Hepatitis B (အသည်းရောင်အသားဝါ ဘီ ရောဂါ)

Hepatitis B (အသည်းရောင်အသားဝါ ဘီ ရောဂါ)

အဓိပ္ပာယ်ဖွင့်ဆိုချက်

Hepatitis B (အသည်းရောင်အသားဝါ ဘီ ရောဂါ) ကဘာလဲ။

အသည်းရောင်အသားဝါ ဘီရောဂါက ကူးစက်တတ်တဲ့ အသည်းရောဂါဖြစ်ပါတယ်။ အသည်းရောင်အသားဝါ ဘီပိုး (HBV) ကြောင့် ဖြစ်ပွားခြင်း ဖြစ်ပါတယ်။ အသည်းရောင်တဲ့ ပုံစံနှစ်မျိုးရှိပါတယ်။

  • ရုတ်တရက် အသည်းရောင်အသားဝါဘီရောဂါ

HBV ပိုးနဲ့ ထိတွေ့ပြီးနောက် ၆ လအတွင်း သိသာတဲ့ လက္ခဏာပြပါတယ်။ ဒီရောဂါက နာတာရှည်အသည်းရောဂါအဖြစ်ကို ပြောင်းသွားတတ်ပါတယ်။ အမြဲတမ်းတော့ မဟုတ်ပါ။

  • နာတာရှည် အသည်းရောင်အသားဝါဘီရောဂါ

ဒါကတော့ ကာလကြာရှည်စွာ ဖြစ်ပွားတတ်တဲ့ ရောဂါဖြစ်ပြီး လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ဗိုင်းရပ်ပိုးတွေ ကျန်ရှိနေသည့်အခါ ဖြစ်ပေါ်တတ်ပါတယ်။

Hepatitis B (အသည်းရောင်အသားဝါ ဘီ ရောဂါ) က ဘယ်လောက်အဖြစ်များသလဲ

အသည်းရောင် အသားဝါ ဘီရောဂါက မွေးစကလေးကနေစပြီး လူကြီးတွေအထိ ဖြစ်နိုင်ပါတယ်။

WHO အချက်အလက်များအရ ကမ္ဘာပေါ်တွင် အသည်းရောင်အသားဝါဘီရောဂါရှိသူပေါင်း သန်းနှစ်ထောင်ခန့်ရှိသည်ဟု ဆိုပါတယ်။ ဒီအထဲမှာမှ အာရှပစိဖိတ်ဒေသမှာ သန်း ၂၅၀ သောလူများသည် HBV ပိုး နာတာရှည်ကူးစက်မှု ခံစားနေရပါတယ်။

လက္ခဏာများ

Hepatitis B (အသည်းရောင်အသားဝါ ဘီ ရောဂါ) ရဲ့လက္ခဏာတွေက ဘာတွေလဲ

အသည်းရောင်အသားဝါဘီကို “တိတ်တဆိတ်လူသတ်သမား” လို့ ခေါ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ လူအများစုမှာ လက္ခဏာ မပေါ်တတ်တာကြောင့် ဖြစ်ပါတယ်။ လက္ခဏာမပြဘဲ ကိုယ်ထဲမှာ နှစ်တွေအကြာကြီး ပိုးတွေပွားနေတတ်ပါတယ်။

ရောဂါပိုး စကူးစက်ခံရပြီဆိုရင်

  • အကွက်ထခြင်း
  • အဆစ်အမြစ်နာခြင်း
  • မောပန်းခြင်း
  • အသားဝါခြင်းတို့ ခံစားရတတ်ပါတယ်။

တခြားလက္ခဏာများမှာ

  • ဝမ်းအရောင်ဖျော့ခြင်း၊ ရွှံ့စေးလို ဝမ်းအရောင်များသွားခြင်း
  • ဆီးအရောင်ရင့်ခြင်း
  • ယားယံခြင်း
  • အစားအသောက်ပျက်ခြင်း
  • ပျို့ခြင်း
  • အန်ခြင်း
  • ငွေ့ငွေ့ဖျားခြင်း
  • ဗိုက်အောင့်ခြင်း
  • Spider naevi လို့ခေါ်တဲ့ ပင့်ကူပုံစံသွေးကြောကွက်များ အရေပြားတွင်ပေါ်လာခြင်းတို့ ဖြစ်ပါတယ်။

ဒီလက္ခဏာတွေ အားလုံးကို လူတိုင်းက ခံစားရမှာ မဟုတ်ပါဘူး။ ဒါ့ပြင် လက္ခဏာအများစုက သာမန်အအေးမိ တုပ်ကွေးရောဂါနဲ့ ဆင်တာကြောင့် အသည်းရောက် အသားဝါ ဘီ ကူးစက်ခံရတယ်လို့ တွေးမိကြမှာ မဟုတ်ပါဘူး။

ဒီလိုနဲ့ ရောဂါပြင်းထန်ပြီး အသည်းခြောက်တာ၊ ရေဖျဉ်းဆွဲတာနဲ့ အသည်းပျက်စီးလို့ လက္ခဏာတွေပြတော့မှ သတိထားမိလာကြပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

သင့်ဆီမှာ အထက်ပါ ရောဂါလက္ခဏာတွေထဲက တစ်ခုခုများရှိနေမယ်ဆိုရင် သို့မဟုတ် အသည်းရောင် အသားဝါ ဘီပိုး ကူးစက်ခံရတယ်လို့ သံသယရှိတယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။ ကာကွယ်ဆေးမထိုးထားတဲ့သူတွေမှာ ထိတွေ့ပြီးလို့ post exposure prophylaxis ကုထုံး မြန်မြန်ခံယူလိုက်ရင် ကူးစက်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။

အကြောင်းရင်းများ

Hepatitis B (အသည်းရောင်အသားဝါ ဘီ ရောဂါ) ကို ဘာတွေက ဖြစ်စေသလဲ

အဓိက အကြောင်းရင်းက အသည်းရောင်အသားဝါဘီ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရလို့ပါ။ ဒီဗိုင်းရပ်စ်က

  • ရောဂါရှိသောသူနဲ့ လိင်ဆက်ဆံတာ
  • မသန့်တဲ့ ဆေးထိုးအပ်တွေကို မျှဝေသုံးစွဲတာ
  • ရောဂါပိုးရှိတဲ့ သွေးနဲ့ ခန္ဓာကိုယ်မှ ထွက်တဲ့ အရည်များ (ဥပမာ – သုက်ရည်၊ မိန်းမကိုယ်အရည်၊ နို့ရည်၊ မျက်ရည်၊ တံတွေးနဲ့ အနာများမှ အရည်များ) မှတစ်ဆင့် ဗိုင်းရပ်စ်ပိုးကူးနိုင်သည်။
  • ရောဂါပိုးရှိသော ကိုယ်ဝန်ဆောင်မိခင်မှလည်း ကလေးဆီကို ကူးစက်နိုင်ပါတယ်။

ဖြစ်နိုင်ခြေများစေတဲ့အကြောင်းရင်း

Hepatitis B (အသည်းရောင်အသားဝါ ဘီ ရောဂါ) ဖြစ်နိုင်ခြေကို ဘာတွေက မြင့်တက်စေသလဲ

အသည်းရောင်အသားဝါဘီသည် ရောဂါပိုးရှိသူရဲ့ သွေး၊ သုက်ရည် သို့မဟုတ် ခန္ဓာကိုယ်မှ ထွက်တဲ့ အရည်များနဲ့ ထိမိရင် ကူးစက်နိုင်ပါတယ်။ အောက်ပါအကြောင်းအရာများရှိနေရင် အသည်းရောင်အသားဝါဘီရောဂါ ကူးစက်ခံရနိုင်ခြေ များနိုင်ပါတယ်။

  • လိင်ဆက်ဆံဖက်များတာ (သို့) အသည်းရောင်အသားဝါဘီပိုး ကူးစက်ခံထားရသူနဲ့ အကာအကွယ်မဲ့လိင်ဆက်ဆံခြင်း
  • အကြောဆေးထိုးရာတွင် အပ်များကိုမျှဝေသုံးစွဲခြင်း
  • လိင်တူဆက်ဆံခြင်း
  • နာတာရှည်အသည်းရောင် အသားဝါဘီ ရောဂါ ရှိသူနဲ့ အတူနေထိုင်ခြင်း
  • အသည်းရောင်အသားဝါဘီပိုးရှိတဲ့ မိခင်ရဲ့ ကလေး

ဒီအချက်တွေ ရှိနေရင် ကူးနိုင်ခြေ များတယ်ဆိုလို့ ဒါတွေ မရှိရင် မကူးနိုင်တော့တာ မဟုတ်ပါဘူး။ လူတိုင်းက ကူးစက်နိုင်ခြေရှိတာကြောင့် ကြိုတင်ကာကွယ်ထားတာ အကောင်းဆုံးပါ။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ပိုမိုတိကျတဲ့ အချက်အလက်များရရှိရန်အတွက် ဆရာဝန်နဲ့ အမြဲတမ်းတိုင်ပင်ပါ။

Hepatitis B (အသည်းရောင်အသားဝါ ဘီ ရောဂါ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဘီပိုးရှိတယ်လို့ သံသယရှိတယ်ဆိုရင် သွေးစစ်ကြည့်နိုင်ပါတယ်။ ဒါ့ပြင် ပိုးရှိတယ်ဆိုရင် ပိုးကောင်ရေ၊ အသည်းထိခိုက်မှု ရှိမရှိ စတာတွေကိုလည်း ဆက်လက်စစ်ဆေးဖို့ လိုပါတယ်။

Hepatitis B (အသည်းရောင်အသားဝါ ဘီ ရောဂါ) ကို ဘယ်လိုကုသပါသလဲ

ဘီပိုးကူးစက်ခံရပေမယ့် တချို့သောသူတွေမှာ အလိုလိုသက်သာသွားတာလည်း ရှိပါတယ်။ ဒါပေမယ့် ဒါက လူနည်းစုပါ။

ဒါကြောင့် ဘီပိုးကူးစက်ခံရတယ်လို့ သံသယရှိတာနဲ့ ဆရာဝန်ဆီ မြန်မြန်သွားပါ။ တကယ်လို့ ကာကွယ်ဆေး မထိုးရသေးရင်၊ ကာကွယ်ဆေး အာနိသင်နည်းနေရင်၊ ဆေးထိုးပြီးပေမယ့် အာနိသင်ပြဖို့ စောင့်နေချိန်မှာ ကူးသွားတယ်ဆိုရင် ဘီပိုးခုခံဆေး (hepatitis B immunoglobulin)ကို ထိုးရပါမယ်။ ဒါက ကူးစက်မှုကို လျှော့ချပေးနိုင်ပါတယ်။

တကယ်လို့ ဘီပိုးကူးစက်ခံရပြီး နာတာရှည်အသည်းရောဂါဖြစ်မှ သိတယ်ဆိုရင်တော့ ဆေးတွေနဲ့ ထိန်းထားရပါမယ်။ ဒီဆေးတွေက အသည်းရောင် အသားဝါ ဘီကို အပြီးပျောက်စေတာ မဟုတ်ပါဘူး။ အသည်းခြောက်တဲ့အဆင့်ရောက်တာ နှေးအောင်၊ အသည်းကင်ဆာဖြစ်ပြီး အသည်းပျက်တဲ့အဆင့်အထိ မရောက်အောင် ဆွဲဆန့်ပေးထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီဆေးတွေကို တစ်သက်လုံးသောက်ရမှာ ဖြစ်ပါတယ်။

ကာကွယ်နည်း

အသည်းရောင် အသားဝါ ဘီရောဂါကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းက ကာကွယ်ဆေးထိုးထားပါ။ ဆေးအမျိုးအစားပေါ်လိုက်ပြီး ၆လအတွင်းမှာ ၃ကြိမ် ဒါမှမဟုတ် ၄ကြိမ် ထိုးရတတ်ပါတယ်။ လူတိုင်းထိုးထားသင့်ပါတယ်။ ပိုပြီး လိုအပ်တဲ့သူတွေကတော့

  • ကလေးငယ်တွေ
  • အသည်းရောင် အသားဝါ ဘီပိုးရှိတဲ့သူတွေကို အနီးကပ်ပြုစုနေရတဲ့သူတွေ
  • ကျန်းမာရေး ဝန်ထမ်းတွေ၊ သွေးနဲ့ ထိတွေ့ အလုပ်လုပ်နေရတဲ့သူတွေ
  • HIVအပါအဝင် လိင်ကတဆင့် ကူးစက်ရောဂါ ခံစားနေရသူတွေ
  • လိင်တူဆက်ဆံသူတွေ
  • လိင်ဆက်ဆံဖော်များတဲ့သူတွေ
  • အိမ်ထောင်ဖက်မှာ အသည်းရောင် အသားဝါဘီပိုး ရှိသူတွေ
  • မူးယစ်ဆေး သုံးသူတွေ
  • နာတာရှည်အသည်းရောဂါ ရှိသူတွေ
  • ကျောက်ကပ်ပျက်စီးနေသူတွေက ထိုးထားသင့်ပါတယ်။

ဒါတွေအပြင် ကူးစက်မှုကို လျှော့ချဖို့

  • အတူမနေခင်မှာ ဆေးစစ်ပါ။ မိမိအဖော်နဲ့ အတူမနေခင်မှာ အသည်းရောင် အသားဝါ ဘီပိုးအပါအဝင် HIVနဲ့ တခြားလိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေ ရှိမရှိကို ကြိုတင်စစ်ဆေးသင့်ပါတယ်။
  • ကွန်ဒုံးသုံးပါ။ မိမိအဖော်မှာ ကူးစက်ရောဂါတွေ ရှိမရှိ မသေချာရင် အတူနေတဲ့အခါတိုင်း ကွန်ဒုံးသုံးပါ။
  • မူးယစ်ဆေးဝါး အသုံးပြုတာကို ဆင်ခြင်ပါ။
  • ခန္ဓာကိုယ်အပေါက်ဖောက်တာ၊ တက်တူးထိုးတဲ့အခါ သတိထားပါ။ နားဖောက်တာကစလို့ တက်တူးထိုးတာအထိ သန့်ရှင်းမှု ရှိပြီး တစ်ခါသုံးအပ်ကို အသုံးပြုတဲ့ ဆိုင်မှာပဲ လုပ်ပါ။

အသည်းရောင် အသားဝါ ဘီရောဂါ

  • အသည်းရောင် အသားဝါ ဘီရောဂါက အသည်းရောင် အသားဝါ ဘီပိုးကြောင့် ဖြစ်ပါတယ်။
  • သွေး၊ ခန္ဓာကိုယ်ကထွက်တဲ့အရည်၊ မိခင်ကနေ ကလေးကို ကူးစက်တတ်ပါတယ်။
  • အလိုလိုသက်သာသွားတဲ့သူတွေ ရှိသလို အသည်းခြောက်ပြီး ကင်ဆာဖြစ်သွားတဲ့ သူလည်း ရှိပါတယ်။
  • ရောဂါကာကွယ်ဖို့ ကာကွယ်ဆေးထိုးပါ။ လိင်ကနေတဆင့်၊ ဆေးထိုးအပ်တွေကနေတဆင့် မကူးစက်အောင် ကာကွယ်ပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Ferri, Fred. Ferri’s Netter Patient Advisor. Philadelphia, PA: Saunders / Elsevier, 2012. Print.
Page 527

Hepatitis B. (2008, August). World Health
Organization. http://www.who.int/mediacentre/factsheets/fs204/en/. Access date July 24, 2016.

Hepatitis B. (2011, February 23). Canadian Centre for Occupational Health and Safety. http://www.ccohs.ca/oshanswers/diseases/hepatitis_b.html. Access date July 24, 2016.

Hepatitis B Vaccine. (n.d.). Centers for Disease Control and
Prevention. http://www.cdc.gov/vaccines/pubs/vis/downloads/vis-hep- b.pdf. Access date July 24,
2016.

Hepatitis B.
(n.d.). KidsHealth.org. http://kidshealth.org/teen/sexual_health/stds/std_hepatitis.html. Access
date July 24, 2016.Ferri, Fred. Ferri’s Netter Patient Advisor. Philadelphia, PA: Saunders / Elsevier, 2012. Print.
Page 527

 

စာရေးသူ ဓာတ်ပုံ
Dr. Hlaing Min Ko Ko မှ ရေးသားသည်။ 30/06/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. K Zin Thwe မှ ကျွမ်းကျင်စွာ စစ်ဆေးထားပါသည်။