backup og meta

အသက်ရှည်ရာ အနာမဲ့ကြောင်း


Dr. Thant Zin မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသက်ရှည်ရာ အနာမဲ့ကြောင်း

    အသက်ရှည်ရှည် ကျန်းကျန်းမာမာနေရဖို့ဆိုတာ မျိုးရိုးဗီဇပေါ် မူတည်တယ်လို့ လူအများက ထင်ကြပါတယ်။ တကယ်တော့ မျိုးရိုးဗီဇဟာ အနည်းငယ်လောက်သာ လွှမ်းမိုးပြီး ပတ်ဝန်းကျင်ပြင်ပ အကြောင်းခြင်းရာတွေဖြစ်တဲ့ စားသောက်မှု၊ နေထိုင်မှုပုံစံတွေက အဓိကကျပါတယ်။ ဘဝတစ်သက်တာမှာ မည်သို့မည်ပုံနေထိုင်သွားတယ်ဆိုတဲ့အချက်က သင့်ကိုယ်စိတ်ကျန်းမာရေးကို ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။ ယခု ဆက်လက်ဖော်ပြသွားမှာကတော့ အသက်ရှည်စွာနဲ့ အနာရောဂါကင်းရှင်းအောင် ဘယ်လိုနည်းလမ်းတွေကို ကျင့်သုံးသွားသင့်သလဲ ဆိုတာပါပဲ။

    ၁။ အစားကို အလွန်အကျွံ မစားပါနဲ့

    အစားကုန်အောင်စား ဆိုတဲ့ စကားရှိပေမယ့် တရားလွန်စားသောက်မိရင်တော့ ကျန်းမာရေးအတွက် မကောင်းပါဘူး။ စားမိတဲ့ ကယ်လိုရီပမာဏနဲ့ အသက်ရှည်ရှည်နေနိုင်ဖို့အကြား ဆက်နွယ်မှုရှိပါတယ်။ ကယ်လိုရီလျှော့စားနိုင်ရင် သက်တမ်းပိုမိုကြာရှည်နိုင်မှာ ဖြစ်ပါတယ်။ ကယ်လိုရီလျှော့ခြင်းအားဖြင့် ကိုယ်အလေးချိန်နဲ့ ဝမ်းဗိုက်အဆီတွေ လျှော့ချရာရောက်ပြီး နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို စတာတွေ ဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။

    ၂။ အခွံမာသီး၊ အစေ့အဆန်များများစားပါ

    အစေ့အဆန်တွေမှာ ပရိုတိန်း၊ အမျှင်ဓာတ်၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ တခြားအာဟာရဓာတ်တွေ ကြွယ်ဝပါတယ်။ ကြေးနီဓာတ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ ဖောလိတ်၊ နိုင်ယာဆင်၊ ဗီတာမင် B6 နဲ့ ဗီတာမင် E စတဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေလည်း ကြွယ်ဝပါတယ်။ နှလုံးရောဂါ၊ သွေးတိုးခြင်း၊ ဆီးချို၊ ကင်ဆာရောဂ်အချို့ စတာတွေကို ဖြစ်နိုင်ခြေ လျော့ကျစေပါတယ်။

    ၃။ အသီးအရွက်များများစားပါ

    အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များ၊ အခွံမာသီးများ၊ အစေ့အဆန်များ၊ ပဲအမျိုးမျိုး စတာတွေကို စားသုံးပေးခြင်းဟာ ရောဂါများကို ကာကွယ်ပေးပြီး သက်ရှည်ကျန်းမာဖို့ အထောက်အပံ့ဖြစ်စေပါတယ်။ အသီးအနှံများကို များများစားပေးရင် ကင်ဆာ၊ နှလုံးရောဂါ၊ စိတ်ကျခြင်း၊ အရွယ်မတိုင်ခင်သေဆုံးခြင်း စတဲ့ပြဿနာတွေ ဖြစ်နိုင်ခြေ လျော့ကျစေပါတယ်။

    အပင်တွေကရတဲ့ အစားအစာတွေမှာ polyphenol၊ carotenoids၊ ဖောလိတ်နဲ့ ဗီတာမင် C စတဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

    ၄။ ကိုယ်လက်လှုပ်ရှားခြင်း ပြုလုပ်ပါ

    လှုပ်ရှားတက်ကြွစွာ နေထိုင်ခြင်းဟာ ကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ တစ်နေ့ကို အနည်းဆုံး ၁၅မိနစ်ခန့် ကိုယ်လက်လှုပ်ရှားမှု ပြုပေးသင့်ပါတယ်။ နေ့စဉ် ၁၅မိနစ် ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်သွားရင် အရွယ်မတိုင်မီ သေဆုံးခြင်းကို ၄%လျော့နည်းစေတယ်လို့ ဆိုပါတယ်။ ကိုယ်လက်လှုပ်ရှားခြင်းအားဖြင့် သွေးလည်ပတ်မှုကောင်းစေပြီး ဦးနှောက်ဆီကို အောက်ဆီဂျင်ပါတဲ့ သွေးတွေများများ ရောက်နိုင်ပါတယ်။ ကြွက်သားများသန်စွမ်းကြံ့ခိုင်စေပါလိမ့်မယ်။

    ၅။ ဆေးလိပ်မသောက်ပါနှင့်

    ဆေးလိပ်သောက်ခြင်းကြောင့် ရောဂါမျိုးစုံဖြစ်နိုင်ပြီး စောစီးစွာ သေဆုံးနိုင်ပါတယ်။ ဆေးလိပ်ကြောင့် ကိုယ်တိုင်သောက်သုံးသူကိုသာမကဘဲ တဆင့်ခံအငွေ့ရှူရှိုက်ရသူများကိုပါ ရောဂါဘယဖြစ်စေနိုင်ပါတယ်။ ဆေးလိပ်သောက်သူများဟာ မသောက်သူများထက် စောစီးစွာ သေဆုံးနိုငခြေ သုံးဆပိုများတယ်လို့ ဆိုပါတယ်။ ဆေးလိပ်ဖြတ်ဖို့ နောက်ကျတယ်ဆိုတာ မရှိပါဘူး။

    ၆။ အရက်လျှော့သောက်ပါ

    အရက်ကို အလွန်အကျွံသောက်သုံးရင် အသည်း၊ နှလုံး၊ ပန်ခရိယ စတာတွေနဲ့ဆက်စပ်တဲ့ ရောဂါတွေ ဖြစ်ပွားစေနိုင်ပါတယ်။ စောစီးစွာ သေဆုံးနိုင်ခြေလည်း ဖြစ်ပေါ်စေပါတယ်။ တော်သင့်ရုံသောက်သုံးဖို့ဆိုရင် အမျိုးသမီးများအနေနဲ့ တစ်ရက်မှာ ၁-၂ယူနစ်နှုန်းနဲ့ တစ်ပတ်မှာ ၇ ယူနစ်၊ အမျိုးသားများအနေနဲ့ တစ်နေ့မှာ ၃ယူနစ်နှုန်းနဲ့ တစ်ပတ်မှာ ၁၄ယူနစ် ဖြစ်ပါတယ်။ မသောက်ရင်တော့ အကောင်းဆုံးပါပဲ။

    ၇။ ပျော်ရွှင်စွာနေပါ

    ဘဝကိုပျော်ရွှင်စွာ ဖြတ်သန်းခြင်းဟာ အသက်ရှည်စေပါတယ်။ ပျော်ပျော်နေတတ်သူများဟာ စောစောသေဆုံးနိုင်ခြေကို ၃.၇% လျှော့ချပေးတယ်လို့ ဆိုပါတယ်။ သုတေသနတခုမှာ ဖော်ပြချက်အရလည်း ပျော်ပျော်နေတတ်သူများဟာ ပုံမှန်လူတွေထက် ၁၈% ပိုအသက်ရှည်တယ်လို့ သိရပါတယ်။ ပျော်ရွှင်စွာနေတတ်သူများမှာ ဆီရိုတိုနင်၊ ဒိုပါမင်း စတဲ့ဟော်မုန်းတွေ ပိုမိုထွက်ရှိပြီး ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေပါတယ်။

    ၈။ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုကို ရှောင်ကြဉ်ပါ

    စိတ်ဖိစိးခြင်း၊ ပူပန်တတ်ခြင်းဟာ သင့်ကို အသက်တိုစေပါတယ်။ စိတ်ဖိစီးသူ၊ ပူပန်တတ်သူများဟာ နှလုံးရောဂါ၊ သွေးတိုးခြင်း၊ လေဖြတ်ခြင်း စတဲ့ရောဂါတွေကို ဖြစ်နိုင်ခြေ မြင့်စေပါတယ်။ စိတ်ဖိစိးမှု များနေချိန်မှာ ပျော်ရွှင်ရယ်မောခြင်း၊ အကောင်းမြင်ခြင်း စတာတွေ ပျောက်ဆုံးနေတတ်ပါတယ်။ လေ့လာချက်တခုအရ အဆိုးမြင်တတ်သူများဟာ အကောင်းမြင်တတ်သူများထက်စာရင် စောစီးစွာ သေဆုံးနိုင်ခြေ ၄၂% ပိုမိုမြင့်မားတယ်လို့ သိရပါတယ်။

    ၉။ သင့်ရဲ့လူမှုဆက်ဆံရေး အသိုင်းအဝိုင်းကို ပျိုးထောင်ပါ

    ကောင်းမွန်တဲ့ လူမှုဆက်ဆံရေးအသိုင်းအဝိုင်းကို ပိုင်ဆိုင်ထားသူများဟာ အသက်ရှည်နိုင်ခြေ ပိုများပါတယ်။ ပေါင်းသင်းဆက်ဆံရေးမှာ အပြုသဘောဆောင်ခြင်းဟာ သင့်ရဲ့ဦးနှောက်၊ နှလုံး စတာတွေကိုပါ အကျိုးပြုပါတယ်။ ဟော်မုန်းနဲ့ ကိုယ်ခံအားဆိုင်ရာ လုပ်ငန်းတာဝန်တွေကို တိုးတက်ကောင်းမွန်စေပါတယ်။ နာတာရှည်ရောဂါတွေရဲ့ ဘေးကနေ ကင်းဝေးစေနိုင်ပါတယ်။ မိတ်မဆွေသူငယ်ချင်း၊ မိသားစုဝင် စသဖြင့် အချင်းချင်း ချစ်ခင်ရင်းနှီးစိတ်နဲ့ ဆက်ဆံရေးတည်ဆောက်နိုင်ခြင်းဟာ သင့်ရဲ့ကိုယ်ရောစိတ်ပါ ကျန်းမာရေးကို အကျိုးဖြစ်ထွန်းစေပါတယ်။

    ၁၀။ ကောင်းကောင်းအိပ်ပါ

    အိပ်စက်ခြင်းဟာ သင့်ခန္ဓာကိုယ်က ဆဲလ်တွေရဲ့လုပ်ငန်းတာဝန်တွေကို ပုံမှန်လုပ်ဆောင်နိုင်ဖို့ အထောက်အကူပြုပါတယ်။ ညစဉ် အချိန်တခုမှာ သတ်သတ်မှတ်မှတ် အိပ်ရာဝင်ခြင်း၊ မနက်တိုင်း အချိန်တခုမှာ သတ်သတ်မှတ်မှတ်နိုးထခြင်း စတာတွေဟာ သက်ရှည်ကျန်းမာစေမယ့် အမူအကျင့်တွေ ဖြစ်ပါတယ်။ အိပ်ချိန်နည်းလွန်းခြင်းရော များလွန်းခြင်းပါ မကောင်းတဲ့ အမူအကျင့် ဖြစ်ပါတယ်။ တညကို ၅-၇ နာရီထက်လျော့ပြီး အိပ်စက်ခြင်းဟာ စောစီးစွာ သေဆုံးနိုင်ခြေ ၁၂% ပိုများပြီး ၈-၉နာရီထက်ပိုပြီး အိပ်စက်ခြင်းဟာလည်း လူ့သက်တမ်းကို ၃၈%ထိ လျော့နည်းစေနိုင်တယ်လို့ ဆိုပါတယ်။

    အိပ်ချိန်နည်းလွန်းခြင်းဟာ ဆီးချို၊ နှလုံးရောဂါ၊ အဝလွန်ခြင်း စတာတွေကို ဖြစ်နိုင်ခြေမြင့်စေပြီး အိပ်ချိန်များလွန်းခြင်းဟာ စိတ်ဓာတ်ကျခြင်း၊ ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း စတာတွေနဲ့ ဆက်စပ်နေနိုင်ပါတယ်။

    ၁၁။ သင့်ကျန်းမာရေးအတွက် နားလည်တတ်ကျွမ်းသူများနဲ့ တိုင်ပင်ပါ

    ယနေ့ သတင်းမီဒီယာခေတ်မှာ ကျန်းမာရေးနဲ့ ပတ်သက်ပြီး လွယ်လင့်တကူ ရှာဖွေဖတ်ရှုနိုင်ပါတယ်။ ဂရုပြုရာမှာကတော့ ယုံကြည်စိတ်ချရတဲ့ ရင်းမြစ်ဖြစ်ဖို့ အရေးကြီးပါတယ်။ မှားယွင်းတဲ့ အချက်အလက်တွေနောက် လိုက်ပါယုံကြည်မိခြင်းဟာ သင့်ကျန်းမာရေးအတွက် လမ်းလွဲစေနိုင်ပါတယ်။ အတည်မပြုနိုင်တဲ့ ဆေးမြီးတိုများ၊ ကုထုံးများနောက်ကို နားမယောင်မိဖို့ လိုပါတယ်။ နေထိုင်မကောင်းဖြစ်ရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်ဆီမှာပဲ ပြသသင့်ပါတယ်။ ၆လတကြိမ်ခန့် ကျန်းမာရေးစစ်ဆေးမှု ခံယူသင့်ပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thant Zin မှ ရေးသားသည်။ · 15/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement