backup og meta

အသည်းရောဂါ ရှာဖွေအတည်ပြုခြင်းအကြောင်း သိကောင်းစရာ

အသည်းရောဂါ ရှာဖွေအတည်ပြုခြင်းအကြောင်း သိကောင်းစရာ

ဆရာဝန်ဆီ သွားရောက်ပြသခြင်းဟာ အနည်းငယ်ကြောက်စရာကောင်းနိုင်ပါတယ်။ ဆရာဝန်တွေနဲ့ ဆရာမတွေဟာ သင့်ကိုအကြောင်းရင်းတစ်စုံတစ်ရာ မပြောပြပဲ သွေးဖေါက်နိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ ဒီလိုသွေးဖောက် စစ်ဆေးမှုတွေအကြောင်းကို စိုးရိမ်မှုလျော့ပါးစေဖို့ ရှင်းပြပေးမှာ ဖြစ်ပါတယ်။

ကိုယ်ခန္ဓါနဲ့ ရောဂါရာဇဝင် စစ်ဆေးခြင်း

သင့်ဆရာဝန် ပထမဆုံးလုပ်မယ့်အရာကတော့ ကိုယ်ခန္ဓါ စစ်ဆေးမှုပြုလုပ်ပြီး ကျန်းမာရေးရာဇဝင် မေးမှာ ဖြစ်ပါတယ်။ သင့်ဆရာဝန်ဟာ သင့်ကို မေးခွန်းတွေ မေးပြီး ရောဂါလက္ခဏာတွေကို ရှာဖွေမှာ ဖြစ်ပါတယ်။ ဒီလက္ခဏာတွေကတော့-

• အသားဝါခြင်း၊ မျက်လုံးဝါခြင်း

• ဗိုက်အောင့်ခြင်း၊ ရောင်ရမ်းခြင်း

• ခြေထောက်၊ ခြေချင်းဝတ် ရောင်ရမ်းခြင်း

• အရေပြား ယားယံခြင်း

• ဆီးအရောင်ရင့်ခြင်း

• ဝမ်းအရောင် ဖျော့ခြင်း၊ သွေး ပါခြင်း (သို့) ကတ္တရာစေးရောင် ဝမ်းသွားခြင်း

• နာတာရှည် ပင်ပန်းနွမ်းနယ်ခြင်း

• ပျို့အန်ခြင်း

• အစာစားချင်စိတ် မရှိခြင်း

• အလွယ်အကူ အညိုအမဲ စွဲခြင်း

ဒီလက္ခဏာတွေကို ရှာဖွေပြီးချိန်မှာ သင့်ဆရာဝန်က သင့်ကို ကျန်းမာရေးရာဇဝင်အကြောင်း မေးမြန်းမှာ ဖြစ်ပါတယ်။ သင့်မိသားစုထဲမှာ အသည်းရောဂါရှိသူရှိရင်၊ သောက်နေတဲ့ဆေးတွေ ရှိရင်၊ ဆေးဘက်ဝင် အပင်မှ ထုတ်ကုန်များ၊ အခြားကျန်းမာရေး အခြေအနေ တွေ ရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

သင့်ဆရာဝန်က မကြာသေးမီက ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေ ဥပမာ လိင်ဆက်ဆံခြင်း၊ ဆေး၊ အရက်သုံးစွဲခြင်း၊ ညစ်ညမ်းသော အပ်များ မျှဝေသုံးစွဲဖူးခြင်းတွေကို လက္ခဏာတွေရဲ့ ဖြစ်နိုင်တဲ့ အကြောင်းရင်းတွေကို ရှာဖွေဖို့ မေးမြန်းနိုင်ပါတယ်။ ဒါကြောင့် သင့်ဆရာဝန်ကို အလုံးစုံပြောပြဖို့ လိုအပ်ပါတယ်။ ဘယ်လောက်ရှက်စရာကောင်းတယ်လို့ ယူဆသည်ဖြစ်စေ၊ ရိုးစင်းတယ်လို့ ယူဆသည်ဖြစ်စေ ပြောပြသင့်ပါတယ်။ ဒါတွေဟာ သင့်အသည်းရောဂါရဲ့ အရိပ်အမြွက် ဖြစ်နိုင်ပါတယ်။ ပြီးရင်တော့ ဆရာဝန်က အသည်းရောဂါလက္ခဏာတွေကို ရှာဖွေမှာ ဖြစ်ပါတယ်။ အသည်းနေရာကို ဖိကြည့်ပြီး အောက်ပါအချက်တွေကို ရှာဖွေမှာ ဖြစ်ပါတယ်။

• အသည်းကြီးခြင်း – အသည်းကြီးခြင်းဟာ အသည်းရောင်ခြင်း၊ ပိတ်ခြင်း၊ အသည်းအဆီဖုံးခြင်း၊ ကင်ဆာ အစရှိတာတွေရဲ့ လက္ခဏာ ဖြစ်ပါတယ်။

• စမ်းမိတဲ့ အကျိတ် – တကယ်လို့ သင်စမ်းမိတဲ့ အကျိတ်ရှိတယ်ဆိုရင် သင့်ဆရာဝန်ကလည်း သတိထားမိနိုင်ပါတယ်။ ဒါဟာ ကင်ဆာ ရှိမရှိ သိနိုင်ဖို့ အခြားစစ်ဆေးမှုတွေ ပြုလုပ်သင့်ပါတယ်။

• ပုံမှန်မဟုတ်သော အသည်းပုံသဏ္ဍာန် – အသည်းမာခြင်း၊ ပုံမှန်မဟုတ်သော ပုံသဏ္ဍာန် ရှိခြင်း၊ တုံးသော အစွန်းရှိခြင်း။ အသည်းခြောက်ခြင်းကြောင့် အသည်းမှာ အမာရွတ် ထင်ကျန်တတ်ပါတယ်။

• အသည်းနာခြင်း – အသည်းနာကျင်ခြင်းဟာ သွေးထွက်ခြင်း၊ အသည်းရောင်ခြင်း၊ ကင်ဆာရောဂါတွေကြောင့် ဖြစ်တတ်ပါတယ်။

အသည်းစစ်ဆေးမှုအပြင် သင့်ဆရာဝန်က ကိုယ်ခန္ဓါရဲ့ အခြားအစိတ်အပိုင်းတွေကိုလည်း စစ်ဆေးနိုင်ပါတယ်။ အောက်ပါအချက်တွေက သင့်ဆရာဝန် ရှာဖွေမယ့် အချက်တွေ ဖြစ်ပါတယ်။

• ဝမ်းဗိုက်ရောင်ရမ်းမှုကို ဖြစ်စေတဲ့ ဝမ်းဗိုက်အတွင်း အရည်စုခြင်း

• သရက်ရွက် ပုံမှန်မဟုတ်ပဲ ရောင်ရမ်းခြင်း

• အိပ်ငိုက်ခြင်း၊ စိတ်ရှုပ်ခြင်း

• အသားဝါခြင်း၊ မျက်လုံးဝါခြင်း

• အရေပြား ယားယံခြင်း

• ခြေထောက်၊ ခြေချင်းဝတ် ရောင်ခြင်း

• ရှင်းမပြနိုင်သော အညိုအမဲစွဲခြင်းများ

သင့်ဆရာဝန်က အခြားစစ်ဆေးမှုတွေကို ပြုလုပ်ပြီး ရောဂါရှာဖွေမှာ ဖြစ်ပါတယ်။ အသည်းရောဂါ ကိုအဖြေရှာဖို့ စစ်ဆေးမှု သုံမျိုးရှိပါတယ်။ သွေးစစ်ဆေးခြင်း၊ ပုံရိပ်ဖော်စစ်ဆေးနည်းတွေနဲ့ အသားစ စစ်ဆေးခြင်း တွေပဲဖြစ်ပါတယ်။

သွေးစစ်ဆေးခြင်း

အသည်းရောဂါအတွက် အဓိက စစ်ဆေးမှုကတော့ သွေးစစ်ဆေးမှု ဖြစ်ပြီး သင့်ဆရာဝန်က ဒီစစ်ဆေးမှုကို အရင်လုပ်မှာ ဖြစ်ပါတယ်။ ဒီစစ်ဆေးမှုတွေဟာ အောက်ပါအတိုင်းဖြစ်ပါတယ်။

• သွေးဆဲလ် အရေအတွက် – သူဟာ သွေးနီဥ၊ သွေးဖြူဥနဲ့ သွေးမွှားဥ (သွေးခဲခြင်းကိုဖြစ်စေသော သွေးဆဲလ်) တွေ ကျဆင်းခြင်းကို ဖေါ်ပြနိုင်ပါတယ်။ ဒါဟာ သွေးဆဲလ် ထုတ်လုပ်မှုကို တားမြစ်တဲ့ အသည်းရောဂါဆိုးဝါးမှုကို ဖေါ်ပြခြင်း ဖြစ်နိုင်ပါတယ်။

• အသည်းအင်ဇိုင်းတက်ခြင်း – သွေးအတွက် အင်ဇိုင်းတွေဖြစ်တဲ AST နဲ့ ALT စစ်ဆေးမှုတွေ ဖြစ်ပါတယ်။ ဒီအင်ဇိုင်းတွေကို အသည်းက ထုတ်လုပ်ပါတယ်။ အင်ဇိုင်းများစွာ ရှိခြင်းဟာ အသည်းရောဂါကို ဖေါ်ပြပြီး အသည်းထိခိုက်မိခြင်း၊ အသည်းရောင်ခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ အသည်းအင်ဇိုင်းတွေဟာ အရက်သောက်ခြင်းကြောင့် ဖြစ်စေ၊ အရက်မသောက်တဲ့အသည်းရောဂါတွေမှာ ဖြစ်စေ မြင့်တက်နိုင်ပါတယ်။

• GGT နဲ့ ALP တက်ခြင်း – ဒီအင်ဇိုင်းတွေဟာ အသည်းရောဂါဖြစ်စဉ်မှာ တက်နိုင်ပါတယ်။ သူတို့ကို ပုံမှန်အားဖြင့် သည်းခြေပြွန်တွေက ထုတ်လုပ်တာ ဖြစ်ပါတယ်။

• Bilirubin (အဝါဓါတ်) တက်ခြင်း – အသည်းရောဂါတွေမှာ bilirubin တက်နိုင်ပါတယ်။ bilirubin ကို အသည်းက ကိုယ်ခန္ဓါ ပြင်ပကို ထုတ်လုပ်ပေးပါတယ်။ bilirubin များနေခြင်းဟာ သွေးခဲစေတဲ့ အရာတွေ များနေခြင်းကို ဖေါ်ပြပြီး သွေးထွက်နှုန်း များကာ အလွယ်တကူ သွေးခြေဥနိုင်ပါတယ်။

• Albumin နည်းခြင်း – Albumin ကို အသည်းက ထုတ်လုပ်တာ ဖြစ်ပါတယ်။ သင့်မှာ အသည်းရောဂါရှိရင် ကိုယ်ခန္ဓါ အသုံးပြုဖို့ လိုအပ်တဲ့ albumin တွေကို အသည်းက မထုတ်လုပ်နိုင်တော့ပါဘူး။

ကိုယ်ခန္ဓါ စစ်ဆေးမှု၊ ရောဂါရာဇဝင် စစ်ဆေးမှုနဲ့အတူ သွေးအဖြေတွေက အောက်ပါ အသည်းရောဂါတွေကို ဖေါ်ပြနိုင်ပါတယ်။

• အရက်ကြောင့် ရုတ်တရက် အသည်းရောင်ခြင်း

• ဗိုင်းရပ်စ်ကြောင့် အသည်းရောင်ခြင်း (အသည်းရောင် ရောဂါပိုး အေ၊ ဘီ၊စီ)

• ကိုယ်ခံအားစနစ်ဖောက်လွဲဖောက်ပြန်ဖြစ်မှုကြောင့် အသည်းရောင်ခြင်း

• အသည်းတွင်းရှိသည်းခြေပြွန်ပျက်စီးခြင်း (Primary biliary cirrhosis)

• အရက်ကြောင့် မဟုတ်ပဲ အသည်းအဆီဖုံးခြင်း

ပုံရိပ်ဖော်စစ်ဆေးနည်းများ

ပုံရိပ်ဖော်စစ်ဆေးနည်းတွေဟာ အသည်းရောဂါအတည်ပြုဖို့အတွက် အခြားစစ်ဆေးမှု အမျိုးအစား တစ်ခု ဖြစ်ပါတယ်။ ဒီနည်းလမ်းတွေကို အသည်းမှာ ရှိတဲ့ အကျိတ်အရွယ်အစား၊ အမာရွတ်ထင်ခြင်းတွေကို ရှာဖွေလို့ အသုံးပြုပါတယ်။ ဒီနည်းလမ်းတွေကတော့-

• ဝမ်းဗိုက် ဓါတ်မှန် ။ ။ X-ray တွေဟာ ကိုယ်ခန္ဓါအတွင်းပိုင်း ဓါတ်ပုံတွေကို အဖြူအမဲ ပုံစံနဲ့ ပြသမှာ ဖြစ်ပါတယ်။

• ကွန်ပျူတာဓါတ်မှန် (CT) ။ ။ သူဟာ ကိုယ်ခန္ဓါရဲ့ ဖြတ်ပိုင်းပုံတွေကို ပြုလုပ်ဖို့ အထူးပြုလုပ်ထားတဲ့ X-rays တွေကို အသုံးပြုပါတယ်။

• သံလိုက်ဓါတ်မှန် (MRI) ။ ။ MRI ဟာ ကြီးမားတဲ့ သံလိုက်နဲ့ ရေဒီယိုလှိုင်းတွေကို အသုံးပြုပြီး ကိုယ်အင်္ဂါတွေကို ရှာဖွေဖို့နဲ့ ကိုယ်ခန္ဓါအတွင်းမှာရှိတဲ့ အရာတွေကို ရှာဖွေဖို့ အသုံးပြုတာဖြစ်ပါတယ်။ သူဟာ X-rays နဲ့ CT ထက် ပိုအသေးစိတ်တဲ့ ဓါတ်ပုံတွေကို ထုတ်လုပ်ပေးနိုင်ပါတယ်။

• မုန့်ချိုအိတ်နှင့်သည်းခြေပြွန် မှန်ပြောင်းကြည့်ခြင်း (ERCP) ။ ။ ကင်မရာကို မှန်ပြောင်း ရဲ့ တစ်ဖက်မှာ တပ်ဆင်ထားပြီး သည်းခြေပြွန် သို့ မုန့်ချိုအိတ်ပြွန် ပြဿနာတွေကို ရှာဖွေဖို့ အသုံးပြုပါတယ်။

X-ray၊ CT နဲ့ MRI ရိုက်စဉ်မှာ အသည်းရဲ့ ဓါတ်ပုံတွေကို ရိုက်ဖို့ စက်တစ်ခုပေါ်မှာလဲလျောင်းနေသင့်ပါတယ်။ ဒီစစ်ဆေးမှုတွေကြောင့် နာကျင်မှုကို ခံစားရမှာမဟုတ်ပဲ အထူးတလည် ကြိုတင်ပြင်ဆင်ဖို့လည်း မလိုပါဘူး။

မှန်ပြောင်းကြည့်ဖို့ အတွက်ဆိုရင်တော့ သင့်ဆရာဝန်က ဒီစစ်ဆေးမှုရဲ့ ဖြစ်နိုင်တဲ့ ဆိုးကျိုးတွေနဲ့ ဘယ်လိုပြင်ဆင်ရမယ်ဆိုတာကို ပြောပြမှာ ဖြစ်ပါတယ်။ မှန်ပြောင်းမကြည့်ခင် ၈ နာရီလောက်ကြိုပြီး အစာစားခြင်း၊ အရည်သောက်ခြင်း မပြုလုပ်သင့်ပါဘူး။ ဆေးလိပ်သောက်ခြင်းနဲ့ ပီကေဝါးခြင်းကို ဒီအချိန်အတွင်းမှာ မပြုလုပ်သင့်ပါဘူး။ မှန်ပြောင်းကြည့်နေစဉ်မှာ ဓါတ်မှန်ရိုက်သော ကုတင်ပေါ်မှာ ပက်လက် (သို့) ဘေးတစ်စောင်း လဲလျောင်းနေဖို့ လိုအပ်ပါတယ်။ လိုအပ်ရင် နာကျင်မှု မခံစားရစေဖို့နဲ့ စိတ်တည်ငြိမ်စေဖို့ စိတ်ငြိမ်ဆေးကို သွေးကြောတွင်း ထိုးပေးနိုင်ပါတယ်။ ဆရာဝန်က မှန်ပြောင်းကို အစာမြိုပြွန်ထဲ ထည့်မှာ ဖြစ်ပြီး အစာအိမ်၊ အူသိမ်တွေ အထိ စစ်ဆေးမှာ ဖြစ်ပါတယ်။

အသားစ စစ်ဆေးခြင်း

တစ်ရှူးစစ်ဆေးခြင်းကို အသည်းအသားစ ယူခြင်းလို့ ခေါ်ပြီး သင့်အသည်းရဲ့ အသားစကို ယူကာ စစ်ဆေးမှာ ဖြစ်ပါတယ်။ ဒီလိုစစ်ဆေးမှု ပြုစဉ် နာကျင်မှုကို မခံစားရစေဖို့ မေ့ဆေးကို အသုံးပြုမှာဖြစ်ပါတယ်။ သင့်ဆရာဝန်က အရေပြားကို အနည်းငယ် ခွဲရာပေးပြီး ရှည်လျားပါးလွှာတဲ့ အပ်ကို အသုံးပြုကာ အသည်း အသားစ ယူဖို့ အသည်းဆီကို သွားမှာ ဖြစ်ပါတယ်။ အသည်းအသားစ ယူပြီးရင်တော့ ခွဲစိတ်ရာကို ပြန်ပိတ်မှာ ဖြစ်ပါတယ်။ ဒါဟာ အမာရွတ်အနည်းငယ်သာ ထင်ကျန်မှာ ဖြစ်ပါတယ်။

အသားစကို အသည်းမှာရှိတဲ့ ကင်ဆာဆဲလ်တွေ၊ ဘက်တီးရီးယား၊ အဆီ တွေကို စစ်ဆေးဖို့ အနုကြည့်မှန်ပြောင်းနဲ့ ကြည့်မှာ ဖြစ်ပါတယ်။ ဒါဟာ ဆရာဝန်က သင့်အသည်းရောဂါကို အမည်တပ်ဖို့ ကူညီပေးမှာ ဖြစ်ပါတယ်။

အထက်မှာ မဖေါ်ပြထားတဲ့ စစ်ဆေးမှုတွေလည်း ရှိနိုင်ပါတယ်။ သင့်မှာ စိုးရိမ်စိတ်တွေရှိနေခဲ့ရင် ဆရာဝန်နဲ့ ဆွေးနွေးနိုင်ပါတယ်။ အကောင်းဆုံးကျန်းမာရေး ဆုံးဖြတ်ချက်ချနိုင်ဖို့ သင့်နားလည်မှုဟာ အရေးကြီးပါတယ်။

Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Liver Biopsy. http://www.niddk.nih.gov/health-information/health-topics/diagnostic-tests/liver-biopsy/Pages/diagnostic-test.aspx. Accessed September 18, 2016.

Liver disease diagnosis. http://www.news-medical.net/health/Liver-disease-diagnosis.aspx. Accessed September 18, 2016.

Liver disease. http://www.mayoclinic.org/diseases-conditions/liver-problems/basics/tests-diagnosis/con-20025300. Accessed September 18, 2016.

ERCP. http://www.niddk.nih.gov/health-information/health-topics/diagnostic-tests/ercp/Pages/diagnostic-test.aspx. Accessed September 18, 2016.

Evaluation of the Patient With a Liver Disorder. http://www.merckmanuals.com/professional/hepatic-and-biliary-disorders/approach-to-the-patient-with-liver-disease/evaluation-of-the-patient-with-a-liver-disorder. Accessed September 18, 2016.

Liver Test Interpretation – Approach to the Patient with Liver Disease: A Guide to Commonly Used Liver Tests. http://www.clevelandclinicmeded.com/medicalpubs/diseasemanagement/hepatology/guide-to-common-liver-tests/. Accessed September 18, 2016.

ယခုပုံစံ

25/08/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အပူအစပ်တွေ စားပြီးရင် ဗိုက်အောင့်ရတဲ့ အကြောင်းအရင်း

ဝမ်းသွားရင် အရမ်းနာကျင်ရတာ ဘာကြောင့်လဲ!



Dr . Phyu Mon Latt မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement