backup og meta

လည်ချောင်းနာတဲ့အခါ ငုံဆေးနဲ့ ခံတွင်းသန့်ဆေးရည် ဘယ်ဟာက အကောင်းဆုံးဖြစ်မလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 03/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လည်ချောင်းနာတဲ့အခါ ငုံဆေးနဲ့ ခံတွင်းသန့်ဆေးရည် ဘယ်ဟာက အကောင်းဆုံးဖြစ်မလဲ။

    လည်ချောင်းနာတာက ခံရရခက်တဲ့ဝေဒနာပါ။ လည်ချောင်းနာတဲ့အခါ စားရသောက်ရခက်ခဲသလို တံထွေးမျိုချနိုင်ဖို့တောင် အနိုင်နိုင်ဖြစ်ရတဲ့အပြင် စကားပြောရခက်ခဲတာ၊ အစားအစာတွေစားချင်ပေမယ့် မျိုချရခက်နေတာ၊ခေါင်းကိုက်တာ၊ မအီမသာဖြစ်တာ၊ လည်ချောင်းထဲက ပူသလိုလိုဖြစ်တာတွေကို ခံစားရနိုင်ပါတယ်။ လည်ချောင်းနာနေချိန်မှာတင် ဝေဒနာကိုခံစားရတာမဟုတ်ပါဘူး။ လည်ချောင်းနာ သက်သာလာတဲ့ အချိန်မှာလည်း လူကြားထဲ ရောက်တဲ့အခါ လည်ပင်းထဲက ယားသလိုလို လူကြားထဲ ရောက်နေချိန်မှာ ချောင်းဆိုးချင်သလိုလို လည်ချောင်းထဲက ဖြစ်လာတာမျိုးတွေ ကြုံရနိုင်ပါတယ်။ ဒီဝေဒနာတွေကို သက်သာစေဖို့ ရွေးချယ်လို့ရနိုင်မယ့် အကောင်းဆုံးနည်းလမ်းကဘာဖြစ်မလဲ။ ငုံဆေးနဲ့ ခံတွင်းသန့်ဆေးရည် ဘယ်ဟာက အကောင်းဆုံးဖြစ်မလဲဆိုတာ ဆက်ကြည့်ရအောင်။

    လည်ချောင်းနာဝေဒနာအကြောင်း တစေ့တစောင်း

    လည်ချောင်းနာတဲ့အကြောင်းကနေ စလိုက်ကြရအောင်ပါ။ လည်ချောင်းနာတာကို အပူတွေ များနေလို့ ဖြစ်မယ်၊ အပူအစပ်တွေ စားလွန်းတာကြောင့် ဖြစ်မယ်လို့ ပြောတာမျိုး ကြားဖူးမှာပေါ့။ တကယ်တော့ လည်ချောင်းနာတာကို ဖြစ်စေတဲ့အဓိကအကြောင်းအရင်းက ဗိုင်းရပ်စ်ပါ။

    လည်ချောင်းနာ ဝေဒနာ ဖြစ်တဲ့အခါ လည်ချောင်းထဲက နာလာမယ်၊ စပ်ဖျဉ်းဖျဉ်း ဖြစ်တာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒါက ရောဂါ အစပျိုးချိန်မှာပါ။ အဲ့ဒီအချိန်ထိတော့ အစားအစာတွေ မျိုချလို့ ရနေဦးမှာပါ။ အစားအစာတွေက ကြမ်းကြမ်းတမ်းတမ်းဖြစ်မှ တစ်ချက်တစ်ချက် တော်တော်လေး နာမှာပါ။ အရည်လောက်ကိုတော့ ရှောရှောရှူရှူ ဝင်နေဦးမှာပါ။ တံထွေးမျိုချလို့လည်း မခက်သေးဘူးလေ။ နောက်တစ်ရက် ရောဂါအခြေအနေ ပိုဆိုးလာချိန်မှာတော့ တံထွေးမျိုချဖို့တောင် တော်တော်လေး ခက်နေပါပြီ။

    လည်ချောင်းနာတဲ့အခါ အိမ်တွင်းကုထုံးလေးတွေနဲ့ ကုသရင်တောင်မှ ပျောက်ကင်းသက်သာသွားနိုင်ပါတယ်။ အရမ်းပြင်းထန်လာရင်တော့ ဆရာဝန်နဲ့ပြသဖို့လိုပါလိမ့်မယ်။ ဒီထဲမှာ အသုံးအများဆုံးက‌တော့ ငုံဆေးပြားတွေ ငုံတာ၊ ခံတွင်းသန့်ဆေးရည်နဲ့ အာလုပ်ကျင်းတာပါ။ ဒီနှစ်ခုက ဘယ်ဟာပိုကောင်းလဲဆိုတာ ဆက်ကြည့်ရအောင်။

    လည်ချောင်းနာတဲ့အခါ ငုံဆေးနဲ့ ခံတွင်းသန့်ဆေးရည် ဘယ်ဟာက အကောင်းဆုံးဖြစ်မလဲ။

    ငုံဆေးပြား။

    ငုံဆေးပြား ရွေးမယ်ဆိုရင် ပူရှိန်းရှိန်းလေးဖြစ်စေတဲ့ ပရုတ် အနည်းငယ် ပါတာမျိုးကို ရွေးချယ်ဖို့ပါမယ်။ လူကြားထဲသွားတဲ့အခါ လည်ချောင်းထဲကယားကျိကျိဖြစ်လာတာ၊ အစည်းအဝေးခန်းထဲလို နေရာမျိုး၊ presentation လုပ်တဲ့အခါမျိုးမှာ လည်ချောင်းထဲက ယားကျိကျိဖြစ်တာမျိုးကို သက်သာစေဖို့ဆိုရင်တော့ ငုံဆေးပြားက အဆင်ပြေပါတယ်။

    ငုံဆေးရဲ့ အာနိသင်က လည်ချောင်းအတွင်းပိုင်းမှာရှိတဲ့ ရောင်ရမ်းနေတဲ့တစ်ရှူးတွေကို ခံစားနိုင်စွမ်းလျော့သွားအောင်လုပ်ပေးတာကြောင့် လည်ချောင်းနာတာကို သက်သာစေနိုင်ပါတယ်။ ငုံဆေးပြားက တံထွေးထွက်လာအောင်လုပ်ပေးတာကြောင့် လည်ချောင်းထဲမှာ ရှောရှောရှူရှူ ဖြစ်စေနိုင်စွမ်းရှိပါတယ်။

    ငုံဆေးပြားမှာ အပေါ်ကပြောခဲ့သလို လူကြားထဲမှာ အလွယ်တကူအသုံးပြုလို့ရပေမယ့် အားနည်းချက်အနေနဲ့ကတော့ မတော်တဆသီးတာ၊ နင်တာမျိုးဖြစ်စေနိုင်တာပါ။ ငုံဆေးပြားက ကလေးငယ်လေးတွေအတွက်လည်း သင့်တော်မှုမရှိပါဘူး။

    ခံတွင်းသန့်ဆေးရည်။

    ခံတွင်းသန့်ဆေးက လည်ချောင်းနာတာကိုတင် သက်သာပျောက်ကင်းစေတာ မဟုတ်ဘဲ ခံတွင်းကျန်းမာရေး အတွက်လည်း တော်တော်လေး အသုံးတည့်ပါတယ်။ ခံတွင်းသန့်ဆေးနဲ့ ပလုပ်ကျင်းတဲ့အခါ ခံတွင်းထဲမှာ ရှိနေတဲ့ ဘက်တီးရီးယားတွေ၊ သွားနဲ့သွားဖုံးကို ထိခိုက်စေနိုင်တဲ့ အရာတွေနဲ့ အအေးမိဖျားနာနဲ့ တုပ်ကွေးဖြစ်စေနိုင်တဲ့ ပိုးမွှားတွေကိုပါ သေစေနိုင်တဲ့ အာနိသင် ရှိနေပါတယ်။

    လည်ချောင်းနာတယ်ဆိုတာက အများအားဖြင့် ဖြစ်တာက ဗိုင်းရပ်စ်ကြောင့်ပါ။ လည်ချောင်းနာတာနဲ့အတူ တွဲပါလာတတ်တာကတော့ အအေးမိနဲ့ တုပ်ကွေးရောဂါတွေ ဖြစ်ပါတယ်။ ကိုယ်ခံအား ကျဆင်းနေတဲ့ အချိန်ဖြစ်တဲ့အတွက် ပိုမိုကြီးမားတဲ့ ရောဂါပိုးတွေ ဝင်ရောက်လာဖို့လည်း လမ်းဖွင့်ပေးသလိုဖြစ်သွားပြီး အဖျားတာရှည်တာနဲ့ ရောဂါဝေဒနာ ပိုဆိုးတာတွေ ဖြစ်နိုင်ပါတယ်။

    ခံတွင်းသန့်ဆေးရည်တွေက စက္ကန့် ၃၀ ကြာ ပလုပ်ကျင်းပေးရုံနဲ့ လည်ချောင်းထဲက အန္တရာယ်ရှိတဲ့ ရောဂါပိုးတွေကို သေစေနိုင်မှာ ဖြစ်ပါတယ်။ အအေးမိတုပ်ကွေး ဖြစ်စေတဲ့ ဗိုင်းရပ်စ်တွေကို ရှင်းလင်းပြီးဖြစ်သလို နောက်ဆက်တွဲ ဝင်လာမယ့် ရောဂါပိုးတွေကိုလည်း ကာကွယ်ပြီးသား ဖြစ်ပါတယ်။

    သူ့ရဲ့ အားနည်းချက်ကတော့ ငုံဆေးပြား ထက်စာရင် ကရိကထ များတာပါ၊၊ ပလုပ်ကျင်းမှာ ဖြစ်တဲ့အတွက် နေရာရှာဖို့ လိုအပ်ပြီး လူကြားထဲမှာ သုံးလို့ အဆင်မပြေတာမျိုး ဖြစ်တတ်ပါတယ်၊၊

    ငုံဆေးပြားလား၊ ခံတွင်းသန့်ဆေးရည်လား

    တကယ်တော့ ၂ခုလုံးက သူ့နေရာနဲ့သူ အရေးပါပါတယ်၊၊ လူကြားသူကြားထဲမှာ လည်ချောင်းတွေ မခံနိုင်လောက်အောင် ယားယံနေပြီဆိုရင် ငုံဆေးပြားလေးနဲ့ အရေးပေါ် ဖြေရှင်းလို့ရပါတယ်၊၊ ခံတွင်းထဲက ပိုးတွေပါ သေစေချင်တယ်ဆိုရင်တော့ ခံတွင်းသန့်ဆေးရည်နဲ့ ပလုပ်ကျင်းပေးနိုင်ပါတယ်၊၊ လည်ချောင်းနာဝေဒနာကို နှစ်ခုလုံးက သက်သာစေတာကြောင့် မိမိနှစ်သက်သလို အသုံးပြုနိုင်ပါတယ်၊၊

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 03/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement