backup og meta

ဆီးချိုရှိနေတဲ့ သူတွေရဲ့ လက်တွဲဖော်တွေအတွက် နည်းလမ်းကောင်း လေးသွယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Kyaw Thura Htun မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးချိုရှိနေတဲ့ သူတွေရဲ့ လက်တွဲဖော်တွေအတွက် နည်းလမ်းကောင်း လေးသွယ်

    တကယ်လို့ သင့်ရဲ့လက်တွဲဖော်မှာ ဆီးချိုအမျိုးအစား ၂ ရှိနေတယ်ဆိုရင် သင်ပါ ဆီးချိုဖြစ်လာနိုင်သလား။ ဒီမေးခွန်းက လေ့လာမှုတစ်ခုမှာသုတေသနပညာရှင်တွေ ဖြေဖို့ကြိုးစားခဲ့တဲ့ မေးခွန်းတစ်ခုပါ။ လေ့လာချက်တွေအရ ဆီးချိုအမျိုးအစား ၂ ရောဂါသည်တွေရဲ့အိမ်ထောင်ဖက်တွေဟာပုံမှန်လူတွေရဲ့အိမ်ထောင်ဖက်တွေထက် ဆီးချိုဖြစ်လာနိုင်ချေ၂၆ ရာခိုင်နှုန်း ပိုများတယ်လို့ဆိုပါတယ်။

    ဒီလိုဖြစ်ရခြင်းဟာ သင့်လက်တွဲဖော်က ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေမစား၊ လေ့ကျင့်ခန်းတွေမလုပ်လို့ ဆီးချိုအမျိုးအစား ၂ ဖြစ်ရတာလား။ သင်က သူ့ကိုပြုစုရင်းနဲ့ ဆီးချိုအကြောင်းသိလာပြီး ဆီးချိုလက္ခဏာတွေ သင့်ဆီမှာတွေ့လာရသလား။ လေ့လာချက်အရတော့ ဘာကြောင့်ဆိုတာ မသိသေးပါဘူး။ သေချာတာကတော့ ဆီးချိုရှိနေတဲ့ သင့်ရဲ့လက်တွဲဖော်ကို ဂရုစိုက်တာအပြင် သင့်ကိုယ်သင်လည်း ဂရုစိုက်ဖို့ အလွန်အရေးကြီးပါတယ်။

    သင်ရောသင့်လက်တွဲဖော်ပါ ကျန်းမာစေဖို့နည်းလမ်းများကို အောက်တွင် ဖော်ပြထားပါတယ်။

    ဆီးချိုအကြောင်းလေ့လာပါ။

    ရောဂါအကြောင်း နားလည်ထားခြင်းက ဆီးချိုခံစားနေရတဲ့ သင့်လက်တွဲဖော်ဖြတ်သန်းနေရတာတွေကို သိစေတဲ့အပြင် သင့်လက်တွဲဖော်ကိုလည်း ကူညီနိုင်ပြီး အရေးပေါ်အခြေအနေကျရင်လည်း အစိုးရိမ်မလွန်ဘဲ ဖြေရှင်းနိုင်ပါလိမ့်မယ်။ Glucagon ဆေးအကြောင်း လေ့လာထားပြီးဘယ်လိုသုံးရတယ်ဆိုတာ သိအောင်လုပ်ထားပါ။ (Glucagon ဆေးဆိုသည်မှာ သွေးတွင်းသကြားဓါတ် ထိုးကျသွားပြီး သတိလစ်သွားကာ သကြားကိုမစားနိုင်၊ မသောက်နိုင်တော့သောအချိန်တွင် ထိုးပေးရသော ဟော်မုန်းတစ်မျိုးဖြစ်သည်။) သင် ဒီလိုလေ့လာနေတာက သင့်လက်တွဲဖော်အနေနဲ့ သင်ဟာ သူ့ကို ဂရုစိုက်ကြောင်းသိစေနိုင်ပါတယ်။

    ပွင့်ပွင့်လင်းလင်း အမြဲ ပြောဆိုဆက်ဆံပါ။

    သင် ဆီးချိုရောဂါကိုလျစ်လျူရှုထားလို့မရသလို အဲဒီရောဂါကသင်တို့နှစ်ယောက်ဆက်ဆံရေးမှာ အမြဲစိုးမိုးနေတာမျိုးလည်း မဖြစ်သင့်ပါဘူး။ နှစ်ဦးလုံးရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့အပြန်အလှန် အစီအစဉ်ချထားသင့်ပါတယ်။ တကယ်လို့သင်တို့ဟာဒီရောဂါမရှိဘူးလို့ဟန်ဆောင်နေရင် နာတာရှည်ရောဂါဖြစ်တဲ့ ဆီးချိုဟာ သင်တို့နှစ်ယောက်ရဲ့ဆက်ဆံရေးကိုကွဲပြဲစေမှာပါ။

    ခံစားချက်နဲ့အတွေးတွေကို မျှဝေဖို့လိုပါတယ်။ ထိုသို မဟုတ်ဘဲ သင်တစ်ယောက်တည်း ကြိတ်မှိတ်ခံစားနေလျှင်၊ သင်သာစိတ်တိုလွယ်ပြီး နေမကောင်းဖြစ်လာနိုင်ပါတယ်။ English ဆောင်ပုဒ်လေးတစ်ခုဖြစ်တဲ့ “Lets play team” ဆိုတဲ့အတိုင်း နှစ်ယောက်အတူတူကြိုးစားမှသာ ကျန်းမာတဲ့ relationship တစ်ခုကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။ တစ်ယောက်က ကောင်းစွာရှင်သန်ရပ်တည်နေမှ နောက်တစ်ယောက်ကလည်း ကောင်းနိုင်မှာဖြစ်တယ်။ သို့သော် လူတွေဟာ ထိုသို့ဖြစ်ဖို့သူတို့ရဲ့လိုအပ်ချုက်တွေကို မျှဝေပြောဆိုပြီး အတူအကောင်အထည်ဖော်ရပါမယ်။

    ကျန်းမာဖို့ ပြောင်းလဲသင့်တာ ပြောင်းလဲကြပါ။

    အမျိုးသားမှာ ဆီးချိုအမျိုးအစား ၁ ရောဂါ ရှိရင်သူဟာ ကစီဓါတ်နည်းသော အစားအသောက်ကိုစားရတယ်။ သူ့အမျိုးသမီးမှာ ဆီးချိုမရှိသော်လည်း သူမဟာ ဝက်သား(သို့) gluten (ဂျုံမှာပါသောပရိုတိန်း) မစားနိုင်ပါဘူး။ ကျန်းမာတဲ့ စုံတွဲတွေ ဘယ်လိုလုပ်ကြလဲ။ သူတို့နှစ်ဦးလုံးစားလို့ရတဲ့ အစားအသောက်ကိုသာ စီစဉ်ပါတယ်။ အမျိုးသားက စနေ၊ တနင်္ဂနွေတွေမှာ ချက်ပြုတ်ပါတယ်။ များသောအားဖြင့် ရက်ပေါင်းများစွာ ကြာရှည်ခံတဲ့ လုံလောက်တဲ့ အစားအသောက်တွေအပို ချက်ထားပါတယ်။ အမျိုးသမီးက ကျန်ရက်တွေမှာ ချက်ပြုတ်ပါတယ်။ နှစ်ယောက်လုံးကျန်းမာစေမယ့် စားအသောက်တွေနဲ့တူတူ စားသောက်ကြတာက နှစ်ယောက်လုံးကို ကျန်းမာပြီးပျော်ရွှင်စေပါလိမ့်မယ်။

    သင့်တို့ရဲ့ဆက်ဆံရေးကိုမြှင့်တင်ပါ။

    လေ့လာမှုတွေအရ ရင်းနှီးတဲ့ဆက်ဆံရေးတစ်ခုရှိထားခြင်းက သင့်ရဲ့ကျန်းမာရေးကို ကောင်းမွန်စေပါတယ်တဲ့။ လူတွေရဲ့အားပေးကူညီမှုက ကျန်းမာရေးအတွက် အလွန်အရေးပါပါတယ်။ လေ့လာမှုတော်တော်များများမှာ အိမ်ထောင်ရေးအဆင်ပြေတဲ့စုံတွဲတွေက အဆင်မပြေတဲ့စုံတွဲတွေထက် သတ်သေမှု၊ စိတ်ကျန်းမာရေးချို့ယွင်းမှုနည်းပါးတဲ့အပြင် ကျန်းမာရေးလည်း ပိုကောင်းတာတွေ့ရပါတယ်။ ဆီးချိုဖြစ်နေတဲ့ အတွဲတွေမှာလည်းဒီလိုပါပဲ။ ခိုင်မာတဲ့ဆက်ဆံရေးတစ်ခု တည်ဆောက်ထားလျှင် သူတို့ဘဝဟာ ပိုကျန်းမာပြီး အသက်ပိုရှည်ပါတယ်။။

    ဆီးချိုရှိသူတွေအတွက် ကောင်းကောင်းမွန်မွန်ရှင်သန်နိုင်ဖို့ စိတ်ပိုင်းဆိုင်ရာ ကူညီထောက်ပံ့မှုကလည်း အရေးကြီးပါတယ်။ သင့်ကိုယ်သင် ဂရုစိုက်တဲ့နေရာမှာ သင်ဟာ ဆရာတစ်ဆူ ဖြစ်သင့်သလို ဖြစ်လည်းဖြစ်နိုင်ပါတယ်။ သို့သော် သင်နဲ့ရင်းနှီးသော အခြားလူတွေက သင့်ကို အဲဒီလိုဖြစ်ဖို့ပိုပြီးလွယ်ကူစေမှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Kyaw Thura Htun မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement