သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

null

ဆီးချိုရုတ်တရက်တက်လာရင် အရေးပေါ်ဘယ်လိုကုသမလဲ

    ဆီးချိုရုတ်တရက်တက်လာရင် အရေးပေါ်ဘယ်လိုကုသမလဲ

    သွေးတွင်းသကြားဓါတ်မြင့်တက်ခြင်း (hyperglycemia)

    ဆီးချိုရောဂါရှိသူတွေမှာသွေးတွင်းသကြားဓါတ်မြင့်တက်လွန်းရင် အရေးပေါ်အခြေအနေ (diabetic coma)ဖြစ်လာနိုင်ပါတယ်။ ဒီအခြေအနေကို အမျိုးအစား ၁ နဲ့ အမျိုးအစား ၂ဆီးချိုရောဂါ နှစ်မျိုးလုံးမှာခံစားရနိုင်ပါတယ်။ဆီးချိုကြောင့်ဖြစ်ရတဲ့ကိုမာ (diabetic coma) ဆိုတာ အသက်အန္တရာယ်ရှိနိင်တဲ့ ဆီးချိုနောက်ဆက်တွဲဝေဒနာဖြစ်တဲ့သတိလစ်မေ့မြောခြင်းဖြစ်ပါတယ်။ သင့်မှာဆီးချိုရောဂါရှိနေတယ်ဆိုရင်သွေးတွင်းသကြားဓါတ်မြင့်လွန်းတာ (hyperglycemia) ပဲဖြစ်ဖြစ်၊သွေးတွင်းသကြားဓါတ်ကျဆင်းတာ(hypoglycemia) ပဲဖြစ်ဖြစ် အန္တရာယ်အဆင့်ကိုရောက်ရင် ဆီးချိုကိုမာ ရနိုင်ပါတယ်။

    ဆီးချိုကိုမာအခြေအနေကိုရောက်နေပြီဆိုရင် သင်ဟာ အသက်ရှင်နေသေးပေမယ့်မြင်ရ၊ကြားရသမျှ သို့မဟုတ် လှုံ့ဆော်မှုအာရုံအားလုံးကို မတုံ့ပြန်နိုင်၊ မနိုးထနိုင်တဲ့အနေအထား ခံစားရနိုင်ပါတယ်။ မကုသဘဲထားရင်diabetic coma က လူကိုသေစေတဲ့အထိဖြစ်စေနိုင်ပါတယ်။

    Hyperglycemia သွေးတွင်းသကြားဓါတ်များခြင်း မှာ အမျိုးအစားနှစ်မျိုးရှိပါတယ် –

    • အစာမစားခင်သွေးစစ်ချိန်သွေးတွင်းသကြားဓါတ်မြင့်နေခြင်း(Fastinghyperglycemia)

    အစာမစားမီ ၈ နာရီအတွင်း တိုင်းတာချိန်မှာသွေးတွင်းသကြားဓါတ်ပမာဏ130 mg/dL ထက်ကျော်လွန်နေခြင်းဖြစ်ပါတယ်။

    • အစာစားပြီးသွေးစစ်ချိန်သွေးတွင်းသကြားဓါတ်မြင့်နေခြင်း(After-meal hyperglycemia)

    အစာစားပြီး ၂ နာရီအကြာ တိုင်းတာချိန်မှာ သွေးတွင်းသကြားဓါတ်ပမာဏ 180 mg/dL ထက်ကျော်လွန်နေခြင်းဖြစ်ပါတယ်။

    သွေးတွင်းသကြားဓါတ်မကြာခဏ သို့မဟုတ် ဆက်တိုက်မြင့်တက်နေမယ်ဆိုရင် အာရုံကြောတွေ၊သွေးကြောတွေနဲ့ ကိုယ်တွင်းအင်္ဂါတွေကိုထိခိုက်စေနိုင်ပါတယ်။ အဲဒီကနေ တခြားဆိုးရွားတဲ့အခြေအနေတွေကိုလည်းဖြစ်စေနိုင်ပါတယ်။ အမျိုးအစား ၁ ဆီးချိုရောဂါရှိသူတွေမှာketoacidosis လို့ခေါ်တဲ့သွေးတွင်းအက်စစ်ဓါတ်များနေခြင်းကို ခံစားရဖို့များပါတယ်။

    အမျိုးအစား၂ ဆီးချိုရောဂါရှိနေရင် ဒါမှမဟုတ်ဖြစ်နိုင်တဲ့အလားအလာရှိနေရင်သွေးတွင်းသကြားဓါတ်မြင့်တက်လွန်းတဲ့အခါ ခန္ဓါကိုယ်က သကြားဓါတ်ကို မစီမံမဖြေရှင်းနိင်တော့တဲ့ အန္တရာယ်အခြေအနေဖြစ်လာစေနိုင်ပါတယ်။ ဒါကိုhyperglycemic hyperosmolar nonketotic syndrome (HHNS) လို့ခေါ်ပါတယ်။ အစမှာ ဆီးမကြာခဏသွားရရာကနေနောက်ပိုင်းမှာ အကြိမ်ရေနည်းလာပြီး ဆီးအရောင်က ရင့်လာပြီးရေဓါတ်ဆုံးရှုံးမှုဆိုးရွားလာနိုင်ပါတယ်။

    ဖြစ်လာစေတဲ့အကြောင်းရင်းများ

    အောက်ပါအချက်တွေ ရှိနေရင် သွေးတွင်းသကြားဓါတ်မြင့်တက်လာနိုင်ပါတယ်-

    • အင်ဆူလင်ထိုးဖို့မေ့တာ၊ ဒါမှမဟုတ် ဆီးချိုထိန်းဆေးသောက်ဖို့မေ့တာ
    • ဆေးထိုးထားတဲ့ အင်ဆူလင်ပမာဏနဲ့ကိုက်ညီတဲ့အတိုင်းအတာထက်ကျော်လွန်တဲ့ ကာဗိုဟိုက်ဒရိတ်ပမာဏကိုစားသုံးမိတာ
    • ရောဂါတစ်စုံတစ်ခု ကူးစက်ခံရတာ၊
    • နာမကျန်းဖြစ်တာ
    • စိတ်ဖိစီးမှုခံစားနေရတာ
    • လှုပ်ရှားမှုနည်းတာ၊ ဒါမှမဟုတ် ပုံမှန်လောက်လေ့ကျင့်ခန်းမလုပ်ဖြစ်တာ
    • အားစိုက်ရတဲ့ ကိုယ်လက်လှုပ်ရှားမှုလုပ်တာ၊အထူးသဖြင့်သွေးတွင်းသကြားဓါတ်မြင့်နေချိန်နဲ့ အင်ဆူလင်ပမာဏကျဆင်းနေချိန်။

    လက္ခဏာများ

    သွေးတွင်းသကြားဓါတ်မြင့်လာချိန်မှာဖြစ်လာနိုင်တဲ့ လက္ခဏာတွေက –

    • ရေငတ်လာခြင်း
    • ခေါင်းကိုက်ခြင်း
    • အာရုံစိုက်မရခြင်း
    • အမြင်အာရုံဝေဝါးခြင်း
    • မကြာခဏဆီးသွားခြင်း
    • မောပန်းနွမ်းနယ်ခြင်း (အားနည်းခြင်း၊ပင်ပန်းနေသလိုခံစားရခြင်း)
    • ကိုယ်အလေးချိန်ကျဆင်းခြင်း
    • သွေးတွင်းသကြားဓါတ်က180 mg/dL ထက်ကျော်လွန်ခြင်း

    သွေးတွင်းသကြားဓါတ်ဆက်တိုက်မြင့်တက်နေမယ်ဆိုရင် –

    • မိန်းမကိုယ် နဲ့ အရေပြား ပိုးဝင်ခြင်း
    • အနာကျက်နှေးခြင်း
    • အမြင်အာရုံမကောင်းခြင်း
    • ခြေဖျားအေးစက်ခြင်း၊ထုံကျဉ်ခြင်းဖြစ်စေတဲ့ အာရုံကြောထိခိုက်မှု၊ခြေချောင်းလက်ချောင်းတွေမှာ အမွှေးကျွတ်ခြင်း၊ဒါမှမဟုတ် ပန်းသေပန်းညှိုးဖြစ်ခြင်း
    • ကာလတာရှည်ဝမ်းချုပ်နေခြင်း သို့မဟုတ် ဝမ်းပျက်ခြင်း တို့လို အစာအိမ်နဲ့အူလမ်းကြောင်းပြဿနာများ
    • မျက်စိ၊သွေးကြောနဲ့ကျောက်ကပ်ထိခိုက်ခြင်း

    Hyperglycemia အခြေအနေပြင်းထန်တဲ့အခါ အရေးပေါ်ကုသမှု

    ပြင်းထန်တဲ့ သွေးတွင်းသကြားဓါတ်မြင့်တက်မှုလက္ခဏာတွေဖြစ်လာရင် အရေးပေါ်ခန်း သို့မဟုတ်ဆေးရုံတင် ကုသရနိုင်ပါတယ်။ အရေးပေါ်ရှေးဦးသူနာပြုနည်းကတော့သွေးတွင်းသကြားဓါတ်ကို ပုံမှန်ပြန်ဖြစ်စေဖို့ပဲဖြစ်ပါတယ်။

    အရည်ဓါတ်ပြန်လည်ဖြည့်တင်းခြင်း –ရေဓါတ်ပြန်လည်ပြည့်ဝလာတဲ့အထိ ပါးစပ်မှတဆင့် သို့မဟုတ်သွေးကြောမှတဆင့် အရည်ဓါတ် သွင်းပေးရပါလိမ့်မယ်။ ဒီအရည်ဓါတ်တွေက ဆီးမကြာခဏသွားခြင်းကြောင့်ဆုံးရှုံးသွားတဲ့အရည်ပမာဏကိုပြန်လည်ဖြည့်တင်းပေး မှာဖြစ်ပြီးသွေးထဲမှာပိုလျှံနေတဲ့ သကြားဓါတ်တွေကိုလျော့ကျသွားစေနိုင်ပါတယ်။

    ဓါတ်ဆားဖြည့်တင်းခြင်း – ဓါတ်ဆား(electrolytes )တွေက ခန္ဓါကိုယ်တစ်ရှူးတွေကို လုပ်ဆောင်ချက်မှန်ကန်စေဖို့လိုအပ်တဲ့သွေးတွင်းသတ္ထုဓါတ်တွေဖြစ်ပါတယ်။ အင်ဆူလင်မရှိတဲ့အခါသွေးထဲက ဓါတ်ဆားပမာဏကိုလျော့ပါးစေနိုူင်ပါတယ်။ ဒါ့ကြောင့် နှလုံး၊ကြွက်သား၊နဲ့အာရုံကြောဆဲလ်တွေကို ပုံမှန်အတိုင်းလုပ်ဆောင်ချက်ရှိစေဖို့သွေးကြောကတဆင့်electrolytesတွေကိုသွင်းရပါတယ်။

    အင်ဆူလင်ကုထုံး – အင်ဆူလင်ကသွေးထဲမှာketonesတွေများပြားစုပုံစေတဲ့ဖြစ်စဉ်တွေကိုပြောင်းလဲကုသပေးနိုင်ပါတယ်။ အရည်ဓါတ်နဲ့ ဓါတ်ဆားတွေအပြင် အင်ဆူလင်ကုထုံးကိုလည်းသွေးကြောကတဆင့် သွင်းရနိုင်ပါတယ်။

    ဘယ်လိုကြိုတင်ကာကွယ်မလဲ

    hyperglycaemia အခြေအနေပြင်းထန်တာ သို့မဟုတ် တာရှည်နေတာတွေမဖြစ်အောင် ကြိုတင်ကာကွယ်နိုင်မယ့်နည်းလမ်းတွေရှိပါတယ် –

    • အစားအသောက်ကိုချင့်ချိန်ပါ – သရေစာ စားတဲ့အခါမှာ သတိနဲ့ချင့်ချိန်ပါ သို့မဟုတ် အချိုဓါတ်နဲ့ကာဗိုဟိုက်ဒရိတ်ပါဝင်မှုများတဲ့ အစားအစာတွေစားရင်သွေးတွင်းသကြားဓါတ်မြင့်တက်နိုင်ပါတယ်။
    • ကုသမှုကိုသေချာလိုက်နာပါ – အင်ဆူလင် သို့မဟုတ် တခြားဆီးချိုဆေး ကုထုံးများကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုက်နာခံယူဖို့ မမေ့ပါနဲ့။
    • တတ်နိုင်သမျှ လှုပ်လှုပ်ရှားရှားနေပါ –ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးတာကသွေးတွင်းသကြားဓါတ်မြင့်တက်မှုကို ဟန့်တားနိုင်ပေမယ့် ကိုယ်က ဆီးချိုထိန်းဆေးတွေသောက်သုံးနေတာဆိုရင် ဆရာဝန်နဲ့အရင်ဆုံးစစ်ဆေးသင့်ပါတယ်။ လှုပ်ရှားမှုများလွန်းရင်လည်းဆေးတွေကြောင့်သွေးတွင်းသကြားဓါတ်ကျဆင်းမှုလွန်ကဲတာတွေဖြစ်လာနိုင်လို့ပါ။
    • နေမကောင်းဖြစ်ရင် ပိုဂရုစိုက်ပါ –ရောဂါဝေဒနာတစ်ခုခုကြောင့် ခံစားနေရချိန်အတွင်းသွေးတွင်းသကြားဓါတ်ကို ဘယ်လိုထိန်းသိမ်းမလဲဆိုတာကို ဆရာဝန်ပေးထားတဲ့လမ်းညွှန်ချက်အတိုင်း လိုက်နာပါ။
    • သွေးတွင်းသကြားဓါတ်ကို အမြဲစောင့်ကြည့်စစ်ဆေးပါ – ကိုယ့်အိမ်မှာပဲသွေးချိုတိုင်းစက်နဲ့ စစ်ဆေးတာက ဆီးချိုအတက်အကျကိုစောစောသိရှိနိုင်ပြီး တားဆီးကုသမှြုမန်စေနိုင်ပါတယ်။
    • အချိုမပါတဲ့ အရည်တွေများများသောက်ပါ – ဒီလိုသောက်သုံးခြင်းအားဖြင့်ရေဓါတ်ကိုဖြည့်တင်းပေးနိုင်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    health-tool-icon

    ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ။

    ခန္ဓာကိုယ် ထုထည်ညွှန်းကိန်း တွက်ချက်ခြင်း (BMI) ကို အသုံးပြုပြီး ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိရဲ့လားဆိုတာကို တွက်ချက်ပါ။ ဒီကျန်းမာရေး ကိရိယာကို အသုံးပြုပြီး ကလေးရဲ့ (BMI) ကိုလည်း တွက်ချက်လို့ ရပါတယ်။

    အမျိုးသား

    အမျိုးသမီး

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    စာရေးသူ ဓာတ်ပုံbadge
    Yun Sandi Nan Mon မှ ရေးသားသည်။ 12/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Dr. Kaung Thar မှ အချက်အလက် စစ်ဆေးထားပါသည်။