ပိုလီယိုအကြောပျော့ရောဂါက ကုရာနတ္ထိဆေးမရှိတာကြောင့် ကာကွယ်ဆေးထိုးထားတာက အကောင်းဆုံးနည်းလမ်းပါပဲ။ ပိုလီယိုရောဂါ ကာကွယ်ဆေး မှာ အစက်ချဆေး (သောက်ဆေး)နဲ့ ထိုးဆေးဆိုပြီး ၂မျိုးရှိပြီး မြန်မာနိုင်ငံရဲ့ ကာကွယ်ဆေးထိုးအချိန်ဇယားမှာတော့ ၂မျိုးလုံးကို ထည့်သွင်းထားပါတယ်။
ပိုလီယိုရောဂါဆိုတာ
ပိုလီယိုရောဂါက ဗိုင်းရပ်စ်ကြောင့်ဖြစ်တာဖြစ်ပြီး ၅နှစ်အောက် ကလေးတွေမှာ အဖြစ်များပါတယ်။ ဝမ်းနဲ့ နှာချေချောင်းဆိုးလို့ ထွက်တဲ့ အမှုန်အမွှားတွေမှာ ပါတတ်ပါတယ်။ ဥပမာ လူတစ်ယောက်က နှာချေပြီး၊ အိမ်သာဝင်ပြီး လက်မဆေးဘူးဆိုရင် ဗိုင်းရပ်စ်က ပြန့်နှံ့နိုင်ပါတယ်။ ဒါ့ပြင် ဝမ်းထဲမှာ ဗိုင်းရပ်စ်ပါပြီး ဒီဝမ်းပါတဲ့ရေကို သောက်ရေအဖြစ် အသုံးပြုမယ်ဆိုရင်လည်း ကူးတတ်ပါတယ်။ အရင်တုန်းက နယ်တွေမှာ အိမ်သာမရှိတဲ့အတွက် မြစ်၊ချောင်းတွေထဲကို စွန့်ပစ်ကြပြီး မြစ်၊ချောင်းက ရေတွေကိုပဲ သောက်ရေအဖြစ် အသုံးပြုကြတဲ့အခါ ကူးစက်တတ်ပါတယ်။
ပိုလီယိုဗိုင်းရပ်စ်က ကူးစက်တဲ့အခါ များသောအားဖြင့် လက္ခဏာမပြတတ်ပါဘူး။ အနည်းစုကတော့ တုပ်ကွေးဆန်ဆန် လက္ခဏာတွေ ခံစားရတတ်ပါတယ်။ အဆိုးဆုံးကတော့ အကြောသေသွားတာပါ။ ကြွက်သားတွေ အားနည်းပြီး လှုပ်ရှားလို့မရတော့တာ၊ အစာစားရ၊ အသက်ရှူရခက်တာတွေထိ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့်ပဲ ပိုလီယိုအကြောပျော့ ဒါမှမဟုတ် ပိုလီယိုအကြောသေရောဂါလို့ ခေါ်တာပဲ ဖြစ်ပါတယ်။
ဒီလိုအခြေအနေရောက်သွားရင်တော့ ပြန်ကောင်းအောင် ကုသလို့ မရတော့သလို အခန့်မသင့်ရင် အသက်ဆုံးရှုံးသည်အထိ ဖြစ်သွားနိုင်ပါတယ်။
ပိုလီယိုရောဂါ ကာကွယ်ဆေး ဘယ်နှမျိုးရှိသလဲ
ပိုလီယိုရောဂါ ကာကွယ်ဆေးမှာ ထိုးဆေးနဲ့ အစက်ချဆေး (သောက်ဆေး) ဆိုပြီး ၂မျိုးရှိပါတယ်။
- Inactivated polio vaccine (IPV)
ထိုးဆေးအမျိုးအစားဖြစ်ပြီး ကလေး အသက် ၄လမှာ တစ်ကြိမ်ထိုးပေးပါတယ်။
-
Oral polio vaccine (OPV)
အစက်ချဆေး အမျိုးအစားဖြစ်ပြီး ကလေးအသက် ၂လ၊ ၄လ၊ ၆လမှာ တိုက်ပါတယ်။ ပိုလီယိုကင်းစင်သွားတဲ့ နိုင်ငံတွေမှာတော့ အစက်ချဆေးကို မတိုက်တော့ပါဘူး။
ပိုလီယိုရောဂါ ကာကွယ်ဆေး မထိုးခင် ဘာတွေသိသင့်သလဲ
ကာကွယ်ဆေးအကြိမ်ရေမပြည့်ဖူးဆိုရင် အာနိသင်ထိရောက်မှုရှိမှာ မဟုတ်တဲ့အတွက် သတ်မှတ်ထားတဲ့ အကြိမ်ရေအတိုင်း ကာကွယ်ဆေးထိုးဖို့၊ တိုက်ဖို့ မမေ့ပါနဲ့။ အနည်းငယ် အအေးမိတာမျိုးဖြစ်နေချိန်မှာလည်း ကာကွယ်ဆေးထိုးနိုင်တယ်ဆိုပေမယ့် အဖျားကြီးခြင်း ဒါမှမဟုတ် ကူးစက်ပိုးဝင်ခြင်း စတာတွေကို ခံစားနေရမယ်ဆိုရင်တော့ ရောဂါလက္ခဏာတွေ ပျောက်သွားတဲ့အချိန်မှသာ ကာကွယ်ဆေးထိုးသင့်ပါတယ်။
ဘေးထွက်ဆိုးကျိုးများ
Vaccine Poliomyelitis Injection (Ipv) (ပိုလီယိုရောဂါ ကာကွယ်ဆေး (ထိုးဆေး)) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ
အောက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးတွေ ပေါ်ပေါက်လာရင် ဆရာဝန်၊သူနာပြုတို့ကို အမြန်အသိပေးပါ။
- အသက်ရှုရခက်ခြင်း၊အစာ၊ရေ စသည် မြိုရခက်ခဲခြင်း။
- အင်ပြင်များထွက်ခြင်း။
- ယားယံခြင်း (အထူးသဖြင့် ခြေလက်များတွင်)။
- အရေပြား နီရဲခြင်း (အထူးသဖြင့် နားရွက်တဝိုက်တွင်)။
- မျက်လုံး၊မျက်နှာ သို့မဟုတ် နှာခေါင်းအတွင်းသားတို့ ဖောင်းကားရောင်ရမ်းခြင်း။
- အဖျားကြီးခြင်း (၁၀၂ ဒီဂရီ ဖာရင်ဟိုက် သို့မဟုတ် ၃၉ ဒီဂရီ စင်တီဂရိတ် ထက် များခြင်း)။
- ဂဏှာမငြိမ်ဖြစ်ခြင်း။
- အစားအသောက်ပျက်ခြင်း။
- ပင်ပန်းနွမ်းနယ်ခြင်း။
ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကို ခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ အထက်ဖော်ပြပါဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါက သင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများပြုလုပ်ပါ။
https://www.cdc.gov/polio/vaccines/index.html
https://www.mayoclinic.org/diseases-conditions/polio/symptoms-causes/syc-20376512
[embed-health-tool-bmi]