ပမာဏလည်း လျှော့သောက်ပါ။ ရက်လည်း လျှော့သောက်ပါ။ တစ်နေ့ကို နှစ်ခွက်လောက် နေ့တိုင်းသောက်နေတယ်ဆိုရင် ခု တစ်ရက်ခြားလောက်၊ တစ်နေ့ကို တစ်ခွက်လောက် လျှော့သောက်ပါ။ ဒါမှမဟုတ် တစ်ခွက်ကို မနက် ညခွဲသောက်ပါ။ တဖြည်းဖြည်းချင်း နည်းသွားအောင် ကြိုးစားပါ။
- ရေတွေ အများကြီး မရောပါနဲ့။
ဒါခဏခဏကြုံနေကြ ကိစ္စပါ။ အချိုပေါ့အောင်လို့ ရေတွေ အများကြီး ရောလိုက်တယ်။ ပြီးတော့ရောဆိုတော့ ပြီးတော့ အကုန်မော့လိုက်တယ်တဲ့။ သေဟဲ့ နန္ဒိယပဲ။ သိပ်မချိုပါဘူး ဆရာမရဲ့ ဆိုတာက ပါသေး။ ကော်ဖီတစ်ထုပ်ကို မက်ခွက်နဲ့ ဖျော်ဖျော်၊ ရေသန့်ဘူးနဲ့ပဲ ဖျော်ဖျော် အကုန်သောက်လိုက်တယ်ဆိုရင် ဒါကော်ဖီတစ်ထုပ်လုံးသောက်လိုက်တာနဲ့ တူတူပါပဲ။ ဒီနေရာမှာ အချိုပေါ့သွားလို့ဆိုပြီး ဖြေသိမ့်လို့မရပါဘူး။ ရေများလို့ ရှူးများများပေါက်ရုံပဲ ရှိတာပါ။ သကြားပမာဏက တူတူပါပဲ။
လက်ရှိမှာ မဖြတ်နိုင်သေးဘူးဆိုရင် ဒါမှမဟုတ် ဖြတ်ကို မဖြတ်နိုင်တာ။ ဒါမသောက်ရလို့ မဖြစ်ပါဘူးဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်တာကို ပြောင်းသောက်ပါ။ စျေးကွက်ထဲက ရောပြီးသား ကော်ဖီထုပ်၊ လက်ဖက်ရည်ထုပ်တွေ ဆီးချိုလူနာနဲ့ လုံးဝမတည့်ပါ။ Diet ကော်ဖီဆိုတာလည်း ဆီးချိုသမားအတွက် ထုတ်ထားတာ မဟုတ်ပါ။
ဒီတော့ သောက်ချင်ရင် ကော်ဖီစေ့ကို ကြိတ်ထားတဲ့ ကော်ဖီမှုန့် အကြမ်းကို ဝယ်ပါ။ အဆီထုတ်နွားနို့ (မလိုင်ဖယ်ထားတဲ့ နွားနို့)၊ ဆီးချိုသကြားတို့နဲ့ သောက်ပါ။ ဒါမှမဟုတ် ဘလက်ကော်ဖီ သောက်ပါ။ လက်ဖက်ရည်ဆိုလည်း ဒီလိုပါပဲ။ လက်ဖက်ခြောက်မှုန့်ကို အကျရည်နဲ့ ခုနကပြောထားတဲ့ နို့တို့၊ သကြားတို့နဲ့ပဲ သောက်ပါ။
သောက်တာလည်း ပမာဏအများကြီး သောက်တာထက် ကိုယ့်ဆီးချိုနဲ့ ချင့်ချိန်ပြီး သောက်ပါ။ ဆီးချိုမထိန်းနိုင်တဲ့အချိန်ဆို ဒါတွေလည်း မသောက်ပါနဲ့။ နို့တွေ သကြားတွေက ဆီးချိုသမားအတွက် သီးသန့်လုပ်ထားတာပေမယ့် ကော်ဖီစေ့မှာပါတဲ့ ကဖင်းက ဆီးချိုထိန်းရခက်စေလို့ပါ။
ဒီလောက်ဆို ဆီးချိုရှိတယ် ကော်ဖီ လက်ဖက်ရည် မဖြတ်ချင်ဘူးဆိုတဲ့သူတွေ ဘယ်လို အန္တရာယ်နည်းအောင် သောက်ရမလဲ သိလောက်ပါပြီ။ ဖြတ်လိုက်ရင် ပိုကောင်းပေမယ့် မဖြတ်နိုင်ခင်စပ်ကြားမှာ ဒီလိုနည်းလမ်းတွေနဲ့ သောက်ကြပါလို့ အကြံပြုချင်ပါတယ်။