backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကင်ဆာကိုတွန်းလှန်မယ့် ကုသနည်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကင်ဆာကိုတွန်းလှန်မယ့် ကုသနည်းများ

ကင်ဆာလို့ဆိုလိုက်တာနဲ့ ကြောက်စရာရောဂါဆိုးကြီးကို ပြေးမြင်မိကြမှာပါ။ ဟိုးအရင်ခေတ်တွေတုန်းကတော့ ကင်ဆာဖြစ်ပြီဆိုရင် သေမိန့်ကျသလိုပါပဲ။ ကုသနည်းတွေ အခုချိန်လောက် မတိုးတက်မထွန်းကားသေးတဲ့ အတွက်ကင်ဆာရောဂါကြောင့် သေဆုံးသူများပြားခဲ့ပါတယ်။ ဒါပေမဲ့ အခုခေတ်မှာမတူတော့ပါဘူး။သုတေသန လုပ်ငန်းတွေကျေးဇူးကြောင့် ကင်ဆာရောဂါကုသနည်းမျိုးစုံပေါ်ပေါက်နေပါပြီ။ ဒါ့ကြောင့်ဒီတစ်ခေါက်တော့ ကင်ဆာရောဂါကုထုံးအမျိုးမျိုးအကြောင်း ပြောပြပေးချင်ပါတယ်။

ကင်ဆာဆေးသွင်းခြင်း

မြန်မာနိုင်ငံအပါအဝင် နိုင်ငံအတော်များများမှာ အသုံးပြုနေတဲ့ ကင်ဆာကုထုံးဖြစ်ပါတယ်။ ကင်ဆာဆဲလ်တွေ မပွားလာအောင်လည်းတားနိုင်သလို လုံးဝနှိမ်နင်းပစ်နိုင်စွမ်းရှိတဲ့ အဆင်မြင့်ဆေးဝါးတွေဖြစ်ပြီး သောက်ဆေး၊ အကြောထဲသွင်းဆေး၊ လိမ်းဆေး စတဲ့ပုံစံမျိုးစုံရှိပါတယ်။ ကြောက်စရာကောင်းတဲ့ ကင်ဆာဆဲလ်ကိုတောင်သတ်ပစ်နိုင်အောင်စွမ်းမှတော့ ဆေးအရှိန်ဘယ်လောက် ပြင်းမယ်ဆိုတာ အထူးပြောစရာလိုမယ်မထင်ပါဘူး။ ဒါ့ကြောင့် ကင်ဆာဆေးသွင်းကုသရင် ဘေးထွက်ဆိုးကျိုးအနေနဲ့ ခန္ဓာကိုယ်က ကျန်းမာတဲ့ဆဲလ်တချို့ပါ ထိခိုက်သွားတတ်ပါတယ်။

ခွဲစိတ်ကုသခြင်းများ

ဒီနည်းက ကင်ဆာရောဂါတိုင်းအတွက်တော့ မသင့်တော်ဘူးပေါ့၊ ဘယ်လိုကင်ဆာမှာသုံးလဲဆိုတော့ ခန္ဓာကိုယ်က နေရာတစ်ခုတည်းမှာ ကွက်ဖြစ်နေပြီး နေရာအနှံ့အပြားကိုပျံ့နှံ့မနေတဲ့ ကင်ဆာရောဂါတွေ ကုသရင်ပိုအဆင်ပြေပါတယ်။ (ဒါ့ကြောင့် သွေးကင်ဆာလို ကင်ဆာမျိုးကိုတော့ကုသနိုင်မှာ မဟုတ်ပါဘူး)။ ခွဲစိတ်ကုသမှုဖြစ်တဲ့အတွက် အရေပြားကတစ်ဆင့် ကင်ဆာကျိတ်ရှိနေတဲ့ အစိတ်အပိုင်းကို ခွဲစိတ်ဖယ်ရှားကုသပါတယ်။ ခွဲစိတ်ရင်းနဲ့ ကင်ဆာအမျိုးအစားနဲ့ ပျံ့နှံ့နှုန်းကိုပါ စစ်ဆေးဖို့အတွက် အသားစနမူနာပါ တပါတည်းထုတ်ယူပါတယ်။

ပိုအဆင့်မြင့်တဲ့ တခြားခွဲစိတ်ကုသနည်းတွေလည်းရှိပါသေးတယ်။ Laparoscopic surgery လို့ခေါ်တဲ့ ခွဲစိတ်ကုသနည်းမှာဆိုရင် အရေပြားမှာ အပေါက်သေးသေးလေးတွေပဲ ဖောက်ပြီး ဒီအပေါက်လေးတွေကနေ မှန်ပြောင်းထည့်ကြည့်ရှုပြီး ခွဲစိတ်ပါတယ်။ အားသာချက်ကတော့ ရိုးရိုးခွဲစိတ်မှုလို ခွဲရာအကြီးကြီးမလိုတဲ့အတွက် ခွဲစိတ်ပြီးဒဏ်ရာအကျက်မြန်တာပါပဲ။

ကင်ဆာရောဂါတချို့အတွက် သီးသန့်ခွဲစိတ်မှုတွေလည်းရှိပါသေးတယ်။ တချို့အရေပြားကင်ဆာကျိတ်တွေ ဆိုရင် cryosurgery လို့ခေါ်တဲ့ နိုက်ထရိုဂျင်ဓာတ်ငွေ့ပေးပြီးကုသတဲ့နည်းကိုအသုံးပြုပါတယ်။ နောက်ပြီး အရေပြားပေါ်က ကင်ဆာအကျိတ်ကအရမ်းသေးမယ်ဆိုရင် လေဆာပစ်ပြီး ဖယ်ရှားတဲ့နည်းလည်း အသုံးပြုပါတယ်။

ကိုယ်ခံအားမြှင့်ကုထုံး

ကိုယ်တွင်းဇီဝဖြစ်ပျက်မှုကို အဆင့်မြင့်ပေးပြီး ကင်ဆာရောဂါကို တိုက်ထုတ်ပစ်တဲ့ကုထုံးဖြစ်ပါတယ်။ ခုခံအားစနစ်ကိုပိုအားကောင်းစေပြီး ကိုယ်တွင်းက ကင်ဆာဆဲလ်တွေကို ပိုလျင်လျင်မြန်မြန်နဲ့ ထိထိရောက်ရောက်ရှာဖွေဖျက်စီးနိုင်အောင်လုပ်ပေးပါတယ်။ သောက်ဆေး၊ ထိုးဆေး ပုံစံမျိုးစုံနဲ့လာပြီး cancer vaccines, monoclonal antibodies စတာတွေက ကိုယ်ခံအားမြှင့်ကုထုံးထဲမှာပါဝင်ပါတယ်။

ဟော်မုန်းကုထုံး

သူကတော့နည်းနည်းထူးခြားပါတယ်။ ကိုယ်ထဲကဟော်မုန်းဓာတ်ကိုသုံးစွဲပြီး ကြီးထွားလာတဲ့ ကင်ဆာအမျိုးအစားတွေကို ကုသတဲ့နေရာမှာ သုံးပါတယ်။ အကြမ်းဖျင်း ၂ မျိုးရှိပြီး ကိုယ်တွင်းက ဟော်မုန်းဓာတ်တွေထက်မထုတ်တော့အောင်လုပ်တဲ့ ကုသနည်းရယ်၊ ကိုယ်တွင်းဟော်မုန်းတွေကို ပုံမှန်အလုပ်မလုပ်အောင် လုပ်တဲ့နည်းရယ်ဆိုပြီး ရှိပါတယ်။ ဒါကြောင့် တစ်ခါတစ်လေ ဟော်မုန်းထုတ်ပေးတဲ့ အစိတ်အပိုင်းတွေကိုပါ ခွဲစိတ်ဖယ်ရှားပစ်ဖို့ လိုအပ်နိုင်ပါတယ်။ များသောအားဖြင့်တော့ ဒီလိုကုထုံးကို ကင်ဆာအကျိတ်တွေကို ခွဲစိတ်ဖယ်ရှားမပစ်ခင်အကျိတ်တွေကျုံ့သွားအောင်လုပ်ဖို့အရင်သုံးစွဲတတ်ကြပါတယ်။

ရိုးတွင်းခြင်ဆီအစားထိုးကုသခြင်း

ရိုးတွင်းခြင်ဆီထဲက ပင်မဆဲလ်တွေကိုသွင်းပြီးကုသတဲ့နည်းတစ်ခုဖြစ်ပါတယ်။ ပင်မဆဲလ်တွေက အလွန်အစွမ်းထက်တဲ့ဆဲလ်အမျိုးအစားတွေဖြစ်ပြီး ခန္ဓာကိုယ်ကဆဲလ်အမျိုးအစားအတော်များများအဖြစ် ပြောင်းလဲနိုင်စွမ်းရှိပါတယ်။ အများအားဖြင့် သွေးကင်ဆာ၊ multiple myeloma နဲ့ တချို့ ကင်ဆာအကျိတ်တွေကို ကုသဖို့ သုံးပါတယ်။

Targeted therapies

ဒီကုထုံးကို တခြားကင်ဆာကုထုံးတွေနဲ့ တွဲသုံးလေ့ရှိပါတယ်။ ကင်ဆာဆေးလိုအားကောင်းတဲ့ဆေးဝါးတွေ ပါဝင်ပေမဲ့ ကင်ဆာဆဲလ်တွေကိုတန်းသတ်ပစ်တာမျိုးမဟုတ်ဘဲ အရင်ဆုံးကင်ဆာဆဲလ်တွေနဲ့အတူသွားပေါင်း ပါတယ်။ ပြီးတဲ့အခါမှာ ကင်ဆာဆဲလ်တွေဆက်ကြီးမလာအောင် ရပ်တန့်ပစ်တာမျိုး၊ ဆက်အလုပ်မလုပ်နိုင် အောင်နှောင့်ယှက်တာမျိုးတွေ ပြုလုပ်ပါတယ်။ ပြောရရင်တော့ ပိုပြီးအဆင့်မြင့်တဲ့ကင်ဆာဆေး အမျိုးအစားတွေပဲဖြစ်ပါတယ်။

ရေးသားသူ – Dr.Htoo Tint

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 13/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement