဖြူဥ အရေအတွက်ကို နည်းစေနိုင်ပါတယ်။ သရက်ရွက်ကြီးတာက တချို့သော ကင်ဆာရောဂါတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။
  • ကိုယ်ဝန်ဆောင်နေစဉ် အတွင်းမှာ သွေးနီဥ အရေအတွက် နည်းနေနိုင်ပြီး၊ သွေးဖြူဥ ပမာဏ များနေတတ်ပါတယ်။
  • သွေးဥဆဲလ် အရေအတွက် အပြည့်အစုံ စစ်ဆေးဖို့ ဘယ်လိုတွေ ပြင်ဆင်ထားမလဲ

    • သွေးယိုတာ ရပ်အောင်လို့ လက်မောင်းပတ်လည်မှာ အဝတ်တစ်ခု ပတ်ထားပါမယ်။ အဲဒီလို လုပ်ခြင်းက သွေးကြောတွေကို ပိုကြီး၊ ပိုထင်ရှားလာစေပြီး သွေးဖောက်ရ လွယ်အောင် ကူညီပေးပါတယ်။
    • သွေးဖောက်မယ့် နေရာကို အရက်ပြန်နဲ့ ပိုးသတ်ပြီး သန့်ရှင်းအောင် လုပ်ပါမယ်။
    • အပ်ကို သွေးပြန်ကြောထဲကို ထိုးထည့်ပါမယ်။ လိုအပ်ရင် တစ်ကြိမ်ထက်ပိုပြီး ထိုးရပါမယ်။
    • သွေးထည့်ထားဖို့အတွက် ပြွန်တစ်ခုနဲ့ ဆက်ထားပါမယ်။
    • သွေး လုံလုံလောက်လောက် ရပြီးပြီ ဆိုရင်တော့ လက်မောင်းမှာ ပတ်ထားတဲ့ အပတ်ကို ဖယ်ပါမယ်။
    • ဆေးထိုးထားတဲ့ နေရာမှာ ဆေးထိုးအပ်ကို ဖယ်ပြီးတာတဲ့ ဂွမ်းလေးနဲ့ အုပ်ထားပေးပါမယ်။
    • ဆေးထိုးထားတဲ့ နေရာမှာ ခဏ ဖိထားပေးပြီး ပလာစတာ ကပ်ထားပေးပါမယ်။

စစ်ဆေးခြင်း နှင့် အဖြေရှာခြင်း

သွေးဥဆဲလ် အပြည့်အစုံ စစ်ဆေးခြင်း ပြုလုပ်ပြီးတဲ့အခါ ဘာတွေဖြစ်နိုင်သလဲ

စစ်ဆေးချက်လုပ်နေစဉ်မှာ

သွေးနမူနာကို လက်မှာရှိတဲ့ သွေးပြန်ကြော တစ်ခုကနေ ယူပါတယ်။ အပေါ်လက်မောင်းမှာ အပတ်တစ်ခု ပတ်ထားတဲ့ အတွက် အနည်းငယ် တင်းကြပ်ပြီး မသက်မသာ ခံစားမှုမျိုး ခံစားရပါလိမ့်မယ်။ အပ်ထိုးထားတဲ့အတွက် ဘာမှ မခံစားရတာမျိုးလည်း ဖြစ်နိုင်သလို စူးနေတာမျိုးလည်း ခံစားရနိုင်ပါတယ်။

သွေးဥဆဲလ် အပြည့်အစုံ စစ်ဆေးခြင်းလုပ်ပြီး ဘာတွေဖြစ်နိုင်သလဲ

သွေးဖောက်ရတဲ့ အတွက်တော့ ပြဿနာရှိနိုင်ခြေ အရမ်းနည်းပါတယ်။

ပထမဆုံးအနေနဲ့ အဲဒီ ဆေးထိုးထားတဲ့ နေရာမှာ အနည်းငယ် ညိုမည်းနေတာမျိုး ရှိနိုင်ပါတယ်။ ဒါပေမယ့် ဆေးထိုးပြီးတဲ့အခါ မိနစ်အနည်းငယ်အကြာ ဖိထားပေးခြင်းအားဖြင့် အဲဒီလို အညိုအမည်း ဒဏ်ရာဖြစ်နိုင်ခြေကို လျော့နည်းအောင် လုပ်နိုင်ပါတယ်။

တချို့ ရှားပါးတဲ့ အခြေအနေတွေမှာတော့ သွေးနမူနာ ယူပြီးချိန်မှာ သွေးကြောမှာ ဖောင်းတင်းပြီး ယောင်ယမ်းတာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီလို ဖြစ်တာကို phlebitis လို့ ခေါ်ပါတယ်။ အဲဒီလို ဖြစ်လာပြီဆိုရင်တော့ ရေနွေးအိတ်လိုမျိုး အနွေးဓါတ်ပေးနိုင်တာ တစ်ခုခုနဲ့ တစ်နေ့ကို အကြိမ်များစွာ ဖိထားပေးသင့်ပါတယ်။

ဒါ့အပြင် သွေးရောဂါရှိတဲ့ သူတွေမှာ သွေးဖောက်ပြီးနောက် သွေးမတိတ်ဘဲ သွေးဆက်ယိုနေတာမျိုး ဖြစ်တတ်ပါတယ်။ asprin, warfarin နဲ့ တခြား သွေးကျဲစေတဲ့ ဆေးတွေကလည်း သွေးကိုပိုပြီး ထွက်စေနိုင်ပါတယ်။

ဒါကြောင့် သင့်မှာ သွေးယိုတာ၊ သွေးခဲတာနဲ့ ပတ်သက်တဲ့ ရောဂါတွေ ရှိနေရင်၊ သို့မဟုတ် သွေးကျဲဆေးတွေ သောက်နေရရင် သွေးနမူနာ မဖောက်ခင်မှာ ဆရာဝန်ကို ပြောပြရပါမယ်။

သွေးဆဲလ် အပြည့်အစုံ စစ်ဆေးမှုနဲ့ ပတ်သက်ပြီး ထပ်ပြီး မေးစရာ အချက်အလက်တွေ ရှိပါက ဆရာဝန်နဲ့ တွေ့ဆုံပြီး ဆွေးနွေး တိုင်ပင်နိုင်ပါတယ်။

စစ်ဆေးချက် အဖြေကို ရှင်းပြခြင်း

စစ်ဆေးချက် အဖြေက ဘာကို ဆိုလိုသလဲ

ရလဒ် အဖြေက ဓါတ်ခွဲခန်း တစ်ခုနဲ့တစ်ခုကြား ကွာခြားချက်တွေ ရှိနိုင်ပါတယ်။ ပုံမှန်မဟုတ်တဲ့အဖြေ ထွက်လာပါက ပြဿနာ တစ်ခုခု ရှိနေပြီဆိုတာကို ဖော်ပြပါတယ်။

  • သွေးနီဥ အရေအတွက်၊ Hemoglobin နဲ့ သွေးထဲမှာ သွေးနီဥပမာဏ ဘယ်လောက်ရှိတယ်ဆိုတာ တိုင်းတာခြင်း။

ဒီတိုင်းတာချက်တွေ အားလုံးမှာ ပုံမှန်ရှိရမယ့် ပမာဏအောက် နည်းနေပြီဆိုရင် သွေးအားနည်းရောဂါ ရှိနေတာ ဖြစ်ပါတယ်။

သွေးအားနည်းရောဂါဟာ မောပန်းလွယ်တာတွေ၊ အားနည်းတာတွေ ဖြစ်စေနိုင်ပါတယ်။ ဗိုက်တာမင်၊ သို့မဟုတ် သံဓါတ် နည်းနေခြင်း၊ သွေးထွက်ခြင်းတို့ အပါအဝင် သွေးအားနည်းရောဂါကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေ အများကြီး ရှိပါတယ်။

ပုံမှန်ရှိရမယ့် သွေးနီဥ ပမာဏထက် များနေပါက (erythrocytosis) သို့မဟုတ် hemoglobin သို့မဟုတ် Hematocrit တိုင်းတာရာမှာ များနေရင် polycythemia (သွေးနီဥများသောရောဂါ) သို့မဟုတ် နှလုံးရောဂါ စတဲ့ ရောဂါအခြေအနေ တစ်ခုခု ရှိနေတယ်လို့ ပြောနိုင်ပါတယ်။

  • သွေးဖြူဥ အရေအတွက်

သွေးဖြူဥ အရေအတွက် နည်းနေခြင်း (leukopenia) ဟာ ကိုယ့်ဆဲလ် ကိုယ်ပြန်တိုက်သော ခုခံအားစနစ်ရှိသော ရောဂါမှ သွေးဖြူဥတွေကို တိုက်ခိုက်ခြင်းကြောင့်၊ ရိုးတွင်းခြင်ဆီ ပြဿနာများကြောင့်၊ သို့မဟုတ် ကင်ဆာရောဂါကြောင့် စတဲ့ အခြေအနေတွေကြောင့် ဖြစ်နိုင်ပါတယ်။ တချို့သော ရောဂါတွေကလည်း သွေးဖြူဥ အရေအတွက်ကို လျော့နည်းစေနိုင်ပါတယ်။

သွေးဖြူဥ အရေအတွက်ဟာ ပုံမှန်ထက် များနေပြီ ဆိုရင်တော့ သင့်မှာ ရောဂါပိုးဝင်ခြင်း၊ သို့မဟုတ် ယောင်ယမ်းခြင်းတွေ ဖြစ်နေပါပြီ။ သို့မဟုတ် အဲဒီလို များနေတာက ခုခံအားစနစ်နဲ့ ပတ်သက်တဲ့ ရောဂါ၊ သို့မဟုတ် ရိုးတွင်းခြင်ဆီရောဂါ တစ်ခုခု ဖြစ်နေနိုင်ပါတယ်။ ဆေးကုသမှုကို တုံ့ပြန်တာကြောင့်လည်း သွေးဖြူဥ အရေအတွက် များလာတာ ဖြစ်နိုင်ပါတယ်။

  • သွေးဥမွှား အရေအတွက်

သွေးဥမွှား အရေအတွက်ဟာ ပုံမှန်အောက် နည်းနေပြီဆိုရင် (thrombocytopenia) သို့မဟုတ် ပုံမှန် ထက်များနေရင် (thrombocytosis) ရောဂါ အခြေအနေ တစ်ခုခု၊ သို့မဟုတ် ဆေးကုသမှု တစ်ခုခုရဲ့ ဆိုးကျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ပုံမှန်ရှိရမယ့် ပမာဏ အတွင်းမှာ လုံးဝ မရှိတော့ရင်တော့ ဘာကြောင့် ဖြစ်တယ်ဆိုတာ သိဖို့ ထပ်ပြီး စစ်ဆေးဖို့ လိုအပ်လာပါပြီ။

စစ်ဆေးချက် အဖြေနဲ့ ပတ်သက်ပြီး မေးစရာရှိပါက ဆရာဝန်နဲ့ ဆက်လက် ဆွေးနွေးသင့်ပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေ အတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မျှဝေမည်

တည်းဖြတ်သည့်နေ့ စက်တင်ဘာ 12, 2017 | နောက်ဆုံးတည်းဖြတ်ခြင်း ဒီဇင်ဘာ 2, 2019

သင်ဒါလည်း နှစ်သက်နိုင်ပါတယ်။