သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

Testicular Cancer (ဝှေးစေ့ကင်ဆာ)

အဓိပ္ပါယ်ဖွင့်ဆိုချက်

Testicular Cancer (ဝှေးစေ့ကင်ဆာ) ကဘာလဲ။

ဝှေးစေ့ကင်ဆာဆိုသည်မှာ အမျိုးသားများတွင် ဖြစ်ပွားသည့် ကင်ဆာရောဂါဖြစ်ပြီး ဝှေးစေ့များတွင် သာဖြစ်ပွားသည်။ ကပ်ပယ်အိတ်နှင့် လိင်တံအချာင်း၏အပေါ်ရှိ လျော့ရဲသော အရေပြားအတွင်းတွင် ဖြစ်ပွားတတ်သည်။ ဝှေးစေ့သည် သုက်များနှင့် မျိုးပွားမှုဆိုင်ရာ ဟော်မုန်းများကို ထုတ်လုပ်သည်။ သုက်အားဝှေးစေ့အတွင်းတွင်ဖန်တီးထုတ်လုပ်ပေးနိုင်သော ဆဲလ်တစ်မျိုးကို ဂျားမ်ဆဲလ်ဟုခေါ်ပြီး ထိုဆဲလ်မှစ၍ကင်ဆာဖြစ်ပွားလာခြင်းဖြစ်သည်။ အဓိက ဂျားမ်ဆဲလ်ကင်ဆာနှစ်မျိုးမှာ ဆီမင်နိုးမား နှင့် နန်းဆီမင်နိုးမားတို့ဖြစ်သည်။ ဆီမင်နိုးမားသည် နှေးကွေးစွာ ကြီးထွားခြင်းပြန့်နှံ့ခြင်းတို့ဖြစ်ပွားတတ်ပြီး ဓါတ်ရောင်ခြည်ကုသမှုနှင့် သက်သာလာတတ်သည်။ နန်းဆီမင်နိုးမားမှာ ဆီမင်နိုးမားထက် လျင်မြန်စွာကြီးထွားလာတတ်ပြီး ပြန့်သွားတတ်သည်။ ထို့အပြင် နန်းဆီမင်နိုးမားသည်ပုံစံကွဲပေါင်းများစွာလည်းရှိသည်။ ဝှေးစေ့ကင်ဆာသည် ဝှေးစေ့ နေရာမှ အခြား နေရာများသို့ပျံ့နှံ့သွားသည့်တိုင်အောင် အများအားဖြင့် ကောင်းမွန်စွာ ကုသ၍ရနိုင်သည်။ ဖြစ်ပွားသည့် ကင်ဆာအမျိုးအစားနှင့် အဆင့်အပေါ်မူတည်၍ များပြားသောကုသနည်းများထဲမှ တနည်းနည်းဖြင့်ဖြစ်စေ နည်းလမ်းများ တွဲဖက်၍ဖြစ်စေ ကုသခံရနိုင်ပါသည်။

လက္ခဏာများ

Testicular Cancer (ဝှေးစေ့ကင်ဆာ) ရဲ့လက္ခဏာတွေကဘာတွေလဲ

အဖြစ်များသော လက္ခဏာရပ်များမှာ

  • ဝှေးစေ့တွင်အကြိတ်လုံး၊အသားလုံးများ ပေါ်လာခြင်း (သို့) ဝှေးစေ့တဖက်ဖက်မှ ကြီးလာခြင်း
  • ကပ်ပယ်အိတ်အားလေးလံလာသည်ဟုခံစားရခြင်း
  • ဝမ်းဗိုက်(သို့) ပေါင်ခြံတွင် ထုံကျဉ်ကိုက်ခဲသလိုနာလာခြင်း
  • ကပ်ပယ်အိတ်သည် ရုတ်တရက် အရည်များဖြင့် ဖောင်းလာခြင်း
  • ဝှေးစေ့(သို့) ကပ်ပယ်အိတ်တွင် နာကျင်နေခြင်း(သို့) မသက်မသာဖြစ်ခြင်း
  • ရင်သားများတင်း၍ နာကျင်လာခြင်း
  • ကြောအောင့်ခြင်း စသည်ဖြင့်ဖြစ်သည်။

ဝှေးစေ့ကင်ဆာသည်အများအားဖြင့် ဝှေးစေ့တစ်ဖက်တည်းတွင်သာ ဖြစ်လေ့ရှိသည်။ အထက်ပါလက္ခဏာများအပြင်အခြားရှိနိုင်သေး၍ စိုးရိမ်စရာရှိပါက ဆရာဝန်နှင့် ပြသတိုင်ပင်ပါ။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ

မိမိ၏ပေါင်ခြံနှင့် ဝှေးစေ့တွင် အလုံးအကြိတ်များပေါ်လာခြင်း၊ရောင်ရမ်းလာခြင်း (သို့) ဝှေးစေ့များ နာကျင်လာခြင်း နှင့် အထူးသဖြင့် ထိုလက္ခဏာများသည် 2 ပတ်ထက်ကြာမြင့်လာပါက ဆရာဝန်အား ဆက်သွယ်ပြသသင့်ပါသည်။

အထက်ပါ လက္ခဏာရပ်များဖြစ်ပွားပါက ဆရာဝန်ပြသသင့်ပါသည်။ လူတစ်ဦးနှင့်တစ်ဦးတွင် ဖြစ်ပွားမှုမတူညီ၍ ဆရာဝန်နှင့်ပြသခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။

အကြောင်းရင်းများ

Testicular Cancer (ဝှေးစေ့ကင်ဆာ) ကိုဘာတွေကဖြစ်စေသလဲ

အများအားဖြင့် မည့်သည့်အရာကြောင့်ဖြစ်ပွားလာသည်ကို ရှင်းရှင်းလင်းလင်းမသိကြချေ။ ဝှေးစေ့ရှိ ပုံမှန်ကောင်းနေသော ဆဲလ်များသည် ကင်ဆာဆဲလ်များဖြင့် အစားထိုးဝင်ရောက်ခံ၍ဖြစ်ပွားသည်ဟုသာ ဆရာဝန်များမှ သိထားကြသည်။ ခန္ဓါကိုယ်၏ပုံမှန်တာဝန်များကို ထမ်းဆောင်ရန် ကျန်းမာသော ကောင်းသောဆဲလ်များသည် ကွဲပွားနေကြပြီး တခါတရံတွင် အချို့ဆဲလ်များသည် ပုံမှန်ကွဲပွားမှုထက်ကျော်လွန်၍ မထိန်းနိုင်မသိမ်းနိုင်လောက်အောင် မကောင်းသော ဆဲလ်များ (သို့) ကင်ဆာဆဲလ်များအဖြစ်ကွဲပွားကြသည်။ ဆဲလ်အသစ်များမလိုအပ်သော်လည်း ထိုကင်ဆာဆဲလ်များသည် လွန်စွာကွဲပွား၍များပြားလာကြသည်။ နောက်ဆုံးတွင် ထိုကင်ဆာဆဲလ်များသည် စုပုံ၍ ဝှေးစေ့တွင် အလုံးအကြိတ်ကြီးများဖြစ်လာကြသည်။

ဖြစ်နိုင်ခြေများ

Testicular Cancer (ဝှေးစေ့ကင်ဆာ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ

  • ကပ်ပယ်အိတ်ထဲသို့ဝှေးစေ့သည် ဆင်းမလာသော မွေးရာပါ ရောဂါ ရှိပါက ဖြစ်နိုင်ရန်အလားအလာများနေသော်လည်း ဖြစ်ပွားသော အမျိုးသားအများစုတွင် ထိုရောဂါမရှိကြောင်းသိရရသည်။
  • ပုံမှန်မဟုတ်သော ဝှေးစေ့ ၏ ကြီးထွားဖွံဖြိုးလာသည့် အခြေအနေများ ဥပမာ ကလိုင်ဖဲလ်တာ ရောဂါစုများတွင် ဖြစ်နိုင်ချေများသည်။
  • မိသားစုဝင်များတွင် ဝှေးစေ့ကင်ဆာဖြစ်ဖူးပါက မိမိတွင်လည်း ဖြစ်လာနိုင်ချေရှိသည်။
  • ဝှေးစေ့ကင်ဆာသည် အသက်အရွယ်မရွေးဖြစ်ပွားနိုင်သော်လည်း ဆယ်ကျော်သက်များနှင့် အသက်ငယ်ရွယ်သူများတွင် ပို၍ဖြစ်ပွားတတ်သည်။
  • ဝှေးစေ့ကင်ဆာသည် လူမည်းများထက် လူဖြူမျိုးနွယ်များတွင် ပို၍ဖြစ်ပွားတတ်သည်။

ရောဂါအဖြေရှာခြင်းနှင့် ကုသမှု

ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.

Testicular Cancer (ဝှေးစေ့ကင်ဆာ) ကို ဘယ်လိုအတည်ပြုပါသလဲ

ဝှေးစေ့ရှိ အသားလုံးတခုသည် ကင်ဆာအလုံးဟုတ်မဟုတ်ဆုံးဖြတ်ရန် အောက်ပါ စမ်းသပ်မှုများပြုလုပ်ရတတ်သည်။

  • ရွေ့လျားဓါတ်မှန်ရိုက်ခြင်း – အသံလှိုင်းများကိုအသုံးပြု၍ ကပ်ပယ်အိတ်နှင့် ဝှေးစေ့တို့၏ပုံစံကို ကြည့်ရှူခြင်းဖြစ်ပြီး ထိုဝှေးစေ့ရှိ အသားလုံးများသည် အရည်အိတ်များ (သို့) အကြိတ်လုံးများဖြစ်မဖြစ်ကို ခွဲခြားနိုင်ရန် ဆရာဝန်အားအကူအညီပေးသည်။ ထို့ပြင် အသားလုံးသည် ဝှေးစေ့၏အတွင်းထဲ (သို့) အပြင်ဘက်တွင် ရှိကြောင်းကို လည်း ဆရာဝန်အား ပြသပေးနိုင်သည်။

Testicular Cancer (ဝှေးစေ့ကင်ဆာ) ကို ဘယ်လိုကုသပါသလဲ

ခွဲစိတ်ခြင်း

  • ဝှေးစေ့နှင့် အချို့သော ပြန်ရည်ကြောအကြိတ်များအား အားဖြတ်ထုတ်ကုသခြင်းဖြင့် ရောဂါအားစမ်းသပ်စစ်ဆေးခြင်း နှင့် အဆင့်ခွဲခြင်းတို့ကိုလည်း ပြုလုပ်နိုင်သည်။ အခြားသောခန္ဓါကိုယ်အစိတ်အပိုင်းများသို့ပြန့်နှံ့သွားသော ကင်ဆာအသားလုံးများကိုလည်း အနည်းငယ်ဖြစ်စေ အကုန်လုံးဖြစ်စေ ဖြတ်ထုတ်ကုသနိုင်ပါသည်။ ကျန်ရှိနေသေးသော ကင်ဆာဆဲလ်များကိုဖျက်ဆီးပစ်ရန် အတွက် အချို့လူနာများတွင် ကင်ဆာဆေးသွင်းခြင်းနှင့် ဓါတ်ရောင်ခြည်ကုသမှုများကို ပြုလုပ်တတ်ပါသည်။

ဓါတ်ရောင်ခြည်ကုသမှု

  • စွမ်းအင်ပြင်းထန်သော x ဓါတ်ရောင်ခြည်များ(သို့) အခြားသော ဓါတ်ရောင်ခြည်များဖြင့် ကင်ဆာဆဲလ်များအားဖျက်ဆီးခြင်းဖြစ်စေ ထိုဆဲလ်များ၏ကြီးထွားပွားများခြင်းကို ရပ်တန့်စေခြင်းဖြင့်ဖြစ်စေ ကုသခြင်းဖြစ်သည်။ အပြင်ပိုင်းဓါတ်ရောင်ခြည်များဖြင့် ဝှေးစေ့ကင်ဆာအားကုသလေ့ရှိသည်။

ကင်ဆာဆေးများသွင်း၍ကုသခြင်း

  • ကင်ဆာဆေးများသွင်းကာ ကင်ဆာဆဲလ်များအားဖျက်ဆီးခြင်းဖြစ်စေ ထိုဆဲလ်များ၏ကြီးထွားပွားများခြင်းကို ရပ်တန့်စေခြင်းဖြင့်ဖြစ်စေ ကုသခြင်းဖြစ်သည်။

စောင့်ကြည့်ကုသခြင်း

  • ဆိုလိုသည်မှာ စမ်းသပ်မှုများ၏ ပြောင်းလဲမှုတစ်စုံတရာရှိမရှိ စောင့်ဆိုင်းနေစဉ်ကာလအတွင်း မည်သည့် ကင်ဆာကုသမှုမှ မပေးပဲ လူနာ၏အခြေအနေကို အနီးကပ်စောင့်ကြည့်ပြုစုကုသခြင်းဖြစ်သည်။

ကင်ဆာဆေးများသွင်းခြင်းနှင့်တွဲဖက်၍ ရိုးတွင်းခြင်ဆီအား လဲလှယ်ကုသခြင်း

  • သွေးဆဲလ်လောင်းလေးများအားပျက်စီးစေတတ်သော ပြင်းထန်ထိရောက်သည့် ကင်ဆာဆေးများကို သွင်း၍ကုသကာ ပျက်စီးသွားသော သွေးဆဲလ်လောင်းများကို တဖက်မှ ပြန်လည်ဖြည့်တင်းစေသည့်ကုသနည်းမျိုးဖြစ်သည်။

လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

လူနေမှုပုံစံပြောင်းလဲခြင်းနဲ့ အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက ဝှေးစေ့ကင်ဆာ ကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများကသင့်အနေဖြင့်ဝှေးစေ့ကင်ဆာကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင်နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

မိမိ၏ဝှေးစေ့အား မိမိကိုယ်တိုင်စစ်ဆေးပါ။

  • ရေနွေးဖြင့်ရေချိုးခြင်း (သို့)ရေစိမ်အပြီးတွင် ကပ်ပယ်အိတ်သည် အပူရှိန်ကြောင့် ပျော့ပျောင်းပြေလျော့သွားပြီး မူမမှန်သော အလုံးများ အကြိတ်များကို စမ်း၍ တွေ့ရှိနိုင်သည်။
  • မှန်ရှေ့တွင် ကိုယ်တုံးလုံးရပ်၍ ကပ်ပယ်အိတ်သည် တဖက်ဖက်တွင် ဖောင်းကားနေခြင်းရှိမရှိကြည့်ပါ။
  • ဝှေးစေ့တလုံးစီကို မိမိ၏လက်နှစ်ဖက်နှင့်စမ်းသပ်ကိုင်တွယ်ပါ။ လက်ညှိုးနှင့် လက်ခလယ်ကို ဝှေးစေ့၏အောက်တွင် ထားပြီး လက်မကို ဝှေးစေ့အပေါ်တွင်ထား၍ စမ်းသပ်ပါ။
  • ဝှေးစေ့အား လက်မနှင့် လက်ချောင်းများကြားတွင် ညင်သာစွာ ပွတ်၍စမ်းကြည့်ပါ။
  • ဝှေးစေ့၏ ပုံမှန် ပုံစံမှာ ဘဲဥပုံကဲ့သို့ရှိပြီး မျက်နှာပြင်မှာ ချောမွတ်ကာ သိပ်သည်းမာကျောသည့် အလုံးတစ်လုံးဖြစ်သည်။ ဝှေးစေ့တစ်လုံးသည် အခြားတစ်လုံးထက် အနည်းငယ်အရွယ်အစားကြီးနေနိုင်သည်မှာ ပုံမှန်ဖြစ်သည်။
  • ဝှေးစေ့၏ထိပ်မှ ထောင်၍ထွက်နေသော ကြိုးကဲ့သို့ရှိနေသည့် သုက်ကြောမှာ ကပ်ပယ်အိတ်၏ပုံမှန်ပါရှိသော အရာဖြစ်သည်။

အကယ်၍သင့်မှာ မေးခွန်းတွေရှိမယ်ဆိုရင် သင့်အတွက်သင့်တော်တဲ့ အဖြေရှာဖွေနိုင်ဖို့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Verifying...

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Testicular cancer http://www.medicinenet.com/testicular_cancer/patient-comments-779.htm. Accessed February 18, 2017.
Testicular cancer http://www.mayoclinic.org/diseases-conditions/testicular-cancer/basics/prevention/con-20043068. Accessed February 18, 2017
Testicular cancer topic overviewhttp://www.webmd.com/cancer/tc/testicular-cancer-topic-overview#2. Accessed February 18, 2017

စာရေးသူ ဓာတ်ပုံbadge
Dr.Nyan Linn မှ ရေးသားသည်။ 16/02/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Kaung Thar မှ အချက်အလက် စစ်ဆေးထားပါသည်။