backup og meta

သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးပြီးရင် ကင်ဆာဆက်စစ်ဖို့ လို၊ မလို

သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးပြီးရင် ကင်ဆာဆက်စစ်ဖို့ လို၊ မလို

သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးထားတာက တကယ်ကို ကောင်းပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ သားအိမ်ခေါင်းကင်ဆာကို အထိုက်အလျောက်ကာကွယ်ပေးနိုင်လို့ ထိုးကို ထိုးထားသင့်ပါတယ်။ တစ်ခုရှိတာက သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးထိုးပြီးပေမယ့်လည်း ဆရာဝန်တွေက သားအိမ်ခေါင်းကင်ဆာစစ်ဆေးမှုကို ပုံမှန်လုပ်ဖို့ တိုက်တွန်းလေ့ရှိပါတယ်။ ဒါက ဘာကြောင့်များပါလဲ။

သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးပြီးတာတောင် ဆေးစစ်ဖို့က လိုသေးတာလား။

ကာကွယ်ဆေး ထိုးပြီးပေမယ့်လည်း ဆေးစစ်ဖို့က လိုပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ အောက်ပါအချက်တွေကြောင့်ပါပဲ။

  • သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေတာက HPVလို့ ခေါ်တဲ့ လိင်အင်္ဂါကြွက်နို့ဖြစ်စေတဲ့ ဗိုင်းရပ်စ်တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ HPVက သားအိမ်ခေါင်းကင်ဆာကို ဖြစ်စေတဲ့ အဖြစ်များဆုံး အကြောင်းရင်း တစ်ခုပါ။ သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ခြေ မြင့်စေတဲ့ အကြောင်းရင်းတွေထဲမှာ ဆေးလိပ်သောက်တာ၊ တားဆေးတွေကို ကြာရှည်စွဲသောက်တာ၊ လိင်ဆက်ဆံတာ စတာတွေလည်း ပါပါတယ်။ ဒါကြောင့် ကာကွယ်ဆေးထိုးထားရုံနဲ့ မလုံလောက်ပါဘူး။
  • ကာကွယ်ဆေးတွေက HPV ဗိုင်းရပ်စ်အကုန်ကို မကာကွယ်ပေးနိုင်ပါဘူး။ HPV ဗိုင်းရပ်စ်က အမျိုးပေါင်း ၂၀၀ကျော်ရှိပြီး အဖြစ်များတဲ့ ပိုးက ၁၄မျိုး ရှိပါတယ်။ နောက်ဆုံးထွက်ထားတဲ့ Nonvalent vaccine တောင်မှ ၉မျိုးပဲ ကာကွယ်ပေးနိုင်တာပါ။ ဒီမှာ အထိုးများတာက ၄မျိုးပဲ ကာကွယ်ပေးနိုင်တဲ့ Quadrivalent vaccineပါ။ တခြားကျန်တဲ့ ပိုးတွေကလည်း ရှားရှားပါးပါး ကင်ဆာဖြစ်သွားနိုင်ပါတယ်။
  • တချို့က လိင်ဆက်ဆံပြီးမှ ကာကွယ်ဆေးထိုးထားတာတွေ ရှိပါတယ်။ လိင်ဆက်ဆံထားတယ်ဆိုရင် HPVဗိုင်းရပ်စ် ကူးစက်နိုင်ခြေရှိပါတယ်။ ကာကွယ်ဆေးတွေက ကူးပြီးသား ဗိုင်းရပ်စ်ကိုတော့ ဘာမှလုပ်မပေးနိုင်ပါဘူး။

ဒီလိုဆို ကာကွယ်ဆေး မထိုးသင့်တော့ဘူးလား။

မဟုတ်ပါဘူး။ ကာကွယ်ဆေးထိုးထားပေမယ့် ဆေးစစ်ရမယ်ဆိုတာက ကာကွယ်ဆေးတွေက မစွမ်းလို့ မဟုတ်ပါဘူး။ ကာကွယ်ဆေးတွေက စွမ်းပါတယ်။ ထိထိရောက်ရောက်လည်း ကာကွယ်နိုင်ပါတယ်။

ကာကွယ်ဆေးတွေက သားအိမ်ခေါင်းကင်ဆာမဖြစ်အောင် ၉၀ရာခိုင်နှုန်းလောက်ထိ ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့ပြင် HPVဗိုင်းရပ်စ်ကြောင့် ဖြစ်လာနိုင်တဲ့ မွေးလမ်းကြောင်းနဲ့ မိန်းမကိုယ်ကင်ဆာတွေ၊ စအိုကင်ဆာတွေ၊ လိင်အင်္ဂါကြွက်နို့တွေ မဖြစ်အောင်လည်း အထိုက်အလျောက်ကာကွယ်ပေးနိုင်ပါတယ်။

ဒါကြောင့် ကာကွယ်ဆေးတွေက ထိုးထားသင့်ပါတယ်။ ဆေးစစ်တယ်ဆိုတာက ကျန်တဲ့ ဖြစ်နိုင်တဲ့အချက်တွေကို လွတ်မသွားစေချင်လို့ ထပ်ဆောင်းကာကွယ်တဲ့ သဘောပဲ ဖြစ်ပါတယ်။

ဒါဆို ဘယ်လို စစ်ဆေးကြမလဲ။

စစ်ဆေးတာကတော့ တခြားအမျိုးသမီးတွေလို အတူတူပဲ ဖြစ်ပါတယ်။ 2020 ACS guidelines အရဆိုရင်

သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးပြီးပြီဖြစ်စေ၊ မထိုးရသေးဘူးဖြစ်စေ အသက် ၂၅နှစ်ကနေ စစစ်သင့်ပါတယ်။

  • ၂၅နှစ်ကနေ ၆၅နှစ်အတွင်း အမျိုးသမီးတွေက

HPV test ကို ၅နှစ်တစ်ခါ စစ်ရပါမယ်။ HPV test မရရင်တော့ ၃နှစ်တစ်ခါ Pap test စစ်ချင်စစ် ဒါမှမဟုတ် ၅နှစ်တစ်ခါ HPV/Pap cotest ကို စစ်နိုင်ပါတယ်။  ၅နှစ်တစ်ခါ၊ ၃နှစ်တစ်ခါ ဆိုပေမယ့် အဖြေမှာ ပုံမှန်မဟုတ်တာတွေ့ရင် ခပ်စိပ်စိပ်လေး စစ်ဖို့ လိုပါတယ်။

  • ၆၅နှစ်ကျော်သွားရင်တော့ ရှေ့အဖြေတွေကောင်းတယ်ဆိုရင် ဆက်မစစ်တော့ပါဘူး။

HPV testဆိုတာ သားအိမ်ခေါင်းအချွဲကနေ HPVဗိုင်းရပ်စ်ကို ရှာတာပါ။ Pap testဆိုတာကတော့ သားအိမ်ခေါင်းအချွဲကနေ ပုံမှန်မဟုတ်တဲ့၊ ကင်ဆာပြောင်းနိုင်တဲ့ ဆဲလ်တွေ ပါမပါ ရှာတာပါ။ HPV/Pap cotest ကတော့ ၂မျိုးပေါင်း စစ်တာပါ။

သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ကို ဘယ်လိုထိုးကြမလဲ။ 

သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ကို အသက် ၉နှစ်ကစပြီး ထိုးနိုင်ပါတယ်။ အမျိုးသမီးရော၊ အမျိုးသားပါ ထိုးလို့ရတယ်ဆိုပေမယ့် အမျိုးသမီးတွေကိုပဲ ဦးစားပေးပြီး ထိုးပေးပါတယ်။ မြန်မာနိုင်ငံအနေနဲ့တော့ ၄မျိုးစပ်ကာကွယ်ဆေး Quadrivalent vaccine ထိုးကြတာများပါတယ်။

အသက်၄၅နှစ်အထိ ထိုးလို့ရတယ် ဆိုပေမယ့် ၂၇နှစ်နဲ့ ၄၅နှစ်ကြားဆိုရင်တော့ သားဖွားမီးယပ်ဆရာဝန်နဲ့ ပြန်တိုင်ပင်သင့်ပါတယ်။ အထူးသဖြင့် ဒီအရွယ်တွေက အိမ်ထောင်ကျပြီးသား၊ လိင်ဆက်ဆံမှု ရှိပြီးသားဆိုရင် ကောင်းကျိုး သိပ်မရမှာ စိုးလို့ပါ။ ဒီတိုင်း ထိုးမယ်ဆိုရင်လည်း ထိုးနိုင်ပါတယ်။ လူနာမှာ ကျန်းမာရေးအရ ထိခိုက်တာမျိုးတော့ မရှိပါဘူး။

သားအိမ်ခေါင်းကာကွယ်ဆေးက ထိုးထားသင့်တဲ့ ကာကွယ်ဆေးပါ။ ကာကွယ်ဆေးထိုးထားပြီးပေမယ့်လည်း ထပ်ဆောင်းကာကွယ်မှုရအောင် သားအိမ်ခေါင်းကင်ဆာစစ်ဆေးမှုကို ပုံမှန်လုပ်ပေးဖို့ တိုက်တွန်းချင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.cancer.gov/about-cancer/causes-prevention/risk/infectious-agents/hpv-and-cancer

https://www.cancer.gov/news-events/cancer-currents-blog/2020/cervical-cancer-screening-hpv-test-guideline

https://www.cancer.org.au/cervicalscreening/i-am-over-25/do-i-need-the-test/what-if-i-am-already-vaccinated

https://www.cancervic.org.au/preventing-cancer/attend-screening/cervical-screening

https://news.cancerresearchuk.org/2020/10/01/hpv-vaccine-reduces-cervical-cancer-risk/

https://www.jostrust.org.uk/information/cervical-screening/primary-hpv-testing

ယခုပုံစံ

25/01/2024

Written by Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သားဆက်ခြားခြင်းနဲ့ သားအိမ်ခေါင်းကင်ဆာတို့ကြားက ဆက်စပ်မှု

သားအိမ်ခေါင်းကင်ဆာစစ်ဆေးခြင်း နှင့် အမေးအများဆုံးမေးခွန်းများ


Written by

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် · HHG


25/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement