backup og meta

စိတ်ဖိစီးမှုကြောင့် ပိုမိုဆိုးရွားနိုင်သည့် ရောဂါဝေဒနာများ


Dr. Thant Zin မှ ရေးသားသည်။ · 14/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိတ်ဖိစီးမှုကြောင့် ပိုမိုဆိုးရွားနိုင်သည့် ရောဂါဝေဒနာများ

    စိတ်ဖိစီးမှုဆိုတာဟာ ထိတ်လန့်ပြီး စိတ်မသက်မသာဖြစ်ရမယ့် အခြေအနေတခုခုကို သင့်ကိုယ်ခန္ဓာကနေ တုံ့ပြန်ခြင်းတမျိုးပဲ ဖြစ်ပါတယ်။ ဥပမာ အလုပ်ပြုတ်မှာ စိုးရိမ်တဲ့ စိတ်ဖိစီးခြင်းကြောင့် သင့်အလုပ်ကို သေချာအာရုံစိုက်လုပ်မိပါလိမ့်မယ်။ မြွေကိုက်မှာစိုးရိမ်စိတ်ကြောင့် ဂရုတစိုက် ကြည့်ရှုသွားလာမိပါလိမ့်မယ်။

    ဒါကြောင့် ယေဘုယျအားဖြင့် စိတ်ဖိစီးတဲ့အခြေအနေဟာ သင့်အတွက် တခုခုကို တွန်းအားပေးဖို့ လိုအပ်ပါတယ်။ ဒါပေမယ့် စိတ်ဖိစီးခြင်းပမာဏဟာ များပြားလွန်းရင်တော့ ကျန်းမာရေးကိုပါ ထိခိုက်လာစေပါလိမ့်မယ်။ အထူးသဖြင့် ကိုယ်ခံအားစနစ် ကျဆင်းပြီး ရောဂါဘယဖြစ်ရင် ပိုမိုထိခိုက်ခံစားရပါတယ်။

    စိတ်ဖိစီးမှုကြောင့် ရောဂါလက္ခဏာတွေပေါ်လာတတ်ပါတယ်။ စိတ်ဖိစီးလေ ဝေဒနာပိုဆိုးလေ ဖြစ်တတ်ပါတယ်။ စိတ်ဖိစီးခြင်းကြောင့် ပေါ်လာတတ်တဲ့ လက္ခဏာတွေကတော့

    – နှလုံးခုန်မြန်ခြင်း

    – သွေးတိုးခြင်း

    – အသက်ရှူမြန်ခြင်း

    – ကြွက်သားများတောင့်တင်းခြင်း

    – ပျို့အန်ခြင်း

    – ခေါင်းကိုက်ခြင်း

    – မူးဝေခြင်း စတာတွေ ဖြစ်ပါတယ်။

    စိတ်ဖိစီးမှုဆက်တိုက်မြင့်မားနေရင် အထက်ပါလက္ခဏာတွေ တွေ့လာရတတ်တဲ့အပြင် ကျန်းမာရေးကို ထိခိုက်လာပါတယ်။ အထူးသဖြင့် အောက်ပါအခြေအနေတွေ ဖြစ်ပါတယ်။

    အဖျားတက်ခြင်း

    စိတ်ဖိစီးမှုကို ကာလရှည်ကြာ ခံစားရခြင်း၊ စိတ်ထိခိုက်ခံစားစရာ အခြေအနေတွေ တွေ့ကြုံရခြင်း စတာတွေကြောင့် အဖျားဝေဒနာ ခံစားရနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရပြီး ဖျားတာကြောင့် psychogenic fever လို့လည်း ခေါ်ပါတယ်။ ဗိုင်းရပ်စ်နဲ့ တခြားရောဂါပိုးတွေကြောင့်မဟုတ်ဘဲ ဖျားနာခြင်း ဖြစ်ပါတယ်။

    လူတချို့မှာ နာတာရှည်စိတ်ဖိစီးခြင်းကြောင့် အဖျားငွေ့ငွေ့ (၉၉ နှင့် and ၁၀၀˚ဖာရင်ဟိုက်အကြား) ကို တောက်လျှောက်ကြုံတွေ့နိုင်ပါတယ်။ စိတ်ထိခိုက်စရာ အခြေအနေတွေကို ရုတ်တရက်ကြုံတွေ့ထားသူတွေမှာတော့ ၁၀၆˚ဖာရင်ဟိုက်ထိ အပြင်းဖျားနိုင်ပါတယ်။ ဒီလိုဖျားနာခြင်းမျိုးဟာ ဘယ်သူ့ဆီမှာမဆို ဖြစ်ပွားနိုင်ပေမယ့် ငယ်ရွယ်တဲ့ အမျိုးသမီးတွေမှာ ပိုမိုအတွေ့များပါတယ်။

    တုပ်ကွေးဖြစ်ခြင်း

    သုတေသနတခုရဲ့ တွေ့ရှိချက်အရ နာတာရှည်စိတ်ဖိစီးခြင်း အခြေအနေမှာ ကိုယ်ခန္ဓာဟာ ရောင်ရမ်းခြင်းပြဿနာတွေကို သေချာစွာ တုံ့ပြန်နိုင်ခြင်းမရှိပါဘူး။ ရောင်ရမ်းခြင်းဟာ ရောဂါမျိုးစုံနဲ့ ဆက်နွယ်နေပါတယ်။ အထူးသဖြင့် ရာသီတုပ်ကွေးရောဂါပိုးတွေ အလွယ်တကူ ဝင်ရောက်ကူးစက်နိုင်ပါတယ်။ နှာစေးခြင်း၊ ချောင်းဆိုးခြင်း၊ ဖျားနာခြင်း စတာတွေ ပိုဆိုးစေပါတယ်။

    အစာအိမ်အူလမ်းကြောင်းပြဿနာ

    စိတ်ဖိစီးချိန်မှာ အစာအိမ်အူလမ်းကြောင်းစနစ်ဟာ သေချာစွာ အလုပ်မလုပ်နိုင်တော့ပါဘူး။ အူလမ်းကြောင်း ပြဿနာတွေဖြစ်တဲ့ ဗိုက်အောင့်ခြင်း၊ ပျို့အန်ခြင်း၊ အစာမကြေခြင်း၊ ဝမ်းပျက်ခြင်း၊ ဝမ်းချုပ်ခြင်း စတာတွေ ကြုံတွေ့နိုင်ပါတယ်။ အစာအိမ်မှာ အချဉ်ဓာတ်များပြီး လေပူထတဲ့အခြေအနေတွေမှာ စိတ်ဖိစီးခြင်းကြောင့် ပိုဆိုးနိုင်ပါတယ်။ သေချာစွာ ကုသခြင်းမပြုရင် အစာအိမ်အနာဖြစ်ခြင်း၊ အူလမ်းကြောင်း အနာဖြစ်ခြင်း စတာတွေ ဖြစ်လာနိုင်ပါတယ်။

    စိတ်ကျခြင်း

    နာတာရှည်စိတ်ဖိစီးခြင်းကြောင့်ဖြစ်စေ၊ ခဏတာ စိတ်ဖိစီးတဲ့ အခြေအနေတွေ များလာရင်ဖြစ်စေ စိတ်ကျခြင်းပါ ဖြစ်လာနိုင်ပါတယ်။ စိတ်ဖိစီးခြင်းဟာ ဦးနှောက်ထဲက ဓာတ်ပစ္စည်းတွေဖြစ်တဲ့ ဆီရိုတိုနင်၊ ဒိုပါမင်း၊ နော်အပီနက်ဖရင် စတာတွေကို ကမောက်ကမဖြစ်စေပါတယ်။ ကော်တီဆောဟော်မုန်းကိုလည်း မြင့်တက်လာစေပါတယ်။ ဒါတွေဟာ စိတ်ဓာတ်ကျခြင်းကို ဖြစ်စေပါတယ်။

    ခေါင်းကိုက်ခြင်း

    စိတ်ဖိစီးခြင်းကြောင့် ခေါင်းကိုက်ခြင်း၊ ခေါင်းတခြမ်းကိုက်ခြင်း၊ ခေါင်းအုံခြင်း အခြေအနေတွေ ဖြစ်နိုင်ပါတယ်။ သုတေသနတွေ့ရှိချက်တစ်ခုအရ စိတ်ဖိစီးမှုတစ်ခုခုကို ကြုံလိုက်ရပြီးချိန်မှာ ဖိစီးမှုလျော့ကျသွားရင်တောင် ခေါင်းတစ်ခြမ်းကိုက်ဝေဒနာကို ၂၄ နာရီအတွင်း ခံစားရတတ်တယ်လို့ ဆိုပါတယ်။

    ရင်ကျပ်ပန်းနာ၊ ဓာတ်မတည့်ခြင်း

    စိတ်ဖိစီးခြင်းကြောင့် ပန်းနာရင်ကျပ်ရောဂါအခံရှိသူတွေမှာ ရောဂါပိုဆိုးလာတတ်ပါတယ်။ ဟစ်စ်တမင်းဓာတ် မြင့်တက်တာကြောင့်လည်း ဓာတ်မတည့်ခြင်းလက္ခဏာတွေ တွေ့ရတတ်ပါတယ်။ စိတ်ဖိစီးစရာ အခြေအနေကြုံလာတတ်ချိန်မှာ ကိုယ်ခန္ဓာတစ်ရှူးတွေထဲမှာရှိတဲ့ ဆဲလ်တမျိုးကနေ ဟစ်စ်တမင်းဓာတ်တွေ ထုတ်လွှတ်တတ်လို့ ဓာတ်မတည့်ခြင်းလက္ခဏာတွေဖြစ်တဲ့ ယားယံခြင်း၊ နီရဲရောင်ရမ်းခြင်း၊ နှာရည်ကျခြင်း၊ အသက်ရှူကြပ်ခြင်း စတာတွေ ဖြစ်ပေါ်ရခြင်းဖြစ်ပါတယ်။

    နှလုံးရောဂါ

    စိတ်ခံစားမှုကြောင့်ဖြစ်တဲ့ စိတ်ဖိစီးမှု (emotional stress)၊ အလုပ်ကြောင့် စိတ်ဖိစီးမှု၊ ငွေရေးကြေးရေးကြောင့် စိတ်ဖိစီးမှု စတဲ့စိတ်ဖိစီးမှုအားလုံးဟာ နှလုံးရောဂါဖြစ်နိုင်ခြေကို မြင့်စေပါတယ်။ စိတ်ဖိစီးခြင်းဟာ သွေးပေါင်ချိန်ကို မြင့်တက်စေပြီး ကိုလက်စထရောကိုလည်း များစေပါတယ်။ သုတေသနတွေအရ စိတ်ဖိစီးခြင်းကြောင့် နှလုံးထိခိုက်ပြိး (heart attack) သေဆုံးနိုင်ခြေ များတယ်လို့ သိရပါတယ်။

    နာကျင်ကိုက်ခဲခြင်း

    စိတ်ဖိစီးခြင်းဟာ သင့်ကိုယ်ခန္ဓာတစ်ခုလုံးကို နာကျင်ကိုက်ခဲစေပါတယ်။ ကြွက်သားများကို တင်းတောင့်စေတာမို့ လည်ပင်းနှင့် ပခုံးနာကျင်ကိုက်ခဲခြင်း၊ ခါးနာခြင်း၊ ကျောအောင့်ခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ သုတေသနတွေအရ စိတ်ဖိစီးချိန်မှာ နာကျင်မှုဒဏ်ကို ပိုမိုခံစားရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အဆစ်အမြစ်နာကျင်ကိုက်ခဲတတ်သူများဟာ စိတ်ဖိစီးချိန်မှာ ပိုမိုခံစားရတတ်တယ်လို့ ဆိုပါတယ်။

    ……………………………………………..

    အထက်ဖော်ပြပါ အခြေအနေတွေကတော့ စိတ်ဖိစီးရင် ပိုမိုဆိုးရွားနိုင်တဲ့ ရောဂါအခြေအနေတွေ ဖြစ်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှု လျော့ပါးအောင် တတ်နိုင်သမျှ နေထိုင်စားသောက်ရပါမယ်။ သီချင်းနားထောင်ခြင်း၊ ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်း၊ စာဖတ်ခြင်း၊ အိပ်ရေးဝအောင်အိပ်ခြင်း စတဲ့နည်းလမ်းတွေနဲ့ စိတ်ဖိစီးမှုကို ဖြေလျှော့ရပါမယ်။ မိမိဖာသာ ဖြေရှင်းလို့ အဆင်မပြေရင် နားလည်တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်ပြသသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 14/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement