၁။ ခွဲစိတ်ကုသခြင်း (Surgery)
အစောပိုင်း ကင်ဆာအဆင့်တွေမှာ ဖြစ်နေတဲ့ အကျိတ်နဲ့ ကင်ဆာဆဲလ်ပျံ့နှံ့နေတဲ့ ပြန်ရည်ကြောကို ခွဲစိတ်ဖယ်ရှားခြင်းဖြစ်ပါတယ်။ တခြားထပ်ဆောင်းအနေနဲ့ ခံတွင်းနဲ့ လည်ပင်းမှာရှိနေတဲ့ တစ်သျှူးတချို့ကို ဖယ်ထုတ်ပစ်ရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။
၂။ ဓာတ်ရောင်ခြည် ကုထုံး (Radiation Therapy)
အစောပိုင်း ကင်ဆာအဆင့်အတွက် ကုသမှုနောက်တစ်မျိုးဖြစ်ပြီး ခွဲစိတ်အထူးကုဆရာဝန်ကိုယ်တိုင် ကင်ဆာအကျိတ်ကို ဓာတ်ရောင်ခြည်ပြပြီး ကုသပေးတာဖြစ်ပါတယ်။ ရောဂါကျွမ်းနေတဲ့အဆင့်မှာတော့ ကင်ဆာဆေးရည်သွင်းခြင်း (Chemotherapy) နဲ့ ဓာတ်ရောင်ခြည်ကုထုံး ၂မျိုးလုံးဖြင့် ကုသမှုခံယူဖို့ လိုအပ်ပါတယ်။
၃။ ကင်ဆာဆေးရည်သွင်းခြင်း (Chemotherapy)
ကင်ဆာဆဲလ်တွေကို သေစေတဲ့ ဆေးရည်ကို Intravenous (IV) သွေးကြောအတွင်း ထိုးသွင်းတဲ့ ကင်ဆာကုထုံးဖြစ်ပါတယ်။ ရောဂါအခြေအနေပေါ်မူတည်ပြီး ဆေးရုံတက်ပြီး ကုသမှုခံယူဖို့လည်း လိုအပ်နိုင်ပါတယ်။
၄။ ကင်ဆာဆဲလ်ပစ်မှတ်ထား ကုထုံး (Targeted Therapy)
ကင်ဆာအစောပိုင်းကာလမှာရော နှောင်းပိုင်းကာလမှာပါ အသုံးပြုနိုင်ပါတယ်။ အဓိက ကင်ဆာဆဲလ်တွေကိုသာ ပစ်မှတ်ထားပြီး တခြားနေရာကို ဆက်ပြီးမပျံ့ပွားစေဖို့၊ ဆက်မကြီးထွားလာစေဖို့ ထိန်းပေးထားတဲ့ သတ်မှတ်ထားတဲ့ ပရိုတင်းဆေးဝါးတွေနဲ့ ရောဂါကိုထိန်းချုပ်ပေးတဲ့ နည်းလမ်းပဲဖြစ်ပါတယ်။
၅။ အစာအာဟာရ ဂရုစိုက်ကျွေးမွေးခြင်း (Nutrition)
ကင်ဆာကုထုံး ကုသမှုခံယူနေစဉ်မှာ လူနာရဲ့ ကိုယ်ခံအားစနစ်ကို ကျမသွားစေဖို့၊ တခြားရောဂါတွေ ဝင်မလာစေဖို့နဲ့ ကျန်းမာစေဖို့၊ ကိုယ်တွင်းအင်္ဂါတွေကို ကောင်းစွာအလုပ်လုပ်နိုင်စေဖို့ အစာအာဟာရကို သေချာဂရုစိုက်ပြီး စားသုံးဖို့ လိုအပ်ပါတယ်။ ကင်ဆာကုထုံးသည် လူနာကို ခံတွင်းပျက်စေခြင်း၊ အစာစားရခက်ခဲစေခြင်း၊ ကိုယ်အလေးချိန်ကျစေတဲ့အတွက် လူနာအတွက် အဓိကစားပေးသင့်တဲ့ အစားအစာတွေကို ဆရာဝန်နဲ့ သေချာတိုင်ပင်ထားဖို့ လိုပါတယ်။
၆။ ခံတွင်းကို သန့်ရှင်းအောင်ထားခြင်း
ခံတွင်းကင်ဆာကို ကုသနေတဲ့အချိန်မှာ ကိုယ့်ရဲ့ခံတွင်းကို မသန့်ရှင်းဘဲ ဖြစ်ချင်ရာဖြစ် ပစ်ထားလို့မရပါဘူး။ သွားကို တစ်နေ့ ၂ကြိမ်သေချာတိုက်မယ်၊ သွားပွတ်ကြိုး၊ လျှာခြစ်တံ အသုံးပြုရပါမယ်။ ရေများများသောက်၊ အသီးအနှံ၊ ဟင်းသီးဟင်းရွက် များများစားပြီး ခံတွင်းကို ခြောက်မနေဘဲ စိုစွတ်နေစေဖို့နဲ့ သွားဖုံးသန့်ရှင်းနေစေဖို့ သေချာဂရုစိုက်ပေးရပါမယ်။
ခံတွင်းကင်ဆာသည် ကုသမှုခံယူနေစဉ်မှာရော၊ သက်သာသွားပြီးနောက်မှာပါ ဆရာဝန်နဲ့ အမြဲပြသနေပြီး ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေကို စစ်ဆေးနေဖို့ လိုအပ်ပါတယ်။ ကင်ဆာရောဂါရဲ့ ပြင်းထန်မှုနဲ့ သက်သာခြင်းသည် လူနာရဲ့ အသက်အရွယ်၊ ကျန်းမာရေး၊ ကိုယ်ခံအားစနစ်၊ ကင်ဆာကုထုံးပေါ် ခံနိုင်ရည်စွမ်း စတာတွေအပေါ် မူတည်ပြီး တစ်ယောက်နဲ့ တစ်ယောက်မတူညီပါဘူး။
ဒါကြောင့် စောစောသိလေ ကုသမှုအောင်မြင်နိုင်ခြေ ပိုများတဲ့အတွက် သွားဆရာဝန်နဲ့ ၆လတစ်ကြိမ် ပုံမှန်ပြသစစ်ဆေးပြီး ကိုယ့်ရဲ့ ခံတွင်းကျန်းမာရေးကို မျက်ခြေမပြတ်စောင့်ကြည့်တာ အကောင်းဆုံးပဲလို့ အကြံပေးလိုက်ချင်ပါတယ်။
အားလုံးပဲ ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။