သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

ask-doctor-icon

ဆရာဝန်အား အခမဲ့မေးမြန်းလိုက်ပါ။

Hello ဆရာဝန်မှာ သင့်အတွေးများကို အသိပေးနိုင်ပါတယ်။

ကင်ဆာ ကာကွယ်ဆေး များ

    ကင်ဆာ ကာကွယ်ဆေး များ

    ကင်ဆာဆိုတာ ကာကွယ်ဆေး ရှိလို့လား။ ကင်ဆာ မဖြစ်အောင် ဘယ်လို နေထိုင်စားသောက်ပါလို့ ပြောကြပေမယ့် ကာကွယ်ဆေးထိုးပါ လို့ပြောတာကိုတော့ သိပ်မကြားဖူးဘူးလို့ ပြောကြမှာပါ။ ဒါပေမယ့် တကယ်ပါ။ တချို့သော ကင်ဆာတွေကို ကာကွယ်ဖို့ အတွက်က ကာကွယ်ဆေး ရှိနေပါတယ်။ ၁၀၀ရာခိုင်နှုန်း မဟုတ်ပေမယ့် ထိုးထားရင် ဖြစ်နိုင်ချေ တော်တော် နည်းသွားပါတယ်။ ဒီထဲမှာ သိထားသင့်တဲ့ ကာကွယ်ဆေးတွေက သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးနဲ့ အသည်းရောင် အသားဝါ ဘီပိုး ကာကွယ်ဆေးပါ။ ဘယ်လိုကာကွယ်လဲ ဆိုတာ ဆက်ကြည့်ရအောင်။

    သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေး

    ဒါမပြောခင် သားအိမ်ခေါင်း ကင်ဆာ အကြောင်း နည်းနည်း ပြောပြပါ့မယ်။

    • သားအိမ်ခေါင်း ကင်ဆာ ဘာကြောင့် ဖြစ်တာလဲ။

    သားအိမ်ခေါင်း ကင်ဆာဆိုတာက HPV လို့ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တာပါ။ လိင်ဆက်ဆံတဲ့ သူတိုင်း ဖြစ်နိုင်ပါတယ်။ ဒီထဲမှာမှ ဆက်ဆံဖော်များတဲ့သူတွေ၊ တခြား လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါ တစ်မျိုးမျိုးရှိတဲ့ သူတွေက ဖြစ်နိုင်ချေ ပိုများပါတယ်။

    HPV က သားအိမ်ခေါင်း ကင်ဆာအပြင် မိန်းမကိုယ်ကင်ဆာ၊ စအိုနဲ့ ဆက်ဆံသူမှာ ဆိုရင် စအိုကင်ဆာ၊ လိင်အင်္ဂါကြွက်နို့ စတာတွေ ဖြစ်နိုင်ပါတယ်။ ဒီတော့ ကာကွယ်ဆေးထိုးထားရင် သားအိမ်ခေါင်း ကင်ဆာအပြင် အပေါ်က ကင်ဆာတွေပါ ကာကွယ်နိုင်ပါတယ်။

    • ဘယ်လို ထိုးရမှာလဲ။

    နိုင်ငံတကာမှာတော့ ၁၁နှစ် ၁၂နှစ် (အပျိုဖော်ဝင်ချိန်)မှာ စထိုးနေကြပါပြီ။ ဒါပေမယ့် ၉နှစ်က စထိုးလည်း ရပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာတော့ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဥ်မှာ ထည့်ပြီး ၉နှစ်မှာ တစ်ကြိမ်၊ ၁၀နှစ်မှာ တစ်ကြိမ် ထိုးပေးနေပါပြီ။ ဒါကြောင့် ထိုးဖြစ်အောင် ထိုးလိုက်ပါ။

    ကာကွယ်ဆေးမထိုးရသေးတဲ့ သူတွေကတော့ ၂၆နှစ်အထိ ထိုးလို့ရပါတယ်။

    ၂၆နှစ်ကျော်သွားရင်တော့ ထိုးဖို့ကို သိပ်အားမပေးတော့ပါဘူး။ ဒါပေမယ့် အသက် ၂၇နှစ်နဲ့ ၄၅နှစ်ကြား ကာကွယ်ဆေးထိုးချင်တယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ရောဂါပိုးဝင်နိုင်ချေ၊ ကာကွယ်ဆေးထိုးရင် ရနိုင်မယ့် ကောင်းကျိုးတွေကို ချိန်ဆပါ။

    အဓိကက လိင်ဆက်ဆံပြီးသွားရင် ကာကွယ်ဆေးထိုးလည်း သိပ်မထူးတော့ပါဘူး။ HPVပိုး ဝင်သွားတယ်လို့ ယူဆလို့ပါ။ ဒါပေမယ့် ထိုးသင့် မထိုးသင့်ကတော့ ဆရာဝန်နဲ ပြန်တိုင်ပင်ပါ။

    ဒါဆိုရင် ကာကွယ်ဆေးမထိုးထားတဲ့ အိမ်ထောင်ရှင်မတိုင်း သားအိမ်ခေါင်း ကင်ဆာ ဖြစ်နေမှာပေါ့လို့ ပြောစရာရှိပါတယ်။ HPVပိုး ရှိတဲ့သူတိုင်းက သားအိမ်ခေါင်း ကင်ဆာ မဖြစ်ပါဘူး။

    ဒါပေမယ့် ဖြစ်လာရင် အသိနောက်ကျလို့ ရောဂါရင့်မှ သိကြတဲ့အတွက် အသေအပျောက်များပါတယ်။ အမျိုးသမီးတွေ သေဆုံးမှုများတဲ့ ကင်ဆာထဲမှာ ပါပါတယ်။ ဒါကြောင့် ကာကွယ်ဆေး ထိုးခိုင်းတာပါ။

    • ဘယ်နှခါ ထိုးရမှာလဲ။

    ဆေးပေါ် မူတည်ပြီး ၂ခါထိုးရတာ၊ ၃ခါထိုးရတာ စသဖြင့် ရှိပါတယ်။ ကာကွယ်ဆေးက မဖြစ်အောင်ဘဲ ကာကွယ်ပေးတာပါ။ ဖြစ်ပြီးတာကို မသက်သာစေပါဘူး။ ဒါကြောင့် လိင်ဆက်ဆံမှု မရှိသေးတဲ့အရွယ် ၉နှစ် ၁၀နှစ်မှာ ထိုးပေးတာပါ။

    နောက်ပြီး ကာကွယ်ဆေး ထိုးထားတာနဲ့ သားအိမ်ခေါင်းအချွဲ (pap smear) စစ်ဆေးတာကို မလုပ်ဘဲ မနေရပါဘူး။ ဆေးထိုးထားလည်း လုပ်ရမှာပါ။ မထိုးထားတဲ့ သူဆို ပိုတောင် သတိထားပြီး စစ်ဆေးရမှာပါ။ ဒါမှ စောစောသိပြီး စောစောကုနိုင်မှာပါ။

    ကင်ဆာ ကာကွယ်ဆေး များ

    အသည်းရောင် အသားဝါ ဘီပိုး ကာကွယ်ဆေး

    အသည်းရောင် အသားဝါ ဘီပိုးက သာမန်အသည်းရောင်တာက စပြီး ရုတ်တရက် အသည်း ပျက်စီးတာ၊ နာတာရှည် အသည်းရောဂါ၊ အသည်းကင်ဆာအထိ ဖြစ်နိုင်ပါတယ်။ ဒီလို မဖြစ်အောင် ကာကွယ်ဆေး ထိုးခိုင်းတာပါ။ သားအိမ်ခေါင်း ကာကွယ်ဆေးနဲ့ မတူတာက ဘယ်အရွယ်ပဲဖြစ်ဖြစ် ထိုးလို့ရပါတယ်။

    • ဘယ်သူတွေ ထိုးလို့ ရလဲ။

    သားအိမ်ခေါင်း ကာကွယ်ဆေးနဲ့ မတူတာက ဘယ်အရွယ်ပဲဖြစ်ဖြစ် ထိုးလို့ရပါတယ်။ လူတိုင်းထိုးလို့ ရပါတယ်။ ထိုးကို ထိုးသင့်တဲ့ သူတွေကတော့ လိင်ဆက်ဆံဖော်များတဲ့ သူတွေ၊ ကျန်းမာရေး လုပ်သားတွေ (ဆရာဝန်၊ သူနာပြု စသဖြင့်)၊ ဆီးချိုရှိတဲ့သူ၊ ခုခံအားကျ ရောဂါရှိတဲ့သူ၊ ကျောက်ကပ်ဆေးနေတဲ့ သူတွေ ကတော့ ထိုးသင့်ပါတယ်။

    • ဘယ်လို ထိုးရမှာလဲ။

    ဆေးပေါ် မူတည်ပြီး ၂ခါထိုး၊ ၃ခါထိုး ဆိုပြီး ရှိပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာတော့ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဥ်မှာ ထည့်ပြီး မွေးစ၊ ၂လ၊ ၄လနဲ့ ၆လမှာ ထိုးပေးနေပါပြီ။

    နောက်ပြီး ဒါက အသည်းကင်ဆာကို တိုက်ရိုက် ကာကွယ်ပေးတာ မဟုတ်ပါဘူး။ အသည်းကင်ဆာ ဖြစ်စေတဲ့ အသည်းရောင် အသားဝါ ဘီပိုး ကိုပဲ ကာကွယ်ပေးတာပါ။ တခြားကြောင့် ဖြစ်တဲ့ အသည်းကင်ဆာ (ဥပမာ အရက်၊ အသည်းရောင်အသားဝါ စီပိုး ) ကို မကာကွယ်နိုင်ပါဘူး။

    ပြန်ချုပ်ရမယ်ဆိုရင် ကာကွယ်ဆေးတွေက ကင်ဆာ ကို တိုက်ရိုက် ကာကွယ်ပေးတာ မဟုတ်ပါဘူး။ ကင်ဆာဖြစ်စေတဲ့ ပိုးကို ကာကွယ်ပေးတာပါ။ ပြီးတော့ ကာကွယ်ဆေးတွေရဲ့ ထုံးစံအတိုင်း ၁၀၀ရာခိုင်နှုန်း ကာကွယ်နိုင်တာ မရှိပါဘူး။ ဒါပေမယ့် ဖြစ်လာရင် အသေအပျောက်များတဲ့ ရောဂါတွေ ဖြစ်လို့ ကာကွယ်ထားနိုင်ရင် ကောင်းပါတယ်။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    စာရေးသူ ဓာတ်ပုံbadge
    Dr. Htet Htet Zaw Win မှ ရေးသားသည်။ 02/02/2022 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
    Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။
    Next article: