backup og meta

ပန်ခရိယ (သို့မဟုတ်) မုန့်ချိုအိတ် ရောင်ရမ်းခြင်းအကြောင်း

ပန်ခရိယ (သို့မဟုတ်) မုန့်ချိုအိတ် ရောင်ရမ်းခြင်းအကြောင်း

ပန်ခရိယ (ခေါ်) မုန့်ချိုအိတ်ဟာ အစာအိမ်ရဲ့အနောက် ကပ်လျက်ရှိတဲ့ ကိုယ်တွင်းအင်္ဂါဖြစ်ပါတယ်။ စားလိုက်တဲ့ အစာတွေကို ချေဖျက်ဖို့၊ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးဖို့ အင်ဇိုင်းနဲ့ ဟော်မုန်းတွေ ထုတ်လုပ်ပေးတဲ့ အရေးကြီးအင်္ဂါ အစိတ်အပိုင်း ဖြစ်ပါတယ်။ ပန်ခရိယဟာ အကြောင်းတစ်စုံတစ်ရာကြောင့် ရောင်ရမ်းတဲ့အခါမှာတော့ ပုံမှန်လုပ်ငန်းတာဝန်တွေ မထမ်းဆောင်နိုင်တော့ဘဲ ရောဂါဝေဒနာတွေပါ ပေါ်ပေါက်လာပါတယ်။

ပန်ခရိယရောင်ရမ်းခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ

ပန်ခရိယရောင်ရမ်းသူအများစုဟာ ဝမ်းဗိုက်အပေါ်ပိုင်း ဘယ်ဘက်အလယ်ခြမ်းမှာ ထိုးအောင့်တတ်ပါတယ်။ နာတာရှည် ရောင်ရမ်းသူတွေမှာတော့ ကွန်ပျူတာဓာတ်မှန် ရိုက်တဲ့အခါ ရောင်ရမ်းတဲ့လက္ခဏာကို မြင်တွေ့နိုင်ပါတယ်။

တခြားတွေ့နိုင်တဲ့ လက္ခဏာတွေကတော့

– ကိုယ်ခန္ဓာအပေါ်ပိုင်း ရင်ဘတ်နှင့်ကျော ညှပ်အောင့်ခြင်း

– အစာမကြေခြင်း

– ပျို့ခြင်း၊ အန်ခြင်း

– ဗိုက်နာခြင်း

– ရုတ်တရက် ကိုယ်အလေးချိန်ကျခြင်း

– ဗိုက်ထဲတွင် လေပွခြင်း၊ တင်းခံနေခြင်း

– ကြို့ထိုးခြင်း

– ဖျားခြင်း စတာတွေ ဖြစ်ပါတယ်။

နာတာရှည် ပန်ခရိယရောင်ရမ်းခြင်းမှာတော့ အဆီများပါပြီး အနံ့ဆိုးတဲ့ ဝမ်းများသွားတတ်ပါတယ်။ ဒါဟာ အစာအိမ်အူလမ်းကြောင်းကနေ အာဟာရဓာတ်တွေကို ကောင်းစွာ မစုပ်ယူနိုင်တဲ့သဘော ဖြစ်ပါတယ်။ ပန်ခရိယကနေ အစာချေတဲ့အင်ဇိုင်းများကို ကောင်းစွာ မထုတ်လုပ်နိုင်တော့လို့ ဖြစ်ပါတယ်။

ပန်ခရိယရောင်ရမ်းခြင်း ဘယ်နှမျိုးရှိသလဲ

ရုတ်တရက်ရောင်ရမ်းခြင်းနဲ့ နာတာရှည်ရောင်ရမ်းခြင်း ဆိုပြီး နှစ်မျိုးရှိပါတယ်။ ရုတ်တရက်ရောင်ရမ်းတဲ့အခါ နာကျင်မှုဝေဒနာကို ပြင်းထန်စွာခံစားရပြီး ဆေးရုံတက်ရောက်ရတဲ့အထိ ဖြစ်နိုင်ပါတယ်။ လူကြီးတွေမှာ ဖြစ်တာများပြီး သည်းခြေကျောက်ကြောင့် ဖြစ်တာများပါတယ်။ ဆေးလိပ်၊ အရက်သောက်သူတွေမှာ ပန်ခရိယရောင်ရမ်းခြင်းဟာ မကြာခဏပြန်ဖြစ်ပြီး နာတာရှည်အဆင့်ကို ရောက်သွားနိုင်ပါတယ်။ နာတာရှည်ရောင်ရမ်းသူတွေမှာ ပန်ခရိယဆဲလ်တွေ အမြဲတမ်းပျက်စီးခြင်း ဖြစ်နိုင်ပြီး နောက်ဆက်တွဲပြဿနာလည်း ပိုများပါတယ်။

အထူးသဖြင့် အင်ဆူလင်ဟော်မုန်းထုတ်ပေးတဲ့ ဆဲလ်တွေကို ထိခိုက်စေပါတယ်။ အင်ဆူလင်ဟော်မုန်းဟာ သွေးအတွင်းက သကြားဓာတ်ကို ပုံမှန်ဖြစ်အောင် ထိန်းသိမ်းပေးပါတယ်။ ဒါကြောင့် ပန်ခရိယနာတာရှည်ရောင်ရမ်းသူတွေရဲ့ ၄၅ ရာခိုင်နှုန်းလောက်ဟာ ဆီးချိုရောဂါ ဝင်လာတတ်ပါတယ်။

အကြောင်းအရင်း

ပန်ခရိယရောင်ရမ်းခြင်းနှစ်မျိုးစလုံးဟာ အကြောင်းအရင်း တူညီတတ်ပါတယ်။ အများအားဖြင့် အောက်ပါအကြောင်းအရင်းတွေကြောင့် ဖြစ်တတ်ပါတယ်။

– သည်းခြေကျောက်

အရက်အလွန်အကျွံသောက်ခြင်း

– ဆေးဝါးများ

– ပန်ခရိယကင်ဆာ

– ဝမ်းဗိုက်ခွဲစိတ်ကုသခြင်း

– ရောဂါပိုးဝင်ခြင်း

– ဝမ်းဗိုက်ကို ထိခိုက်ခြင်း စတာတွေ ဖြစ်ပါတယ်။

ဆေးဝါးကုသမှုခံယူဖို့ လိုသလား

ပန်ခရိယရောင်ရမ်းခြင်းဟာ ဆေးဝါးကုသမှု ခံယူဖို့ လိုအပ်ပါတယ်။ များသောအားဖြင့် ဆေးရုံတက်ဖို့ လိုပါတယ်။ လိုအပ်ရင် ပုလင်းကြီးမှတဆင့်၊ ဒါမှမဟုတ် နှာခေါင်းပိုက်မှတဆင့် လိုအပ်တဲ့ အစာအာဟာရတွေ ထည့်သွင်းပေးရတတ်ပါတယ်။ ပန်ခရိယရောင်လို့ဖြစ်ပေါ်တဲ့ နာကျင်မှုဝေဒနာအတွက် ဆေးဝါးတွေပေးပါတယ်။ တကယ်လို့ တခြားကုသမှုတွေနဲ့ မထိရောက်တော့ရင် ခွဲစိတ်ကုသတဲ့နည်းကို သုံးပါတယ်။

ဘာတွေရှောင်သင့်သလဲ

အဓိကအားဖြင့် အောက်ပါအစားအစာတွေကို ရှောင်ရပါမယ်။

– အနီရောင်အသားများ (ဥပမာ အမဲသား၊ သိုးသား၊ ဝက်သား)

– ဆီဖြင့်ကြော်ထားသော အစားအစာများ

– အဆီဓာတ်များသော နို့ထွက်ပစ္စည်းများ

– သကြားဓာတ်ကဲသော သရေစာများ

– အချိုများသော အဖျော်ယမကာများ

– ကဖိန်း

– အရက် စတာတွေ ရှောင်သင့်ပါတယ်။

အဆီများတဲ့ အစားအစာတွေကို ရှောင်ပြီး ပရိုတိန်းနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများတဲ့ အစားအစာတွေကို စားသုံးသင့်ပါတယ်။ အရည်များများ သောက်သင့်ပါတယ်။

ကာကွယ်နိုင်သလား

ဖြစ်ပွားရတဲ့ အကြောင်းအရင်းမျိုးစုံရှိတာကြောင့် ကာကွယ်ဖို့ဆိုတာ ပြောရခက်ပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ခြေ အကြောင်းအရာတွေကို ရှောင်ရှားရင်တော့ ပန်ခရိယရောင်ရမ်းနိုင်ခြေ နည်းနိုင်ပါတယ်။

– အရက်ကို တတ်နိုင်သမျှရှောင်ခြင်း

ဆေးလိပ်ဖြတ်ခြင်း

– ကိုယ်အလေးချိန်ကို ထိန်းခြင်း

– အာဟာရဓာတ်များ သင့်တင့်မျှတအောင်စားခြင်း

အမျှင်ဓာတ်များများစားခြင်း စတဲ့နည်းလမ်းတွေက အထောက်အကူပြုပါတယ်။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.healthline.com/health/pancreatitis Accessed Date 1 June 2020

ယခုပုံစံ

12/06/2020

Written by Dr. Thant Zin

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ဆီးချိုကျဆေးတွေက မုန့်ချိုအိတ်ကင်ဆာ ဖြစ်စေနိုင်သလား

Pancreatic Cysts (မုန့်ချိုအိတ်တွင်အရည်အိတ်ဖြစ်ခြင်း)


Written by

Dr. Thant Zin

အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


12/06/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement