backup og meta

ကော်ဖီ (သို့မဟုတ်) ကဖိန်းဟာ သံဓာတ်စုပ်ယူခြင်းကို အဟန့်အတားဖြစ်စေသလား

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


05/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကော်ဖီ (သို့မဟုတ်) ကဖိန်းဟာ သံဓာတ်စုပ်ယူခြင်းကို အဟန့်အတားဖြစ်စေသလား

    ကော်ဖီ ဒါမှမဟုတ် ကဖိန်းပါတဲ့ စားသောက်ဖွယ်ရာများကို ယနေ့အခါမှာ လူကြိုက်များလာကြပါတယ်။ ကော်ဖီကတော့ လူကြိုက်အများဆုံး စားကုန်တမျိုးဆိုတာက ငြင်းမရပါဘူး။ ကော်ဖီ (သို့မဟုတ်) ကဖိန်းဟာ အာရုံကြောကို လန်းဆန်းအောင် လှုံ့ဆော်ပေးနိုင်ပါတယ်။ တစ်ဖက်မှာလည်း ကဖိန်းဟာ သံဓာတ်လို အာဟာရဓာတ်တချို့ကို ကိုယ်ခန္ဓာကနေ မစုပ်ယူနိုင်အောင် တားဆီးတယ်လို့ ဆိုကြပါတယ်။ ဒါကြောင့် ကော်ဖီဟာ ရှောင်စရာလားဆိုတာ စဉ်းစားဖို့ ဖြစ်လာပါတယ်။ ယခု ဆက်လက်ဖော်ပြပေးမှာကတော့ ကော်ဖီ (သို့မဟုတ်) ကဖိန်းဟာ သံဓာတ်စုပ်ယူခြင်းကို အဟန့်အတားဖြစ်စေသလား ဆိုတာပါပဲ။

    ကော်ဖီ (သို့မဟုတ်) ကဖိန်းဟာ သံဓာတ်စုပ်ယူခြင်းကို အဟန့်အတားဖြစ်စေသလား

    သုတေသန အချို့အရ ကော်ဖီနဲ့ ကဖိန်းပါဝင်တဲ့ တခြား အဖျော်ယမကာများဟာ သံဓာတ်စုပ်ယူခြင်းကို လျော့ကျစေတယ်လို့ သိရပါတယ်။ ဥပမာ ဟမ်ဘာဂါတစ်လုံးကို ကော်ဖီတစ်ခွက်နဲ့ သောက်ချိန်မှာ သံဓာတ်စုပ်ယူမှုဟာ ၃၉% ထိ လျော့ကျနိုင်တယ်လို့ ဆိုထားပါတယ်။ လက်ဖက်ရည်ဟာလည်း သံဓာတ်စုပ်ယူခြင်းကို လျော့နည်းစေပါတယ်။ ကော်ဖီပြင်းလေ သံဓာတ်စုပ်ယူမှု လျော့နည်းလေ ဖြစ်ပါတယ်။

    ဒါပေမယ့် ကဖိန်းချည်းပဲသက်သက်နဲ့ သံဓာတ်စုပ်ယူခြင်းကို လျော့နည်းစေခြင်း မရှိပါဘူးလို့လည်း ဆိုပါတယ်။ ကဖိန်းသက်သက်ပဲဆိုရင် အစားအသောက်မှာပါတဲ့ သံဓာတ်ရဲ့ ၆% ကိုပဲ ပေါင်းစပ်ဓာတ်ပြုတယ်လို့ ဆိုပါတယ်။ တခြား အကြောင်းအရင်းတွေကြောင့်ပါ သံဓာတ်စုပ်ယူနိုင်ခြင်းဟာ ဒီထက် ကျဆင်းသွားရတယ်လို့ ဆိုပါတယ်။

    အရေးကြီးတာကတော့ ကော်ဖီကြောင့် သံဓာတ်စုပ်ယူခြင်းအပေါ် ထိခိုက်မှုရှိမရှိဆိုတာဟာ သင်ဘယ်လောက် သောက်သုံးသလဲ၊ ဘယ်အချိန်သောက်သုံးသလဲဆိုတာပေါ် မူတည်ပါတယ်။ ဥပမာ အစာမစားခင် တစ်နာရီလောက်ကြိုပြီး သောက်သုံးခြင်းကြောင့် သံဓာတ်စုပ်ယူခြင်းအပေါ် မထိခိုက်နိုင်ပါဘူး။

    သံဓာတ်စုပ်ယူခြင်းအပေါ်  သက်ရောက်သော အခြားအရာများ

    ကဖိန်းတစ်မျိုးတည်းကတော့ သံဓာတ်စုပ်ယူခြင်းကို သိပ်မထိခိုက်စေပါဘူး။ ကော်ဖီနဲ့ လက်ဖက်ရည်မှာပါဝင်တဲ့ အခြားဓာတ်ပစ္စည်းများဟာလည်း သံဓာတ်အပေါ် သက်ရောက်ပါတယ်။ ဥပမာအားဖြင့် ပေါ်လီဖီနောဆိုတဲ့ ဓာတ်ပစ္စည်းဟာ လက်ဖက်ရည်နဲ့ ကော်ဖီမှာပါဝင်ပြီး သံဓာတ်စုပ်ယူဖို့ အဓိကအဟန့်အတားဖြစ်စေတဲ့ ပစ္စည်းပဲ ဖြစ်ပါတယ်။

    Chlorogenic acid ဟာ ပေါ်လီဖီနောတမျိုးဖြစ်ပြီး ကော်ဖီ၊ ကိုကိုးနဲ့ ဆေးဖက်ဝင်အပင်တချို့မှာ တွေ့ရပြီး သံဓာတ်စုပ်ယူမှုကို ကျဆင်းစေပါတယ်။ ဒါ့အပြင် ကော်ဖီနဲ့လက်ဖက်ရည်မှာ တန်နင်ဆိုတဲ့ ဓာတ်ပစ္စည်းပါဝင်ပြီး သူဟာလည်း သံဓာတ်စုပ်ယူမှုကို ကျစေပါတယ်။

    သံဓာတ်စုပ်ယူမှုအပေါ်  ထိခိုက်တယ်ဆိုရာမှာ သုံးစွဲတဲ့ပမာဏအပေါ် မူတည်ပါတယ်။ ပေါ်လီဖီနောများလေ သံဓာတ်အရနည်းလေဖြစ်ပါတယ်။ ဥပမာ ကော်ဖီ ဒါမှမဟုတ် လက်ဖက်ရည်တစ်ခွက်မှာ ပေါ်လီဖီနော ၂၀-၅၀ မီလီဂရမ်ပါဝင်ရင် သံဓာတ်စုပ်ယူမှုကို ၅၀-၇၀% ကျဆင်းစေပြီး ပေါ်လီဖီနော ၁၀၀-၄၀၀ မီလီဂရမ်ပါဝင်ရင်တော့ ၆၀-၉၀%ထိ သံဓာတ်စုပ်ယူမှု လျော့နည်းသွားစေပါတယ်။

    သံဓာတ်ရရှိမှုအပေါ်  အကျိုးသက်ရောက်စေသော အခြားအစားအစာများ

    သံဓာတ်ရရှိမှုဟာ စားသုံးတဲ့ အစားအစာတွေအပေါ်လည်း မူတည်ပါတယ်။ သံဓာတ်ကို heme နဲ့ non-heme ဆိုပြီး နှစ်မျိုးခွဲခြားနိုင်ပါတယ်။ Non-heme ကိုတော့ အပင်များကနေရရှိတဲ့ အစားအစာတွေမှာ အဓိကတွေ့ပါတယ်။ ၂-၂၀%လောက်သာ စုပ်ယူပါတယ်။ Heme သံဓာတ်ကိုတော့ အသားငါးများကနေ ရရှိပါတယ်။ သံဓာတ်ကို ပိုမိုစုပ်ယူပြီး ၁၅-၃၅% စုပ်ယူပါတယ်။

    ကော်ဖီ (ကဖိန်း)ဟာ အပင်များကရရှိတဲ့ non-heme သံဓာတ်စုပ်ယူမှုကို ပိုမိုကျဆင်းစေပါတယ်။ တိရစ္ဆာန်များမှရရှိတဲ့ heme ကိုတော့ သိပ်ပြီး သက်ရောက်မှုမရှိပါဘူး။

    ကော်ဖီ (ကဖိန်း) ကို သုံးစွဲမှုကို လျှော့သင့်သလား

    ကော်ဖီနဲ့ ကဖိန်းဟာ သံဓာတ်ချို့တဲ့ခြင်းမရှိတဲ့ ပုံမှန်ကျန်းမာရေး ကောင်းသူတွေအပေါ် ဆိုရင် သိသာတဲ့ အကျိုးသက်ရောက်မှု မရှိပါဘူး။ သံဓာတ်ချို့တဲ့သူတွေဆိုရင်တော့ သတိပြုသောက်သုံးရမှာ ဖြစ်ပါတယ်။

    အချုပ်ဆိုရရင် အစာစားချိန် တချိန်နဲ့တချိန်ကြားပဲ ကော်ဖီသောက်ပါ။ အစာအစားချိန်နဲ့ အနည်းဆုံး တစ်နာရီခွာပြီးမှ ကော်ဖီ လက်ဖက်ရည်သောက်ပါ။ အသား၊ ငါး များများစားပါ။ သံဓာတ်စုပ်ယူမှုကို ပိုမိုအားကောင်းစေတဲ့ ဗီတာမင် စီ ပါဝင်တဲ့ အစားအစာတွေကို ပုံမှန်စားသုံးနေကြ စားသောက်ဖွယ်ရာတွေနဲ့အတူ တွဲဖက်စားသုံးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    05/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement