brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

Celebrex (ဆဲလ်လီဘရပ်စ်)

Celebrex ဆိုတာ brand name ဖြစ်ပြီး celecoxib ဆိုတဲ့ ဆေးပါဝင်ပါတယ်။ စတီးရွိုက်မပါဝင်တဲ့ အရောင်ကျဆေး (NSAID) အုပ်စုဝင်ဆေးဝါး ဖြစ်ပါတယ်။ အတိအကျပြောရင်တော့ cyclooxygenase-2 (COX-2) အင်ဇိုင်းကို ပိတ်ပင်တဲ့ ဆေးဖြစ်ပါတယ်။ NSAID ဆေးဝါးတွေကို နာကျင်တာ၊ ရောင်ရမ်းတာတွေ သက်သာစေဖို့ အသုံးပြုနိုင်ပါတယ်။

Celebrex (ဆဲလ်လီဘရပ်စ်)

အသုံးပြုပုံများ

Celebrex (ဆဲလ်လီဘရပ်စ်) ကို ဘာအတွက်အသုံးပြုကြသလဲ

Celebrex ကို အောက်ပါအခြေအနေတွေမှာ အသုံးပြုနိုင်ပါတယ်။

  • အရိုးကျီးပေါင်းရောဂါ
  • အဆစ်အမြစ်ရောင်ရောဂါ
  • လေးဖက်နာအဆစ်အမြစ်ရောင်ရောဂါ
  • ကလေးတွေမှာ ဖြစ်တတ်တဲ့ အဆစ်အမြစ်ရောင်ရောဂါ
  • ရောင်ရမ်းနာကျင်မှုတွေ
  • ရာသီလာချိန် ကိုက်ခဲနာကျင်တာတွေ သက်သာစေဖို့ သုံးပါတယ်။
  • Celebrex (ဆဲလ်လီဘရပ်စ်) ဘယ်လိုသောက်သုံးသင့်သလဲ

    Celebrex ကို သောက်ဆေးတောင့်အနေနဲ့ ရနိုင်ပါတယ်။ ဆေးတောင့်ကို အလုံးလိုက်သောက်ပါ။ ချိုးချေသောက်ခြင်း၊ ဝါးစားခြင်း မပြုလုပ်ရပါ။ ဆေးတောင့်ကို မျိုရခက်တယ်ဆိုရင် ဆေးတောင့်ကို ဖွင့်ပြီး အထဲက အမှုန့်ကို အစာပျော့တွေ ဖြစ်တဲ့ ဒိန်ချဉ်၊ အုတ်ဂျုံ စတာတွေနဲ့ ရောသောက်နိုင်ပါတယ်။ ရေခဲသေတ္တာ (၂−၈ ဒီဂရီစင်တီဂရိတ်)ထဲမှာဆိုရင် ဒီလိုရောထားတာက ၆နာရီလောက်ထိ ခံပါတယ်။

    Celebrex (ဆဲလ်လီဘရပ်စ်) ဘယ်လိုသိမ်းဆည်းရမလဲ

    Celebrex ကို အခန်းအပူချိန်မှာ သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားပါ။ ဆေးမပျက်စီးစေဖို့ ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲပြီး သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

    ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းတာမျိုး အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

    ဆေးကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ သွန်ချတာမျိုးကို မလုပ်သင့်ပါဘူး။ ဒါ့ပြင် ဆေးဝါးတွေကို မလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးတွေကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

    ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

    Celebrex (ဆဲလ်လီဘရပ်စ်) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

    မသောက်သုံးခင် အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

    • ကိုယ်ဝန်ရှိရင် ဒါမှမဟုတ် ကလေးနို့တိုက်နေရင်
    • တခြားစွဲသောက်နေတဲ့ ဆေးတွေရှိရင် (ဆရာဝန်ညွှန်ကြားထားတဲ့ဆေး၊ ဆေးဆိုင်ကနေ ဝယ်သောက်နေတဲ့ဆေး၊ သစ်ဥသစ်ဖု၊ အခြားဆေး)
    • ဆေးရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ရင်
    • တခြားရောဂါအခံတွေ ရှိနေရင်

    ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Celebrex (ဆဲလ်လီဘရပ်စ်) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

    ဒီဆေးကို ကိုယ်ဝန်ဆောင်ချိန်မှာ အသုံးမပြုသင့်ပါ။အထူးသဖြင့် ကိုယ်ဝန်နောက်ဆုံး ၃လပတ်မှာ ရှောင်သင့်ပါတယ်။ ကောင်းကျိုးဆိုးကျိုးချိန်ဆလို့ ကောင်းကျိုးပိုများမယ်။ ဆရာဝန်ညွှန်ကြားတာလည်း ဖြစ်မယ်ဆိုရင်တော့ ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်ဝန်ပတ် ၃၀အထိ သုံးနိုင်ပါတယ်။

    Celebrex က မျိုးအောင်နိုင်စွမ်းကို ယာယီထိခိုက်စေနိုင်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ယူဖို့ ကြိုးစားနေတယ် ဒါမှမဟုတ် ကလေးရဖို့ ခက်နေတယ်ဆိုရင် Celebrexကို ကလေးမွေးပြီးမှ ပြန်သုံးသင့်ပါတယ်။

    ဒီဆေးက မိခင်နို့ထဲမှာလည်း ပါနိုင်ပါတယ်။ ဒါကြောင့် နို့တိုက်ချိန်မှာ ဆေးသောက်မယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်ပါ။

    ဘေးထွက်ဆိုးကျိုးများ

    Celebrex (ဆဲလ်လီဘရပ်စ်) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

    တခြားဆေးတွေလိုပဲ သူ့မှာလည်း ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ ဖြစ်လာခဲ့ရင်တောင် များသောအားဖြင့် လက္ခဏာက ပြင်းထန်လေ့မရှိပါဘူး။ ဆေးရပ်လိုက်ရင် ဒါမှမဟုတ် ဆေးပမာဏလျှော့လိုက်ရင် သက်သာသွားပါတယ်။ တွေ့ရတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

    • ဗိုက်အောင့်တာ
    • ဝမ်းလျှောတာ
    • အစာမကြေတာ
    • လေပွတာ
    • ခြေလက်ဖောရောင်တာ
    • မတော်တဆ ထိခိုက်မှုတွေ ဖြစ်နိုင်တာ
    • ခေါင်းမူးတာ
    • လည်ပင်းနာတာ
    • နှာရည်ယိုတာ
    • ထိပ်ကပ်နာ
    • နှာစေးချောင်းဆိုးတာတွေ ခံစားရနိုင်ပါတယ်။

    အခုပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်ချင်မှဖြစ်မှာပါ။ တစ်ဦးနဲ့ တစ်ဦးလည်း ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေမယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

    ဆေးဓာတ်ပြုမှုများ

    ဘယ်ဆေးတွေက Celebrex (ဆဲလ်လီဘရပ်စ်) နဲ့ ဓာတ်ပြုနိုင်သလဲ

    Celebrexက လောလောဆယ် သောက်သုံးနေတဲ့ တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေရဲ့ အာနိသင်ပြောင်းလဲတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။

    မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့ စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြဖို့ လိုပါတယ်။

    ဓာတ်ပြုနိုင်တဲ့ ဆေးဝါးများ

    • အခြား NSAIDs ဆေးဝါးများ
    • Salicylates
    • သွေးမခဲဆေးများ
    • စတီးရွိုက်
    • ဆီးဆေးများ
    • Methotrexate
    • သွေးတိုးကျဆေးများ
    • Selective serotonin reuptake inhibitors (SSRIs)
    • Digoxin
    • CYP2C9 inhibitors (e.g. fluconazole)

    ဆေးဓာတ်ပြုတဲ့ လက္ခဏာတွေ ခံစားရရင် ဆေးသောက်တာကို ရပ်လိုက်ပါ။ တစ်ချိန်တည်းမှာပဲ ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဆေးပမာဏပြန်ညှိတာ၊ တခြားဆေးနဲ့ အစားထိုးတာ၊ ဆေးရပ်တာတွေ လုပ်ရနိုင်ပါတယ်။

    အစားအသောက်တွေနဲ့ အရက်က Celebrex (ဆဲလ်လီဘရပ်စ်) နဲ့ ဓာတ်ပြုနိုင်သလား

    Celebrexက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါး အာနိသင်ပြောင်းတာနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ အဆီများတဲ့ အစားအစာတွေ စားတဲ့အခါ ဆေးကို စုပ်ယူတာ နည်းသွားနိုင်ပါတယ်။ ဒါပေမယ့် အစာအိမ်ထိခိုက်မှု မရှိအောင် အစာစားပြီးမှ သောက်သင့်ပါတယ်။

    ဆေးသောက်တဲ့ရက်တွေမှာ အရက်မသောက်သင့်ပါ။ အစာအိမ်အနာဖြစ်တာ၊ သွေးယိုတာ၊ အသည်းထိခိုက်တာတွေ ဖြစ်တတ်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ခြေ ရှိ၊ မရှိကို မေးမြန်းတိုင်ပင်ပါ။

    ဘယ်ရောဂါအခြေအနေတွေက Celebrex (ဆဲလ်လီဘရပ်စ်) နဲ့ ဓာတ်ပြုနိုင်သလဲ

    Celebrex က သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီပါတယ်။ အထူးသဖြင့်

    • ပန်းနာရင်ကျပ်ရောဂါ ထနေတာ
    • ပြင်းထန်သွေးတိုးရောဂါ
    • နှလုံးညှစ်အားကျတာ
    • တခြားနှလုံးရောဂါ
    • အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာရောဂါ (ဥပမာ အစာအိမ်အနာ၊ GERD စားချဉ့်ပြန်ရောဂါ)
    • မကြာခင် ခွဲစိတ်ဖို့ စီစဉ်ထားတာ
    • အသည်းရောဂါ
    • ကျောက်ကပ်ရောဂါ
    • သွေးရောဂါ
    • အသက် ၆၀အထက် လူကြီးတွေ
    • ကလေးရဖို့ ခက်တဲ့ အမျိုးသမီးတွေ ဒါမှမဟုတ် ကလေးရဖို့ ကုသမှုခံယူနေတာ
    • CYP2C9ကို ချေဖျက်ဖို့ ခက်တာ စတာတွေပဲ ဖြစ်ပါတယ်။

    သောက်သုံးရန်အညွှန်း

    အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

    အရွယ်ရောက်ပြီးသူများ အသုံးပြုရမယ့်ပမာဏ

    • အဆစ်အမြစ်ရောင်ရောဂါ

    ၂၀၀ မီလီဂရမ် တစ်နေ့တစ်ကြိမ် သို့မဟုတ် ၁၀၀ မီလီဂရမ် တစ်နေ့နှစ်ကြိမ်

    • လေးဖက်နာအဆစ်အမြစ်ရောင်ရောဂါ

    တစ်နေ့ကို ၁၀၀ မီလီဂရမ် မှ ၂၀၀ မီလီဂရမ်

    • အရိုးကျီးပေါင်းရောဂါ

    ၂၀၀ မီလီဂရမ် တစ်နေ့တစ်ကြိမ် သို့မဟုတ် ၁၀၀ မီလီဂရမ် တစ်နေ့နှစ်ကြိမ်

    • ရာသီလာချိန် ကိုက်ခဲနာကျင်တာ

    ကနဦးအနေနဲ့ Celebrex ၄၀၀ မီလီဂရမ် သောက်သုံးပြီး လိုအပ်ရင် ပထမဦးဆုံးဓမ္မတာလာတဲ့နေ့မှာ နောက်ထပ် ၂၀၀ မီလီဂရမ် သောက်သုံးနိုင်ပါတယ်။

    နောက်ရက်တွေမှာတော့ ၂၀၀ မီလီဂရမ် တစ်နေ့နှစ်ကြိမ် သောက်သုံးနိုင်ပါတယ်။

    ကလေးများ အသုံးပြုရမယ့်ပမာဏ

    • ကလေးတွေမှာ ဖြစ်တတ်တဲ့ အဆစ်အမြစ်ရောင်ရောဂါ

    အသက် ၂နှစ်နဲ့အထက် ကလေးငယ်တွေမှာ ကိုယ်အလေးချိန်အပေါ်မူတည်ပြီး အောက်ပါအချိုးအစားအတိုင်းသောက်သုံးနိုင်ပါတယ်။

    ကိုယ်အလေးချိန် ၁၀ ကီလိုဂရမ် မှ ၂၅ ကီလိုဂရမ်အထိ – ၅၀ မီလီဂရမ် တစ်နေ့ ၂ကြိမ်

    ကိုယ်အလေးချိန် ၂၅ ကီလိုဂရမ်အထက် – ၁၀၀ မီလီဂရမ် တစ်နေ့ ၂ကြိမ်

    Celebrex (ဆဲလ်လီဘရပ်စ်) ကို ဘယ်လိုရရှိနိုင်သလဲ

    Celebrex ကို ၅၀ မီလီဂရမ်၊ ၁၀၀ မီလီဂရမ်၊ ၂၀၀ မီလီဂရမ် နဲ့ ၄၀၀ မီလီဂရမ် ပါဝင်တဲ့ ဆေးတောင့်ပုံစံများဖြင့် ရရှိနိုင်ပါတယ်။

    အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

    အရေးပေါ်အခြေအနေသို့မဟုတ် ဆေးပမာဏလွန်သွားတဲ့အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။

    ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

    Celebrex (ဆဲလ်လီဘရပ်စ်) ကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ ဒါပေမယ့် နောက်တစ်ကြိမ်သောက်ရမယ့်အချိန်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်သောက်ပါ။ ဆေးနှစ်ခါ သောက်တာမျိုး မလုပ်ပါနဲ့။

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Ye Mhan Linn မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 08/12/2022 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။