ခုခံအားက Bပိုးကို နိုင်အောင် မတိုက်နိုင်တော့လို့ Bပိုးတွေ များလာရင် အသည်းပျက်စီးနေတဲ့ လက္ခဏာတွေ တွေ့ရရင် ဆေးကုဖို့ ပိုလိုပါတယ်။ C ပိုးနဲ့ မတူတာက အသည်းရောင် အသားဝါ Bပိုး ပျောက်အောင် ကုလို့မရသေးပါဘူး။ ဆေးတွေက ပိုးတွေကို ထိန်းပေးပြီး အသည်းမပျက်စီးအောင် ကာကွယ်ပေးပါတယ်။ Bပိုးကို ကုတဲ့အခါ တချို့တွေက တစ်သက်လုံး ဆေးသောက်ရတာတွေ ရှိပါတယ်။ ဆီးချိုတို့၊ သွေးတိုးတို့ ကုသလိုပေါ့။

ကုလို့ရတဲ့ နည်းတွေကတော့
Entecavir, Tenofovir, Lamivudine, Adefovirနဲ့ Telbivudine စတဲ့ ဆေးတွေ အသုံးများပါတယ်။ ဒီဆေးတွေက ဗိုင်းရပ်စ်ကို တိုက်ခိုက်တဲ့အတွက် အသည်းပျက်စီးတာ နည်းသွားပါတယ်။ ဆေးတွေ အများကြီးရှိတဲ့အတွက် ဘယ်ဆေးက မိမိနဲ့ သင့်တော်သလဲ။ ဘယ်လိုဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်လဲ။ စျေးနှုန်း စတာတွေကို ဆရာဝန်နဲ့ တိုင်ပင်ပါ။
Interferon alfa-2b (Intron A) ဆိုတာကို သုံးလေ့ရှိကြပါတယ်။ အထူးသဖြင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ပိုးကူးခံရပြီး အချိန်ကြာကြာ ကုသမှု မခံယူချင်တဲ့သူတွေ၊ နှစ်အနည်းငယ်အတွင်းမှာ ကိုယ်ဝန်ဆောင်ဖို့ စီစဉ်ထားကြတဲ့ အမျိုးသမီးလူနာတွေမှာ သုံးလေ့ရှိပါတယ်။ Interferonကို ကိုယ်ဝန်ဆောင်ချိန်မှာတော့ သုံးလို့ မရပါဘူး။ ဘေးထွက်ဆိုးကျိုးအနေနဲ့ ပျို့တာ၊ အန်တာ၊ အသက်ရှူရခက်တာ၊ စိတ်ကျတာတွေ ဖြစ်တတ်ပါတယ်။
အသည်းရောင် အသားဝါ Bပိုး ရှိရုံတင် မဟုတ်ဘဲ ပိုးကြောင့် အသည်းပါ ပျက်စီးနေပြီဆိုရင်တော့ အသည်းအစားထိုးဖို့ ပြင်ဆင်ရတော့မှာပါ။ အသည်းအစားထိုးပြီးပေမယ့် Bပိုးအတွက် ဆေးတွေ ဆက်သောက်ဖို့ လိုကောင်းလိုနိုင်ပါတယ်။ မဟုတ်ရင် သွေးထဲက ပိုးတွေက အစားထိုးထားတဲ့အသည်းကို ထပ်ပြီး တိုက်ခိုက်ပါလိမ့်မယ်။
အသည်းရောင် အသားဝါ Bပိုး ပျောက်အောင် ကုသလို့ရလား။
Bပိုးကို Cပိုးလိုမျိုး အရှင်းပျောက်အောင် ကုသလို့ မရသေးပါဘူး။ ဒါပေမယ့် လက်ရှိကုထုံးတွေနဲ့ သေချာကုသမယ်၊ ပုံမှန်ဆေးစစ်ပြီး အသည်းကျန်းမာရေးကို စစ်ဆေးနေမယ်ဆိုရင်တော့ Bပိုးက အသည်းကို ဒုက္ခမပေးအောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
ဒါ့ပြင် အသည်းခြောက်တာ၊ အသည်းကင်ဆာဖြစ်တာကိုလည်း လျှော့ချနိုင်မှာပါ။ အတူနေမိသားစုကို မကူးအောင်လည်း ကာကွယ်ပေးထားနိုင်တာကြောင့် Bပိုးကို အပြီးမပျောက်ဘူးဆိုပြီး စိတ်မပျက်ဘဲ ကုသမှု ခံယူသင့်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။