backup og meta

ရင်ပူခြင်းကို ရှောင်ရှားပေးမယ့် အစားအစာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 27/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရင်ပူခြင်းကို ရှောင်ရှားပေးမယ့် အစားအစာ

    မသင့်တော်တဲ့ အစားအသောက်တွေကို စားခြင်းနဲ့ အစားအသောက်ပုံစံမမှန်ခြင်းတွေက ရင်ပူတာကို ပိုဆိုးစေပါတယ်။ အစာအိမ်ထဲက အစာနဲ့ အက်ဆစ်တွေ အပေါ်ကို ပြန်ပြီးဆန်တက်မလာအောင် ကာကွယ်ခြင်းအားဖြင့် ရင်ပူခြင်းကို အလွယ်တကူ ရှောင်ရှားနိုင်ပါတယ်။ ဓီတော့ ရင်ပူခြင်းကို ရှောင်ရှားပေးမယ့် အစားအစာ တွေက ဘာတွေများလဲ ဆိုတာကို ကြည့်ကြည့်လိုက်ရအောင်နော်။

    ရင်ပူခြင်းကို ရှောင်ရှားပေးမယ့် အစားအစာ

    သင့်မှာ ရင်ပူတဲ့ဝေဒနာရှိတယ်ဆိုရင် အစာအိမ်အက်ဆစ်ဓါတ်များစေတဲ့ အစားအစာတွေနဲ့ အစာအိမ်ကို ပိုညှစ်စေတဲ့ အစားအစာတွေကို ရှောင်ရှားသင့်ပါတယ်။ ဒါကြောင့် အသီးအနှံ နဲ့ ဟင်းသီးဟင်းရွက်တွေကို ဝယ်ယူတဲ့အခါ အောက်ပါအချက်လေးတွေကို လိုက်နာသင့်ပါတယ်။

    ကဲ …. ရင်ပူခြင်းကို ရှောင်ရှားပေးမယ့် အစားအစာ တွေကတော့

    အသီးအရွက်များ : ပန်းဂေါ်ဖီစိမ်း၊ရေကညွတ်၊ပဲစိမ်း၊တရုတ်နံနံ နဲ့ ပန်းဂေါ်ဖီတို့အားလုံးဟာ အက်ဆစ်ပါဝင်မှု နည်းပါးပါတယ်။

    အာလူး : အာလူးဟာ အင်မတန် အကျိုးများစေပါတယ်။ အမြစ်ကနေ ရတဲ့ ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ ဥနီ၊ခါကြက်ဥ စတာတွေကိုလည်း စားပေးသင့်ပါတယ်။ ဒါပေမယ့် ကြက်သွန်နီကိုတော့ မစားသင့်ပါဘူး။

    Oatmeal (ကွေကာအုတ်) : Oatmeal ဟာ သကြားပမာဏနည်းပါးပြီး အမျှင်ဓါတ်တွေ ကြွယ်ဝစွာ ပါဝင်တဲ့အပြင် အစာနဲ့အက်ဆစ်တွေ အပေါ်ကို ဆန်တက်တာလည်း မဖြစ်စေပါဘူး။

    ပေါင်မုန့် : အစေ့အဆံရဲ့ အစိတ်အပိုင်းအားလုံးပါဝင်တဲ့ whole-grain ကိုသာ ဦးစားပေးရွေးချယ်ပါ။ ဘာလို့လဲဆိုတော့ သူ့မှာ အမျှင်ဓါတ်၊ဗီတာမင်တွေနဲ့ အခြားသော အာဟာရဓါတ်များ ကြွယ်ဝစွာ ပါဝင်လို့ပဲ ဖြစ်ပါတယ်။

    ဆန် : အာရှသားတွေရဲ့ အဓိက အစားအစာဖြစ်ပြီး အကယ်၍ ဖြစ်နိုင်မယ်ဆိုရင် ဆန်လုံးညိုကိုသာ ရွေးချယ်စားသုံးပါ။

    အဆီမပါတဲ့ အသား၊ငါး၊ကြက် နဲ့ ပင်လယ်စာများ : သင့်အနေနဲ့ ရင်ပူတဲ့ ဝေဒနာကို ခံစားရတဲ့အတွက် ဘာမှမစားမသောက်ရဖူးလို့ မဆိုလိုပါဘူး။ ဒါပေမယ့် အဆီတွေမပါတဲ့ အသားချည်းပဲ စားသင့်ပါတယ်။

    ကြက်ဥအကာ : ကြက်ဥအကာဟာ ပရိုတင်းဓါတ်တွေ ကြွယ်ဝစွာ ပါဝင်ပြီး အဆီနည်းပါတယ်။ဥအနှစ်ကတော့ သင့်ဝေဒနာကို ပိုဆိုးစေနိုင်တဲ့အတွက် မစားပါနဲ့။

    သစ်သီးများ : သံပုရာ၊လိမ္မော် ဒါမှမဟုတ် ခရမ်းချဉ်သီးတို့လို ချဉ်တဲ့အသီးတွေကလွဲပြီး အခြားသစ်သီးတွေကို စားနိုင်ပါတယ်။

    ရှောင်ရန် : ချောကလက်၊ပူဒီနာ၊ကဖင်း၊အရက်၊အဆီအဆိမ့်တွေ၊အချဉ်တွေ၊ခရမ်းချဉ်သီး၊ခရမ်းချဉ်သီး ဖျော်ရည်၊ငရုတ်ကောင်း နဲ့ ဂက်စ်ပါတဲ့ အအေးတွေ စတဲ့ အစားအသောက်တွေကို ရှောင်ကျဉ်ရပါမယ်။

    အစားအသောက်တွေကို ဘယ်လိုချက်ပြုတ်မလဲ။

    အစားအသောက်တွေကို ချက်ပြုတ်ရာမှာ ဆီ အသုံးမပြုသင့်ပါဘူး။ ဆိုလိုတာက ကြော်ပြီးမစားရဖူးလို့ ပြောချင်တာ ဖြစ်ပါတယ်။ အဆီတွေဟာ အစာချေဖို့ အတော်ခက်တဲ့အတွက် သင့်အစာအိမ်ထဲမှာ အချိန်ကြာကြာ ပိုရှိနေပါလိမ့်မယ်။ ပြုတ်တာ၊ပေါင်းတာ၊ကင်တာ၊မီးဖုတ်တာ အစရှိတဲ့ နည်းတွေကို စမ်းကြည့်ပါ။ စားတဲ့အခါမှာလည်း တခါတည်း အများကြီးမစားဘဲ နည်းနည်းစီ ခွဲစားရပါမယ်။ အစာရေမြိုမှာရှိတဲ့ ကျုံ့ဆန့်ကြွက်သား အားနည်းတဲ့အတွက် အစာအိမ်ပေါ်မှာ ဖိအားများလာပြီး အက်ဆစ်ရည်ဆန်တက်တာ ဖြစ်ပါတယ်။ တနေ့ကို ထမင်းသုံးနပ်စားမယ့်အစား နည်းနည်းချင်းစီခွဲပြီး လေးငါးခါလောက် စားသင့်ပါတယ်။

    အစာစားပြီးတဲ့အခါ ဘာလုပ်ရမလဲ။

    အစာစားပြီး သုံးနာရီလောက်ကြာတဲ့အထိ လဲလျောင်းတာ ဒါမှမဟုတ် ကုန်းကွတာ၊လေ့ကျင့်ခန်းလုပ်တာမျိုးကို ရှောင်ကျဉ်ရပါမယ်။ ဒီလို ပြုလုပ်ခြင်းဟာ အစာအိမ်ထဲက အက်ဆစ်တွေ အပေါ်ကို အလွယ်တကူ ဆန်တက်နိုင်အောင် လုပ်ပေးသလို ဖြစ်စေပါလိမ့်မယ်။ ပီကေဝါးခြင်းဟာ တံတွေးအထွက်များစေတဲ့အတွက် ပါးစပ်ကို စိုစွတ်စေတဲ့အပြင် အစာအိမ်ထဲက အက်ဆစ်တွေ အူသိမ်ထဲ အလျင်အမြန်ရောက်အောင် ကူညီပေးနိုင်ပါတယ်။ အစာရေမြိုထဲ ဆန်တက်လာနိုင်တဲ့ အစာနဲ့ အက်ဆစ်တွေကို ဆေးကြောပစ်ဖို့အတွက် အစာစားပြီးတိုင်း ရေအနည်းငယ်သောက်ပေးသင့်ပါတယ်။ သင့်အနေနဲ့ ရေ၊mineral water လို့ခေါ်တဲ့ ဆားဓါတ်ဖြည့်ပေးနိုင်တဲ့ရေ၊ကဖင်းဓါတ်မပါတဲ့ လက်ဖက်ရည်၊မချဉ်တဲ့ သစ်သီးဖျော်ရည် ဒါမှမဟုတ် အဆီမပါ/အဆီနည်းတဲ့ နို့တွေကို အောက်ပါအရည်တွေအစား သောက်ပေးရပါမယ်။

    • ဆိုဒါ။
    • ခရမ်းချဉ်သီး အပါအဝင် ချဉ်တဲ့ အသီးဖျော်ရည်တွေ။
    • အရက်၊ကော်ဖီ၊ကဖင်းဓါတ်ပါတဲ့ လက်ဖက်ရည် နဲ့ ကိုလာ။

    သင့်အနေနဲ့ မှန်ကန်သင့်တော်တဲ့ အစားအသောက်တွေကို စားသုံးမယ်ဆိုရင် ရင်ပူခြင်းဝေဒနာကို ထိရောက်စွာ သက်သာစေမှာ ဖြစ်သလို ပြင်းထန်ဆိုးရွားတဲ့ နောက်ဆက်တွဲပြဿနာတွေကိုလည်း ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ရင်ပူတာရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို ကာကွယ်နိုင်ဖို့ သင့်စားသောက်မှုပုံစံကို အခုပဲ ပြောင်းလဲလိုက်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 27/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement