backup og meta

ဝှေးစေ့ပူရင် မြုံတတ်သလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝှေးစေ့ပူရင် မြုံတတ်သလား

    မြုံတယ်လို့ ပြောလိုက်ရင် အခါခပ်သိမ်း အမျိုးသမီးတွေ အပြစ်ပဲ မဟုတ်ပါဘူး။ လေ့လာချက်တွေအရ ကလေးမရတဲ့ အတွဲတွေမှာ ၃ပုံ ၁ပုံလောက်က အမျိုးသား ပြစ်ချက်ကြောင့်ပါတဲ့။ အမျိုးသားတွေ မြုံရတဲ့ အကြောင်းရင်းတွေထဲမှာ ဝှေးစေ့ ပူနေတာကြောင့်လည်း ပါပါတယ်။ ဝှေးစေ့ပူရင် မြုံနိုင်လားဆိုတာ ဆက်ကြည့်ရအောင်။

    ဝှေးစေ့ပူရင်  မြုံတတ်သလား။

    အမေ့ဗိုက်ထဲ သန္ဓေသားဘဝမှာ ဝှေးစေ့က ဝမ်းဗိုက်ထဲမှာ ရှိပါတယ်။ နောက်ပိုင်းကျမှ အောက်ကို ဆင်းလာပြီး ကပ္ပာယ်အိတ်ထဲကို ရောက်လာတာပါ။ ဘာကြောင့် ဆင်းလာရတာလဲဆိုတော့ ဝမ်းတွင်းအပူချိန်က ပူလွန်းတာကြောင့်ပါ။ ဒီလို ပူနေရင် ဝှေးစေ့က သူ့အလုပ်ဖြစ်တဲ့ သုက်ကောင်လေးတွေ ထုတ်တာကို ကောင်းကောင်း မလုပ်နိုင်ပါဘူး။

    ဒါကြောင့် ခန္ဓာကိုယ်နဲ့ ထိမနေဘဲ တွဲလောင်းနေနေတာပါ။ ဝှေးစေ့ရဲ့ အပူချိန်က ခန္ဓာကိုယ်အပူချိန်ထက် နည်းပါတယ်။ ၃၂-၃၅ ဒီဂရီစင်တီဂရိတ်လောက်ပဲ ရှိပါတယ်။ ခန္ဓာကိုယ် အပူချိန်က ၃၇ ဒီဂရီစင်တီဂရိတ်ပါ။ ဒီလို အပူချိန်နည်းနေအောင် သဘာဝတရားကြီးက ဖန်တီးပေးထားပါတယ်။

    ဝှေးစေ့ကို သွေးထောက်ပံ့တဲ့ ပုံစံက သဘာဝအရကိုက အပူချိန်နည်းနေအောင် ဖန်တီးထားပါတယ်။ ဝှေးစေ့ကို စစဝင်လာချင်းမှာ သွေးရဲ့ အပူချိန်က ကိုယ်တွင်းအပူချိန်က အတူတူပါပဲ။ ဒါပေမယ့် အပူချိန်နည်းသွားအောင် pampiniform plexus လို့ ခေါ်တဲ့ သွေးကြောတွေက ဖန်တီးပေးလိုက်ပါတယ်။ ဒီလိုမှ ဝှေးစေ့က သုက်ကောင်ကို ကောင်းကောင်းထုတ်နိုင်ပြီး ကျန်းမာတဲ့ သုက်ကောင်တွေ ထွက်လာမှာပါ။

    ဝှေးစေ့ ကို ပူစေတဲ့ အကြောင်းရင်းများ

    ရောဂါကြောင့် ပူတာရှိသလို ကိုယ့်ရဲ့ နေထိုင်မှုပုံစံကြောင့် အပူချိန်များနေရတာလည်း ရှိပါတယ်။

    ရောဂါကြောင့် ဝှေးစေ့ အပူချိန် များနေခြင်း

    သန္ဓေသားဘဝမှာ ဗိုက်ထဲမှာ ရှိနေတဲ့ ဝှေးစေ့က ကပ္ပာအိတ်ထဲကို ဆင်းမလာဘဲ ဗိုက်ထဲမှာ ကျန်နေတာမျိုးပါ။ တစ်လုံးတည်း ကျန်နေတာ ရှိသလို နှစ်လုံးလုံး ဆင်းမလာတာရှိပါတယ်။ တစ်လုံးတည်း ကျန်ခဲ့ရင်တော့ အောက်ကို ဆင်းလာတဲ့ တစ်လုံးက သူ့အလုပ်သူလုပ်တာကြောင့် ကလေးရနိုင်ပါတယ်။

    နှစ်လုံးလုံး ကျန်ခဲ့ရင်တော့ ဝမ်းဗိုက်အပူချိန်မှာ သုက်ကောင်ထုတ်ဖို့ ခက်ခဲတာကြောင့် ကလေးရဖို့ ခက်မှာပါ။ ခွဲစိတ်ပြုပြင်လိုက်ရင်တော့ ကလေးရနိုင်ခြေ ပြန်မြင့်လာပါတယ်။

    ခုနက ပြောတဲ့ ဝှေးစေ့ဆီရောက်တဲ့ သွေးကို အေးအောင်လုပ်ပေးတဲ့ pampiniform plexus က ပုံမှန်မဟုတ်ဘဲ တွန့်ခေါက်ပြီး ကြီးလာတာပါ။ ဘာကြောင့် ဒီလိုဖြစ်လဲဆိုတာ သေသေချာချာ မပြောနိုင်ကြပါဘူး။ သွေးကြောပိတ်တာ၊ ဖိအားများတာလို့ ယူဆကြပါတယ်။ လူပျိုဖော်ဝင်စအချိန်မှာ အဖြစ်များပါတယ်။ ဘယ်ဘက်မှာ ပိုဖြစ်တတ်ပါတယ်။

    ဒီလိုမျိုး သွေးကြောက ပုံမှန်မဟုတ်တဲ့အတွက် သူ့အလုပ်ဖြစ်တဲ့ သွေးကို အေးအောင်လည်း မလုပ်ပေးနိုင်တော့ပါဘူး။ ဒီလိုနဲ့ ကြာလာရင် သုက်ကောင်ထုတ်လုပ်တာကို ထိခိုက်နိုင်ပါတယ်။ ကောင်းတဲ့အချက်ကတော့ ကုသလိုက်ရင် ပြန်ပြီးကောင်းလာနိုင်တာပါ။

    နေထိုင်မှု ပုံစံကြောင့် ဝှေးစေ့ အပူချိန်တက်ခြင်း

    ဒီနေရာမှာလည်း ပတ်ဝန်းကျင်ကြောင့်၊ ကိုယ်နေဟန်ထား၊ အလုပ်အကိုင်နဲ့ အလေ့အကျင့်တွေကြောင့် ပါဝင်ပါတယ်။

    • ပတ်ဝန်းကျင်

    ရာသီဥတု ပူတဲ့အခါ ဝှေးစေ့အပူချိန်လည်း အလိုလိုလိုက်တက်နိုင်ပါတယ်။ အထူးသဖြင့် နွေရာသီပါ။ အပူချိန်များများနဲ့ ရေရှည်ထိတွေ့နေရတာက သုက်ကောင်တွေအတွက် မကောင်းပါဘူး။ ဒါကြောင့် တတ်နိုင်သမျှ အေးတဲ့နေရာကို ပြောင်းနေပါ။ အပူချိန်နည်းအောင် အရိပ်ရတဲ့နေရာ၊ အေးတဲ့နေရာမှာ နားပါ။ ခန္ဓာကိုယ်ရဲ့ တခြားနေရာတွေလိုပဲ ဝှေးစေ့ကလည်း အပူချိန် မတက်ဖို့ အရေးကြီးပါတယ်။

    • ကိုယ်နေဟန်ထား

    အထိုင်များတဲ့ သူတွေက ပိုပြီး သတိထားသင့်ပါတယ်။ ထိုင်တာတောင်မှ ခြေထောက်စုထိုင်တာ၊ ခြေချိတ်ထိုင်တာတွေက အတွင်းမှာ အပူအောင်းစေတတ်ပါတယ်။ နောက်ပြီး ထိုင်ခုံကရော လေဝင်လေထွက်ကောင်းတဲ့ထိုင်ခုံ ဖြစ်ရဲ့လားဆိုတာ အရေးကြီးပါတယ်။

    အထူးသဖြင့် တက္ကစီမောင်းသူတွေ၊ ဘတ်စ်ကားမောင်းသူတွေက တစ်နေကုန် ခုံပူပူကြီးမှာ ထိုင်နေရတယ်။ အင်ဂျင်ကလည်း ပူတယ်။ နွေရာသီဆို ပတ်ဝန်းကျင်ကလည်း ပူနေမယ်။ ဒီလိုမျိုးဆို သုက်ကောင်ထုတ်လုပ်တာကို ထိခိုက်နိုင်ပါတယ်။

    • အလုပ်အကိုင်

    အလုပ်အကိုင်မှာတော့ အပူနဲ့ ထိတွေ့ပြီး အလုပ်လုပ်ရတဲ့သူတွေက သတိထားသင့်ပါတယ်။ ဥပမာ သံဝရိန်ဆော်တဲ့သူတွေ၊ မီးဖိုနားကပ်ပြီး အလုပ်လုပ်ရတဲ့သူတွေ၊ ရုံးမှာ အထိုင်များတဲ့သူတွေ၊ ခုနက ပြောခဲ့တဲ့ ကားမောင်းတဲ့သူတွေက ဝှေးစေ့အပူချိန်တက်တာ ကြာလာရင် သုက်ကောင်လေးတွေကို ထိခိုက်နိုင်ပါတယ်။

    နောက်ပြီး စက်ဘီးနဲ့ ပစ္စည်းပို့တဲ့ delivery သမားတွေလည်း သတိထားသင့်ပါတယ်။ နေပူထဲမှာ၊ စက်ဘီးခုံပူပူပေါ်မှာ ထိုင်ပြီး နေ့တိုင်း လိုက်ပို့နေရတာက ကြာလာရင် ဝှေးစေ့အပူချိန်တက်လာမှာပါ။ ဒီတော့ နည်းလမ်းရှာပြီး ကိုယ်နဲ့ ထိတွေ့မယ့် နေရာတွေမှာ အပူချိန်နည်းအောင် ပြင်ဆင်ထားသင့်ပါတယ်။

  • အလေ့အကျင့်
  • အဝလွန်တဲ့သူတွေက ဝမ်းဗိုက်အောက်ပိုင်းနဲ့ ဆီးခုံတစ်ဝိုက်မှာ အပူချိန် များနေစေပါတယ်။ ဒါက ဝှေးစေ့ အပူချိန်ကို များစေနိုင်ပါတယ်။ ဒါ့ပြင် အဝလွန်ခြင်း ကိုယ်တိုင်ကလည်း မြုံစေတဲ့ အကြောင်းရင်းတစ်ခု ဖြစ်နေပါတယ်။

    အတွင်းခံ ကျပ်ကျပ်တွေ ဝတ်တာ၊ ဘောင်းဘီကျပ်ကျပ်တွေ ဝတ်တာ၊ ညအိပ်ရင်အတွင်းခံ ဝတ်အိပ်တာတွေကလည်း ဝှေးစေ့တစ်ဝိုက်မှာ အပူတွေ အောင်းနေတတ်ပါတယ်။

    ရေပူနဲ့ ရေချိုးတာကလည်း အရေးကြီးပါတယ်။ မြန်မာနိုင်ငံမှာတော့ အမျိုးသားတွေ ရေနွေးပူနဲ့ ချိုးတာ၊ ရေပူစမ်း စိမ်တာ ရှားပါတယ်။ ဒီလိုရေပူနဲ့ ထိတွေ့တာက စထိတွေ့ပြီး ၁၀မိနစ်လောက်နေရင် ဝှေးစေ့အပူချိန်ကို လိုက်တက်စေပါတယ်။ ဒါကြောင့် တတ်နိုင်သမျှ ခဏခဏ ရေပူပူနဲ့ မချိုးဖို့၊ ချိုးမယ်ဆိုရင်လည်း ခပ်သွက်သွက်လေး ချိုးဖို့၊ ရေရဲ့ အပူချိန်ကို တတ်နိုင်သမျှ လျှော့ချဖို့ လိုပါတယ်။

    နောက်ဆုံးတစ်ခုကတော့ လက်ပတော့ကို ပေါင်ပေါ်မှာ တင်ပြီး အလုပ်လုပ်တာပါ။ ရုံးသမားတွေ သတိထားသင့်ပါတယ်။ လက်ပတော့က အပူက ဝှေးစေ့ကို လာဟပ်တာကြောင့် ဝှေးစေ့အပူချိန်တက်နိုင်ပါတယ်။

    Takeaways

    ပူတဲ့ နေရာကို သွားတိုင်း မြုံသွားတာ မဟုတ်ပေမယ့် ဝှေးစေ့ အတွက် အပူချိန်က အရေးကြီးပါတယ်။ ခဏခဏ အပူချိန်မြင့်မြင့်နဲ့ ထိတွေ့နေရမယ်။ ကြာကြာထိတွေ့နေရမယ်ဆိုရင် ရေရှည်မှာ သုက်ကောင်ထုတ်လုပ်မှုကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ဝှေးစေ့အပူချိန်ကို တက်စေနိုင်မယ့် အပြုအမူတွေကို တတ်နိုင်သမျှ ဆင်ခြင်သင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 19/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement