backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Raltegravir

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

အသုံးပြုပုံများ

Raltegravir ကို ဘာအတွက်အသုံးပြုကြသလဲ

Raltegravir ကို HIV ပိုးအားထိန်းချုပ်ရန်အတွက် တခြားသော HIV ဆေးများနှင့်အတူအသုံးပြုကြ၏။ ဤဆေးက သင့်ခန္ဓါကိုယ်တွင်းရှိ HIV ပိုးပမာဏကို လျော့ချပေးသောကြောင့် ကိုယ်ခံအားစနစ် ကောင်းကောင်းအလုပ်လုပ်နိုင်စေသည်။ ဆေးသည် HIV ကြောင့်ဖြစ်သည့် နောက်ဆက်တွဲပြဿနာများ (ဥပမာ – ပိုးကူးစက်ခြင်း၊ ကင်ဆာ) ဖြစ်လာနိုင်ချေကို လျော့နည်းစေပြီး ဘဝအရည်အသွေးကို တိုးတက်စေသည်။ Raltegravir က Integrase inhibitor တစ်မျိုးဖြစ်၏။ ၎င်းသည် ဗိုင်းရပ်ကို ကြီးမလာအောင်တားပေးပြီး တခြားဆဲလ်များကို မကူးအောင်လုပ်ပေးပါသည်။ Raltegravir က HIV ပျောက်ကင်းစေသည်တော့မဟုတ်ပါ။ တခြားသူများကို သူ့ဆီမှာ HIV မကူးစေရအောင် အောက်ပါတို့ကို လိုက်နာပေးပါ။ (၁) ဆရာဝန်မှညွှန်ကြားသည့်အတိုင်း HIV ဆေးများအားလုံးကို သောက်ပါ။ (၂) လိင်ဆက်ဆံတိုင်း ကောင်းမွန်သည့် အကာကွယ်ကိုသုံးပါ (Latex သို့မဟုတ် polyurethane ကွန်ဒုံးများ၊ dental dams များ)။ (၃) တစ်ကိုယ်ရေသုံးပစ္စည်းများအား မမျှပါနှင့် (ဥပမာ – အပ်များ ဆေးထိုးပြွန်များ၊ သွားတိုက်တံများနှင့် မုတ်ဆိတ်ဓါးများ)။ ၎င်းတို့တွင် သွေး သို့မဟုတ် ခန္ဓါကိုယ်ထွက်အရည်များ စွန်းနေနိုင်ပါသည်။ အသေးစိတ်အချက်အလက်များအတွက် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်နှင့်တိုင်ပင်ပါ။

Raltegravir ဘယ်လိုသောက်သုံးသင့်သလဲ

Raltegravir ကို အစာရှိရှိမရှိရှိ သောက်နိုင်ပါသည်။ Raltegravir ဝါးစားနိုင်သောဆေးပြားများကို ဝါးခြင်း၊ တစ်ပြားလုံးမျိုချခြင်းများ ပြုလုပ်နိုင်သည်။

ပုံမှန်ဆေးပြားကိုတော့ ကြိတ်ချေခြင်း၊ ဝါးခြင်း၊ ခွဲခြင်းများ မပြုလုပ်ရပါ။ တစ်ပြားလုံးမျိုချရမည်။

Raltegravir သောက်ဆေးရည်မှာ မသောက်ခင် ရေနှင့်ဖျော်ရသော အမှုန့်မျိုးဖြစ်သည်။ ဆေးအမှုန့် တစ်ထုပ်ကို ရေထမင်းစားဇွန်းတစ်ဇွန်း (5 mL) နှင့် ဖျော်ပါ။ ဆေးဖျော်ပြီးသားအား သတ်မှတ်ထားသော ချိန်တွယ်ခွက်နှင့်ချိန်ပြီး ဖျော်ပြီးနောက် မိနစ် ၃၀ အတွင်း သောက်ရပါမည်။ ဖျော်ထားသောဆေးများကို နောက်မှသုံးမည်ဆိုပြီး လုပ်လို့မရပါ။

ဆေးအား ကလေးသုံးမည်ဆိုလျှင် ကလေး၌ ကိုယ်အလေးချိန်ပြောင်းလာသည်နှင့် ဆရာဝန်ကိုပြောပါ။

Raltegravir သည် ကလေးအလေးချိန်ပေါ်တွင် မူတည်ပြီးသောက်ရသောကြောင့် တစ်ခုခုပြောင်းလျှင် ဆေးပမာဏပြောင်းရနိုင်ပါသည်။

ဆရာဝန်မှာ ဘရန်း၊ ပြင်းအား Raltegravir အမျိုးအစား ပြောင်းမည်ဆိုပါက သင့်အတွက်ဆေးပမာဏလည်း ပြောင်းရနိုင်သည်။ Raltegravir အသစ်ပေးခံရပါက သိလိုသည်များရှိလျှင် ဆေးဝါးကျွမ်းကျင်ကို မေးနိုင်ပါသည်။

ဆေးအာနိသင်ကောင်းကောင်းရရန် Raltegravir ကို မှန်မှန်သောက်ပါ။ ဆေးမကုန်ခင် ကြိုဝယ်ထားရမည်။

HIV/AIDS ကို ပေါင်းစပ်ဆေးများနှင့် ကုလေ့ရှိသည်။ ဆေးအားလုံးကို ဆရာဝန်ညွှန်သည့်အတိုင်းသောက်ပါ။ ဆေးတစ်ခုချင်းစီအလိုက်ပေးထားသော ညွှန်ကြားချက်များကို သေချာဖတ်ပါ။ ဆရာဝန်က အကြံမပြုပါဘဲ ဆေးပမာဏပြောင်း၊ ဆေးအချိန်ဇယားပြောင်းခြင်းများ မလုပ်ရ။ HIV AIDS ရှိသူတိုင်း ဆရာဝန်နှင့်သာ ကုသရမည်။

Raltegravir ဘယ်လိုသိမ်းဆည်းရမလဲ

Raltegravir ကို တိုက်ရိုက်နေရောင်ခြည်မထိုးအောင်နှင့် စိုစွတ်မှုမရှိအောင်ထားခြင်းက အကောင်းဆုံးသိုလှောင်သိမ်းဆည်းနည်းပင် ဖြစ်သည်။ ဆေးအာနိသင်ပျက်ပြယ်ခြင်းနှင့် ဆေးအနေအထား ပျက်ယွင်းမှုများ မဖြစ်စေရန် Raltegravir ကို ရေချိုးခန်းတွင်သိမ်းဆည်းခြင်းနှင့် ရေခဲအောင် သိမ်းဆည်းခြင်းမျိုးမပြုလုပ်ပါနှင့်။ Raltegravirဆေးအမျိုးအစားနှင့် ဆေးထုတ်လုပ်သည့်ကုမ္ပဏီ ကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းသောပုံစံ ကွဲပြားခြားနားမှုများ ရှိနိုင်ပါသည်။ ထို့အတွက် ဆေးဘူးအခွံ၌ပါသော သိုလှောင်သိမ်းဆည်းမှု ညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးခြင်း သို့မဟုတ် ဆေးဝါးကျွမ်းကျင်သူအား မေးမြန်းခြင်းကို အမြဲလုပ်ပါ။ လုံခြုံစိတ်ချရစေရန်အတွက် ဆေးဝါးအကုန်လုံးကို ကလေးများ၊ အိမ်မွေးတိရိစ္ဆာန်များနှင့်ဝေးရာတွင် ထားပါ။

Raltegravir အားအိမ်သာထဲပစ်ချခြင်း၊ ရေထွက်ပေါက်များမှ ဆေးချခြင်းမျိုးအား မလုပ်သင့်ပါ။ ဆေးဝါးများကို မလိုအပ်တော့သည့်အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားသည့် အခါများတွင် စနစ်တကျစွန့်ပစ်ရန် အရေးကြီး၏။ ဆေးဝါးများကို စနစ်တကျ မည်ကဲ့သို့စွန့်ပစ်ရမည်ဆိုခြင်းနှင့် ပတ်သက်၍ သင့်၏ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်နိုင်ပါသည်။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Raltegravir အသုံးမပြုခင် ဘာတွေသိသင့်သလဲ

ဤဆေးကိုမသုံးခင် သင့်ကျန်းမာရေးရာဇဝင်များကို ဆရာဝန်သို့မဟုတ် ဆေးဝါးကျွမ်းကျင်အား ပြောပြပေးပါ။ အထူးသဖြင့် အသည်းရောဂါများ (B ပိုး၊ C ပိုး)၊ ကြွက်သားရောဂါများ (rhabdomyolysis, myopathy)၊ သွေးတွင်း creatine kinase လယ်ဗယ်တက်ခြင်း (high CK test results)။

ခွဲစိတ်မှုမလုပ်ခင် သင်သုံးနေသည့်ပစ္စည်းများ (ဆရာဝန်ညွှန်သည့်ဆေး၊ အညွှန်းမလိုပဲ သောက်နိုင်သည့်ဆေးနှင့် ဘယပင်ထွက်ဆေးများ) ကို ဆရာဝန်အားပြောပါ။

ကိုယ်ဝန်ဆောင်စဉ်၌ ဆေးကို အမှန်တကယ်လိုအပ်မှသာ အသုံးပြုပါ။ ကုသမှုသည် သင့်ဆီမှ ကလေးဆီသို့ HIV ကူးသွားနိုင်ချေကို လျော့နည်းစေနိုင်သည်။Raltegravir က ကုသမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ကောင်းကျိုး ဆိုးကျိုးများအတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။

ဆေးသည် နို့ရည်ထဲသို့ ဖြတ်နိုင်မဖြတ်နိုင် မသိရသေးပါ။ HIV ပိုးသည် နို့ရည်ထဲသို့ဖြတ်နိုင်သဖြင့် နို့မတိုက်ရပါ။

ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Raltegravir ကိုသုံးစွဲဖို့ စိတ်ချရပါသလား

ယခုဆေးဝါးကို ကိုယ်ဝန်ဆောင်နေချိန်နှင့် ကလေးနို့တိုက်နေချိန်တွင် အသုံးပြုလျှင် ဆိုးကျိုးများရှိမရှိ ဆုံးဖြတ်နိုင်ရန်အတွက် လုံလောက်သောလေ့လာစမ်းသပ်ချက်များ မရှိပါ။ ဆေးမသုံးစွဲမီတွင် ဖြစ်နိုင်ချေရှိသော ကောင်းကျိုးများနှင့် ဆိုးကျိုးများအားလုံးကို ချိန်ဆနိုင်ရန်အတွက် သင့်ဆရာဝန်နှင့် တိုင်ပင်ဆွေးနွေးမှုပြုလုပ်ပါ။ ယခုဆေးဝါးသည် အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် N ရှိသည်ဟု သတ်မှတ်ထားသည်။

အမေရိကန်ပြည်ထောင်စု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးအဖွဲ့၏ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ချေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

  • A=ဆိုးကျိုးမရှိပါ။
  • B=လေ့လာမှုအချို့အရဆိုးကျိုးမရှိပါ။
  • C=ဆိုးကျိုးအချို့ရှိနိုင်ပါသည်။
  • D=ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
  • X=သောက်သုံး၍မရပါ (လုံးဝမတည့်ပါ)။
  • N=အခြေအနေကိုမသိရသေးပါ။

ဘေးထွက်ဆိုးကျိုးများ

Raltegravir ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်းနှင့် အိပ်မပျော်ခြင်းများ ဖြစ်လာနိုင်သည်။ အဆိုပါဘေးထွက်ဆိုးကျိုးများ ပျောက်မသွားလျှင် သို့မဟုတ် ပိုဆိုးလာလျှင် ဆရာဝန်၊ ဆေးဝါးကျွမ်းကျင်ကို ချက်ချင်းပြောပါ။

ဤဆေးကို ဆရာဝန်မှပေးခြင်းသည် ဘေးထွက်ဆိုးကျိုးထက် အကျိုးကျေးဇူးက ပိုများသောကြောင့် ပေးခြင်းဖြစ်ကြောင်း သိထားပါ။ လူအတော်များများ၌ ဤဆေးကြောင့် ပြင်းထန်သည့်ဘေးထွက်ဆိုးကျိုးများ ဖြစ်လေ့မရှိပါ။

ကိုယ်ခံအားပြန်ကောင်းလာသည်နှင့် သင့်တွင်ဖြစ်နေသော ကူးစက်ပိုးများကို ပြန်တိုက်ထုတ်လာနိုင်သလို ရောဂါလက္ခဏာများကို ပြန်ပေါ်လာစေနိုင်သည်။ ကိုယ်ခံအားမှ တက်ကြွလွန်းလျှင် လက္ခဏာများဖြစ်လာတတ်သည်။ ထိုဖြစ်ရပ်မှာ (HIV ဆေးစစချင်း၊ သို့မဟုတ် စပြီး လချီကြာမှ) ပေါ်လာတတ်ပါသည်။

ပြင်းထန်သည့်လက္ခဏာများဖြစ်သော အကြောင်းရင်းမရှိဝိတ်ကျခြင်း၊ အလွန်မင်း မောပန်းနေခြင်း၊ ကြွက်သားကိုက်ခြင်း၊ အားနည်းနေမှုများ ပျောက်မသွားခြင်း၊ ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ အဆစ်နာခြင်း၊ လက်၊ လက်မောင်း၊ ခြေဖဝါး၊ ခြေထောက်တို့တွင် ထုံနေခြင်း ကျဉ်နေခြင်း၊ အမြင်အာရုံပြောင်းသွားခြင်း၊ ပိုးဝင်သည့်လက္ခဏာများ (ဖျားခြင်း၊ ချမ်းတုန်ခြင်း၊ ပြန်ရည်ကျိတ်များရောင်ခြင်း၊ အသက်ရှူရခက်ခြင်း၊ ချောင်းဆိုးခြင်း၊ အရေပြားအနာများ ကျက်မသွားခြင်း)၊ သိုင်းရွိုက် တက်ကြွလွန်သည့် လက္ခဏာများ (ဂဏာမငြိမ်ခြင်း၊ စိတ်လှုပ်ရှားခြင်း၊ အပူမခံနိုင်ခြင်း၊ နှလုံးခုန်နှုန်း မူမမှန်ခြင်း၊ မြန်ခြင်း၊ မျက်လုံးဖောင်းခြင်း၊ လည်ပင်းကြီးခြင်း)၊ Guillain-Barre syndrome ကဲ့သို့ အာရုံကြောပြဿနာလက္ခဏာများ (အသက်ရှူရခက်ခြင်း၊ မျိုချရခက်ခြင်း၊ မျက်လုံးလှုပ်ရ ခက်ခြင်း၊ မျက်နှာစောင်ခြင်း၊ လေဖြတ်ခြင်း၊ စကားပြောရခက်ခြင်း) စသည်တို့ဖြစ်လာပါက ဆေးကုသမှု ချက်ချင်းခံယူရပါမည်။

ပြင်းထန်သည့်ဘေးထွက်ဆိုးကျိုးများဖြစ်သော ကျောက်ကပ်လက္ခဏာများ (ဆီးပမာဏပြောင်းသွားခြင်း)၊ တောက်လျှောက် ပျို့ခြင်း၊ အန်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ ဗိုက်နာခြင်း၊ ဆီးအရောင်ရင့်ခြင်း၊ မျက်လုံး အရေပြား ဝါးခြင်း စသည့်တို့ဖြစ်လာပါက ဆရာဝန်ကို ချက်ချင်းပြောပါ။

ဤဆေးကိုသောက်နေစဉ် ခန္ဓါကိုယ်အဆီများ ပြောင်းလဲသွားခြင်းကို ကြုံတွေ့ရနိုင်သည်။ (ဥပမာ – ဂုတ်ပိုးတစ်ဝိုက် နှင့် ဗိုက်တို့၌ အဆီများစုလာခြင်း၊ ခြေလက်များတွင် အဆီများနည်းသွားခြင်း။) အဆိုပါပြောင်းလဲမှုများဖြစ်ရသည့်အကြောင်းနှင့် ရေရှည်အကျိုးသက်ရောက်မှုများကို မသိရသေးပါ။ ထိုဘေးထွက်ဆိုကျိုးများကိုလျော့ချရန်အတွက် လေ့ကျင့်ခန်းကိစ္စကိုမေးမြန်းရန်နှင့် အကျိုး အပြစ်များကိုသိနိုင်ရန် ဆရာဝန်နှင့်ဆွေးနွေးကြည့်ပါ။

ဤဆေးကြောင့် ပြင်းထန်သည့်ဓါတ်မတည့်ဖြစ်ခြင်းမှာ ရှား၏။ သို့သော် အောက်ပါပြင်းထန်ဓါတ်မတည့် လက္ခဏာများဖြစ်လာပါက အရေးပေါ်ကုသမှုများ ခံယူရပါမည် – အကွက်ထခြင်း၊ ယားခြင်း၊ ရောင်ခြင်း (အထူးသဖြင့် မျက်နှာ၊လျှာ၊ လည်ချောင်း)၊ ခေါင်းတအားမူးခြင်းနှင့် အသက်ရှူရခက်ခြင်း၊ ကျောက်ကပ်လက္ခဏာများ (ဥပမာ ဆီးပမာဏ ပြောင်းသွားခြင်း)

ယခုဖော်ပြပါ ဘေးထွက်ဆိုးကျိုးများကိုခံစားရမှုမှာ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားမှု ရှိနိုင်ပါသည်။ အထက်ဖော်ပြပါ ဘေးထွက်ဆိုးကျိုးများတွင် မပါဝင်သည့် ဘေးထွက်ဆိုးကျိုးများလည်းရှိနိုင်သည်။ ဘေးထွက်ဆိုးကျိုးနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများရှိပါကသင်၏ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် တိုင်ပင်ဆွေးနွေးမှုများ ပြုလုပ်ပါ။

ဆေးဓါတ်ပြုမှုများ

ဘယ်ဆေးတွေက Raltegravir နဲ့ ဓါတ်ပြုနိုင်သလဲ

ဤဆေးနှင့်ဓါတ်ပြုနိုင်သော ဆေးကုန်မှာ Orlistat ဖြစ်သည်။

Raltegravir သည် သင်အခုသောက်သုံးနေသည့် တခြားသောဆေးဝါးများနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးအာနိသင်ပြောင်းခြင်းနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သော ပြောင်းလဲမှုများဖြစ်နိုင်ပါသည်။ မလိုလားအပ်သောဆေးဝါးဓါတ်ပြုမှုများမဖြစ်စေရန် သင်လက်ရှိသောက်သုံးနေသော ဆေးဝါးများအားလုံးကို စာရင်းပြုစုထားပြီး (စာရင်းလုပ်လျှင် ဆရာဝန်ညွှန်ကြားထားသည်များ၊ မညွှန်ကြားဘဲသောက်သုံးနေသည်များ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းများအားလုံးပါရပါမည်။) ဆရာဝန် သို့မဟုတ်ဆေးဝါးကျွမ်းကျင်သူအား အမြဲပြောပြပါ။ ဆေးဝါးများကို ဆရာဝန်ခွင့်ပြုချက်မပါပဲ သောက်သုံးခြင်း၊ ရပ်ဆိုင်းခြင်း၊ ပမာဏပြောင်းလဲခြင်း စသည်တို့ မပြုလုပ်ပါနှင့်။

အစားအသောက်တွေနဲ့ အရက်က Raltegravir နဲ့ ဓါတ်ပြုနိုင်သလား

Raltegravir က အစားအသောက် သို့မဟုတ် အရက်သေစာနှင့် ဓါတ်ပြုမှုများဖြစ်နိုင်ပြီး ဆေးဝါးများ၏အကျိုးသက်ရောက်မှုပုံစံနှင့် ဘေးထွက်ဆိုးကျိုးဖြစ်လာနိုင်သောပြောင်းလဲမှုများ ဖြစ်နိုင်ပါသည်။ မလိုလားအပ်သည့် ဓါတ်ပြုမှုများမဖြစ်လာစေရန် အစားအသောက်၊ အရက်သေစာများနှင့် ဓါတ်ပြုနိုင်ချေရှိမရှိကို မေးမြန်းတိုင်ပင်ပါ။

ဘယ်ရောဂါအခြေအနေတွေက Raltegravir နဲ့ ဓါတ်ပြုနိုင်သလဲ

Raltegravir သည် လက်ရှိသင့်ကျန်းမာရေးအခြေအနေများနှင့် သက်ရောက်ဓါတ်ပြုမှုများရှိနိုင်ပါသည်။ သင်၏ ကျန်းမာရေးအခြေအနေအားပိုဆိုးသွားစေခြင်း သို့မဟုတ် ဆေးသက်ရောက်မှုပုံစံ ပြောင်းလဲသွားခြင်းများ ဖြစ်နိုင်ပါသည်။ ထို့ကြောင့် သင်၏ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို အသိပေးရန်အရေးကြီးပါသည်။

သောက်သုံးရန်အညွှန်း

ယခုအချက်အလက်များသည် ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ သင်သည်သင့်ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါသည်

အရွယ်ရောက်ပြီးသူတွေအတွက် Raltegravir ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

HIV ရောဂါပိုးကူးခြင်းအတွက် ပုံမှန်ဆေးပမာဏ

Therapy-naïve လူနာများ သို့မဟုတ် ဗိုင်းရပ်စ်အား ဖိနှိပ်ထားရမည့်လူနာများတွင် ကနဦးအစီအစဉ်အနေနှင့် Film coated ဆေးပြားများကို တစ်ရက်လျှင် ၂ ကြိမ်ပေးရမည်။

– Film coated ဆေးပြား 600 mg: 1200 mg ကို တစ်ရက်လျှင် တစ်ကြိမ်

– Film coated ဆေးပြား 400 mg: 400 mg ကို တစ်ရက်လျှင် နှစ်ကြိမ်

အသုံး: တခြားသော ရီထရိုဗိုင်းရပ်တားဆေးများနှင့် တွဲစပ်ပြီး HIV-1 ကူးစက်ရောဂါတွင်သုံးသည်။

Occupational Exposure အတွက် ပုံမှန်ပမာဏ

US လူမှုကျန်းမာရေးဝန်ဆောင်မှုအဖွဲ့၏ ထောက်ခံချက်များမှာ

– Film coated ဆေးပြား 400 mg: 400 mg ကို တစ်ရက်လျှင် နှစ်ကြိမ်

– ဆေးသုံးရမည့်ကာလ : ဆေးဒဏ်ခံနိုင်ပါက၂၈ ရက်။

မှတ်ချက်:

– ဤဆေးကို emtricitabine-tenofovir disoproxil fumarate တို့နှင့်ပေါင်းကာ HIV ပိုးနှင့်ထိတွေ့ပြီးနောက် ကာကွယ်ခြင်းအတွက် ထောက်ခံထားပါသည်။ ထို့အပြင် ဤဆေးကို တခြားသော ဆေးပေါင်းများတွင်ပါ ထောက်ခံထား၏။

– တတ်နိုင်သလောက်မြန်မြန် ကာကွယ်မှုကို စတင်ရမည်။ ထိတွေ့ပြီးနောက် နာရီပိုင်းအတွင်းဆို ပိုကောင်းသည်။

– ကာကွယ်ရန်အတွက် ဆေးသုံးရမည့်ကာလကို မသိရပါ။ သက်ဆိုင်ရာဌာနစည်းမျဉ်းအလိုက် ပိုအလေးပေးကြပါသည်။

– အပိုဆောင်းအချက်အလက်များအတွက် လက်ရှိဂိုက်လိုင်းများကို ဖတ်ပါ။

Nonoccupational Exposure အတွက် ပုံမှန်ပမာဏ

US CDC ထောက်ခံချက်များ:

– Film coated ဆေးပြား 400 mg: 400 mg ကို တစ်ရက်လျှင် နှစ်ကြိမ်

– ဆေးသုံးရမည့်ကာလ : ဆေးဒဏ်ခံနိုင်ပါက၂၈ ရက်။

မှတ်ချက်:

– ဤဆေးကို HIV နှင့် ထိတွေ့ပြီးနောက် nonoccupational များတွင် ကာကွယ်ရန်အတွက်ပေးသော သုံးမျိုးစပ် ဆေးမျိုးတွင် ပါဝင်ပါသည်။ တခြားရွေးစရာဆေးများကို စဉ်းစားမည်ဆိုပါက ဤဆေးကို ဆေးပေါင်းအမျိုးမျိုး၌ ထောက်ခံချက်ပေးထားပါသည်။

– ကာကွယ်ရေးကို တတ်နိုင်သလောက် မြန်မြန်စရမည်။ ထိတွေ့ပြီးနောက် ၇၂ နာရီအတွင်း ဖြစ်ရမည်။

– အပိုဆောင်းအချက်အလက်များအတွက် လက်ရှိဂိုက်လိုင်းများကို ဖတ်ပါ။

ကျောက်ကပ်အတွက် ပမာဏချိန်ညှိခြင်း

ချိန်ညှိရန် ထောက်ခံချက်များမရှိပါ။

အသည်းအတွက် ပမာဏချိန်ညှိခြင်း

Film-Coated ဆေးပြား 400 mg, ဝါးစားနိုင်သောဆေးပြား၊ သောက်ဆေးရည်:

– အပျော့စားမှအလတ်စား အသည်းမကောင်းခြင်း: ချိန်ညှိရန်ထောက်ခံချက်များမရှိပါ။

– အပြင်းစားအသည်းမကောင်းခြင်း: အချက်အလက်များမရှိသေးပါ။

Film-Coated ဆေးပြား 600 mg: ချိန်ညှိရန် ထောက်ခံချက်များမရှိပါ။

ပမာဏချိန်ညှိခြင်း

Rifampin တွဲခြင်း:

အရွယ်ရောက်ပြီးသူများ (therapy-naive or therapy-experienced):

– Film coated ဆေးပြား 400 mg: 800 mg ကို တစ်ရက်လျှင် နှစ်ကြိမ်

Dialysis

– Dialysis မလုပ်ခင် ဆေးသောက်ခြင်းမျိုး မလုပ်ရပါ။ ဆေးကို Dialyze လုပ်နိုင်သည့်ပမာဏကို မသိရသေးပါ။

တခြားမှတ်ချက်များ

Administration advice:

– အစာရှိရှိမရှိရှိသောက်နိုင်သည်။

– Film-coated ဆေးပြားများ: တစ်ပြားလုံးမျိုချပါ။

– ဝါးစားနိုင်သောဆေးပြားများ : ဝါးလိုဝါးပါ။ တစ်ပြားလုံးမျိုချလိုက မျိုချပါ။

– ဆေးရည်: ဆေးရည်ကိုမလှုပ်ရ။ ဆေးဖျော်ပြီး နာရီဝက်အတွင်းသောက်ရမည်။

– pharmacokinetic profiles မတူသောကြောင့် ဝါးစားရသောဆေးပြားများ၊ သောက်ဆေးရည်များကို Film coated ဆေးပြားများနှင့် အစားထိုးခြင်း၊ သို့မဟုတ် Film coated ဆေးပြားများ 400 mg ကို 600 mg ထပ်ပေါင်းပြီး 1200 mg ဖြစ်အောင်လုပ်ခြင်း စသည်များကိုမပြုလုပ်ရပါ။

– ကလေးလူနာ ကိုယ်အလေးချိန် 25 kg ရှိပါက Film coated ဆေးပြားများ 400 mg ကို မမျိုနိုင်ဘူးဆိုလျှင် ဝါးစားနိုင်သောဆေးပြား ဆေးပေါင်းကိုသုံးပါ။

– အလူမီနီယံ သို့မဟုတ် မဂ္ဂနီစီယမ်ပါသော Antacid များ မသုံးပါနှင့်။ Film coated ဆေးပြားများ 600 mg ကို ကယ်လ်စီယမ်ကာဗွန်နိတ် Antacids များနှင့် တွဲမပေးရပါ။

– ဆေးသောက်ဖို့လွတ်သွားသည်များရှိပါက အညွှန်းတွင်ပါသော လုပ်နည်းကို သေချာဖတ်ပါ။

Storage requirements:

– 20C to 25C (68F to 77F) တွင် သိုလှောင်ပါ။ လွန်နိုင်သောပမာဏမှာ 15C to 30C (59F to 86F) အတွင်းဖြစ်သည်။

– Film coated နှင့် ဝါးစားနိုင်သော ဆေးပြားများ: ဆေးပုလင်းကိုကြပ်နေအောင်ပိတ်ထားပါ။ အစိုစုပ်သည့်အထုပ်လေးကိုလည်း ထုတ်မပစ်ပါနှင့်။

– သောက်ဆေးရည်: နဂိုပါသောဗူးတွင်သာထားပါ။ အသုံးပြုမည်ဆိုပါမှ ဆေးတစ်အိတ်စီကိုဖောက်ပါ။

ဆေးဖျော်သည့်နည်းလမ်း:

– သောက်ဆေးရည်: ဆေးအညွှန်းကို သေချာဖတ်ပါ။

General:

– ဝါးစားနိုင်သောဆေးပြား 25 နှင့် 100 mg တို့တွင် 0.05 နှင့် 0.1 mg phenylalanine အသီးသီး ပါဝင်ပါသည်။ phenylketonuria ရှိသူများအတွက် အန္တရာယ်ဖြစ်နိုင်၏။

– သောက်ဆေးရည်အတွက် တစ်ကြိမ်သုံးဆေးထုပ်များတွင် raltegravir 100 mg ပါသည်။ ဖျော်သည်အခါ နောက်ဆုံးပြင်းအားသည် 10 mg/mL ဖြစ်ရပါမည်။

Patient advice:

– US FDA မှ ခွင့်ပြုထားသည့် လူနာဖတ်ရန်အညွန်းကို သေချာဖတ်ပါ။

– အကွက်ထလာပါက ဆရာဝန်နှင့် ချက်ချင်းဆက်သွယ်ပါ။ ဖျားခြင်း၊ တစ်ကိုယ်လုံး နှုံးနေခြင်း၊ အလွန်အမင်းမောပန်းနေခြင်း၊ ကြွက်သား အဆစ်များ ကိုက်ခဲခြင်း၊ အရည်ကြည်ဖုထခြင်း၊ ပါးစပ်အနာဖြစ်ခြင်း၊ မျက်လုံးရောင်ခြင်း၊ မျက်နှာဖောခြင်း၊ မျက်လုံး နှုတ်ခမ်း ပါးစပ်တို့ ဖောင်းလာခြင်း၊ အသက်ရှူရခက်ခြင်း၊ အသည်းလက္ခဏာများစသည်တို့ဖြစ်လာပါက ဆေးကိုချက်ချင်းရပ်ပြီး ဆေးကုသမှုချက်ချင်းခံယူပါ။

– ပိုးဝင်သည့်လက္ခဏာများ ပေါ်လာသည်နှင့် ဆရာဝန်ကို ချက်ချင်းဆက်သွယ်ပါ။

– အကြောင်းမရှိပဲ ကြွက်သားနာခြင်း၊ ထိလျှင်နာခြင်း၊ အားနည်းခြင်းများဖြစ်လာပါက ဆရာဝန်ကို ချက်ချင်းဆက်သွယ်ပါ။

ကလေးတွေအတွက် Raltegravir ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

HIV ပိုးကူးစက်ခြင်းအတွက် ပုံမှန်ပမာဏ

သောက်ဆေးရည်:

လစေ့မွေးကင်းစ (အသက် ၄ ပတ်အထိ):

အသက် ၁ ပတ်ထိ

– အလေးချိန် ၂ -၃kg ကြား: တစ်ရက်လျှင် 4 mg တစ်ကြိမ်။

– အလေးချိန် ၃ -၄ kgကြား: တစ်ရက်လျှင် 5 mg တစ်ကြိမ်။

– အလေးချိန် ၄-၅ kgကြား: တစ်ရက်လျှင် 7 mg တစ်ကြိမ်။

၁-၄ ပတ်

– အလေးချိန် ၂ -၃ kgကြား: တစ်ရက်လျှင် 8 mg တစ်ကြိမ်။

– အလေးချိန် ၃ -၄ kgကြား: တစ်ရက်လျှင် 10 mg တစ်ကြိမ်။

– အလေးချိန် ၄-၅ kgကြား: တစ်ရက်လျှင် 15mg တစ်ကြိမ်။

အနည်းဆုံးအသက် ၄ ပတ်ရှိ ကလေးများ:

– အလေးချိန် ၃-၄ kgကြား: တစ်ရက်လျှင် 25 mg နှစ်ကြိမ်။

– အလေးချိန် ၄-၆ kg ကြား: တစ်ရက်လျှင် 30 mg နှစ်ကြိမ်။

– အလေးချိန် ၆-၈ kg ကြား: တစ်ရက်လျှင် 40 mg တစ်ကြိမ်။

– အလေးချိန် ၈-၁၁ kg ကြား: တစ်ရက်လျှင် 60 mg နှစ်ကြိမ်။

– အလေးချိန် ၁၁-၁၄ kg ကြား: တစ်ရက်လျှင် 80 mg နှစ်ကြိမ်။

– အလေးချိန် ၁၄-၂၀ kg ကြား: တစ်ရက်လျှင် 100 mg နှစ်ကြိမ်။

ဝါးစားနိုင်သောဆေးပြား:

– အလေးချိန် ၁၁-၁၄ kg ကြား: တစ်ရက်လျှင် 75 mg နှစ်ကြိမ်။

– အလေးချိန် ၁၄-၂၀ kg ကြား: တစ်ရက်လျှင် 100 mg နှစ်ကြိမ်။

– အလေးချိန် ၂၀-၂၈ kg ကြား: တစ်ရက်လျှင် 150 mg နှစ်ကြိမ်။

– အလေးချိန် ၂၈-၄၀ kg ကြား: တစ်ရက်လျှင် 200 mg နှစ်ကြိမ်။

– အလေးချိန် အနည်းဆုံး 40 kg: တစ်ရက်လျှင် 300 mg နှစ်ကြိမ်။

Film Coated ဆေးပြား 400 mg:

– အလေးချိန် အနည်းဆုံး 25 kg: တစ်ရက်လျှင် 400 mg နှစ်ကြိမ်။

Film Coated ဆေးပြား 600 mg:

– အလေးချိန် အနည်းဆုံး 40 kg ( therapy-naive သို့မဟုတ် virologically-suppressed on an initial regimen of film-coated tablets 400 mg နှစ်ကြိမ်ပေးထားသူ): တစ်ရက်လျှင် 1200 mg တစ်ကြိမ်။

အများဆုံးပမာဏ:

– သောက်ဆေးရည်: တစ်ရက်လျှင် 100 mg နှစ်ကြိမ်

– ဝါးစားနိုင်သောဆေးပြား : တစ်ရက်လျှင် 300 mg နှစ်ကြိမ်

မှတ်ချက်:

– မွေးကင်းစများ: အမေဖြစ်သူမှ မမွေးခင် 2-24 နာရီ အတွင်း ဤဆေးကိုသုံးထားလျှင် ကလေးကို ပထမဆုံးပေးရမည့်အချိန်မှာ မွေးပြီးနောက် ၂၄- ၄၈ နာရီအတွင်းဖြစ်သည်။

– ၁ ပတ်အထိ မွေးကင်းစများ: ဆေးပမာဏမှ 1.5 mg/kg/dose နှုန်းပေါ်တွင် အခြေပြုပါသည်။

– ၁-၄ ပတ်အထိ မွေးကင်းစများ: ဆေးပမာဏမှ 3 mg/kg/dose နှုန်းပေါ်တွင် အခြေပြုပါသည်။

– အနည်းဆုံး အသက် ၄ ပတ်ရှိ ကလေးများ: : ဆေးပမာဏမှ 6 mg/kg/dose နှုန်းပေါ်တွင် အခြေပြုပြီး တစ်ရက် ၂ ကြိမ်ပေးရပါသည်။

– သောက်ဆေးရည်ကို ကိုယ်အလေးချိန် 20 kg အထိ ပေးနိုင်ပါသည်။ သောက်ဆေးရည်ဖြစ်ဖြစ် ဝါးစားနိုင်သောဆေးဖြစ်ဖြစ် ကိုယ်အလေးချိန် 11-20 kg ကြားတွင် ပေးနိုင်ပါသည်။

အသုံး: အသုံး: တခြားသော ရီထရိုဗိုင်းရပ်တားဆေးများနှင့် တွဲစပ်ပြီး HIV-1 ကူးစက်ရောဂါတွင်သုံးသည်။

Nonoccupational Exposure အတွက် ပုံမှန်ပမာဏ

US CDC ထောက်ခံချက်များ

သောက်ဆေးရည်

အနည်းဆုံးအသက် ၄ ပတ်ရှိ ကလေးများ:

– အလေးချိန် ၃-၄ kg ကြား: တစ်ရက်လျှင် 25 mg နှစ်ကြိမ်။

– အလေးချိန် ၄-၆ kg ကြား: တစ်ရက်လျှင် 30 mg နှစ်ကြိမ်။

– အလေးချိန် ၆-၈ kg ကြား: တစ်ရက်လျှင် 40 mg တစ်ကြိမ်။

– အလေးချိန် ၈-၁၁ kg ကြား: တစ်ရက်လျှင် 60 mg နှစ်ကြိမ်။

– အလေးချိန် ၁၁-၁၄ kg ကြား: တစ်ရက်လျှင် 80 mg နှစ်ကြိမ်။

– အလေးချိန် ၁၄-၂၀ kg ကြား: တစ်ရက်လျှင် 100 mg နှစ်ကြိမ်။

ဝါးစားနိုင်သောဆေးပြား:

– အလေးချိန် ၁၁-၁၄ kg ကြား: တစ်ရက်လျှင် 75 mg နှစ်ကြိမ်။

– အလေးချိန် ၁၄-၂၀ kg ကြား: တစ်ရက်လျှင် 100 mg နှစ်ကြိမ်။

– အလေးချိန် ၂၀-၂၈ kg ကြား: တစ်ရက်လျှင် 150 mg နှစ်ကြိမ်။

– အလေးချိန် ၂၈-၄၀ kg ကြား: တစ်ရက်လျှင် 200 mg နှစ်ကြိမ်။

– အလေးချိန် အနည်းဆုံး 40 kg: တစ်ရက်လျှင် 300 mg နှစ်ကြိမ်။

Film Coated ဆေးပြား 400 mg:

– အလေးချိန် အနည်းဆုံး 25 kg: တစ်ရက်လျှင် 400 mg နှစ်ကြိမ်။

အများဆုံးပမာဏ:

– သောက်ဆေးရည်: တစ်ရက်လျှင် 100 mg နှစ်ကြိမ်

– ဝါးစားနိုင်သောဆေးပြား : တစ်ရက်လျှင် 300 mg နှစ်ကြိမ်

မှတ်ချက်:

– ဤဆေးကို HIV နှင့် ထိတွေ့ပြီးနောက် nonoccupational များတွင် ကာကွယ်ရန်အတွက်ပေးသော သုံးမျိုးစပ် ဆေးမျိုးတွင် ပါဝင်ပါသည်။ တခြားရွေးစရာဆေးများကို စဉ်းစားမည်ဆိုပါက ဤဆေးကို ဆေးပေါင်းအမျိုးမျိုး၌ ထောက်ခံချက်ပေးထားပါသည်။

– ကလေး HIV အတွက် ကလေးအထူးကုနှင့်သာ တိုင်ပင်ရမည် (အသက် ဝ-၂၇ ရက်)

– ကာကွယ်ရေးကို တတ်နိုင်သလောက် မြန်မြန်စရမည်။ ထိတွေ့ပြီးနောက် ၇၂ နာရီအတွင်း ဖြစ်ရမည်။

– သောက်ဆေးရည်ကို ကိုယ်အလေးချိန် 20 kg အထိ ပေးနိုင်ပါသည်။ သောက်ဆေးရည်ဖြစ်ဖြစ် ဝါးစားနိုင်သောဆေးဖြစ်ဖြစ် ကိုယ်အလေးချိန် 11-20 kg ကြားတွင် ပေးနိုင်ပါသည်။

– အပိုဆောင်းအချက်အလက်များအတွက် လက်ရှိဂိုက်လိုင်းများကို ဖတ်ပါ။

သတိပေးချက်များ

ဆေးကို လမစေ့ပဲမွေးသောကလေးများ သို့မဟုတ် 2 kg ထက်နည်းသောကလေးများတွင် မသုံးရပါ။

Raltegravir ကိုဘယ်လိုရရှိနိုင်သလဲ

Raltegravir ကိုအောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။

  • သောက်ဆေးပြား
  • ဝါးစားနိုင်သောဆေးပြား
  • ဖျော်ရန်အတွက် ဆေးအမှုန့်

အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားသည့်အခြေအနေများတွင် အရေးပေါ်ဆေးရုံဆေးခန်းများသို့ သွားရောက်ကုသမှုခံယူပါ။

ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

Raltegravir ကိုသုံးစွဲဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရသည့်အချိန်တွင် အမြန်ဆုံးသုံးပါ။ သို့သော်လည်း နောက်တစ်ကြိမ်သုံးရမည့်အချိန်နှင့် နီးကပ်နေပြီဆိုပါက လွတ်သွားသောအကြိမ်ကို ကျော်ပြီး ပုံမှန်အချိန်၌ပင်သုံးလိုက်ပါ။ ဆေးပမာဏအား နှစ်ဆတိုးတာမျိုး မလုပ်ပါနှင့်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Dr. Hlaing Min Ko Ko မှ ရေးသားသည်။ · 19/12/2019 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement