backup og meta

နို့ဂလင်းဆဲလ်များ ပုံမမှန်ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဓိပ္ပါယ်ဖွင့်ဆိုချက်

    နို့ဂလင်းဆဲလ်များပုံမမှန်ခြင်းဆိုတာ ဘာလဲ။

    ရင်သားအတွင်းပိုင်းတစ်နေရာက နို့ဂလင်းတွေထဲ ပုံမမှန်ဆဲလ်တွေ ဖြစ်ပေါ်တဲ့ အခြေအနေကို ဆေးပညာအရ lobular carcinoma in situ (LCIS) လို့ ခေါ်ပါတယ်။ LCIS ဟာ ကင်ဆာမဟုတ်ပေမယ့် ရင်သားကင်ဆာဖြစ်ပွားနိုင်ချေကို ပိုမိုမြင့်တက်စေပါတယ်။

    LCIS ကို mammogram မှာ တွေ့ရမှာမဟုတ်ဘဲ သံသယဖြစ်ဖွယ် ရင်သားအကျိတ်ပေါ်ခြင်း၊ mammogram ရိုက်ပြီး ပုံမှန်အဖြေမထွက်ခြင်း စတဲ့ အခြားအကြောင်းပြချက်တစ်ခုခုကြောင့် ရင်သားအသားစယူစစ်ဆေးရာကနေ တွေ့ရှိကြတာများပါတယ်။

    LCIS ရှိတဲ့သူတွေမှာ ခန္ဓါကိုယ်အတွင်းပိုင်းအထိ ထိုးဖောက်ပျံ့ပွားနိုင်တဲ့ ရင်သားကင်ဆာဖြစ်ပွားနိုင်ချေ ပိုများတဲ့အတွက် သင့်မှာ ဒီရောဂါရှိနေကြောင်း အဖြေရှာအတည်ပြုနိုင်ခဲ့ရင် ရင်သားကင်ဆာစစ်ဆေးမှုတွေပါ ဆက်လက်ပြုလုပ်ဖို့နဲ့ ရင်သားကင်ဆာဖြစ်နိုင်ချေကို လျော့ချပေးမယ့် ကုသမှုတွေခံယူဖို့ သင့်ဆရာဝန်က အကြံပြုနိုင်ပါတယ်။

    နို့ဂလင်းဆဲလ်များပုံမမှန်ခြင်းဟာ ဘယ်လောက်ထိ အဖြစ်များသလဲ။

    ဒီရောဂါဟာ အဖြစ်များတဲ့ရောဂါတစ်ခု မဟုတ်ပါဘူး။ အသက် ၄၀နဲ့ ၅၀ ကြား မီးယပ်သွေးဆုံးခါနီး အမျိုးသမီးတွေမှာ အများဆုံးတွေ့ရတတ်ပြီး ဒီရောဂါရှိသူအားလုံးရဲ့ ၁၀ရာခိုင်နှုန်းအောက်ကသာ မီးယပ်သွေးဆုံးပြီးသူတွေဖြစ်ကြောင်း တွေ့ရှိရပါတယ်။ အမျိုးသားတွေမှာတော့ LCIS မဖြစ်သလောက် ရှားပါတယ်။ အချက်အလက်များထပ်မံသိရှိဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

    ရောဂါလက္ခဏာများ

    နို့ဂလင်းဆဲလ်များပုံမမှန်ခြင်းရဲ့ ရောဂါလက္ခဏာတွေက ဘာတွေလဲ။

    ဒီရောဂါဟာ ရောဂါလက္ခဏာထူးထူးခြားခြား ပြလေ့မရှိဘဲ ရင်သားအကျိတ် ဒါမှမဟုတ် mammogram မှာ ကယ်လ်ဆီယမ်အနည်ကျတဲ့လက္ခဏာလို မူမမှန်တဲ့လက္ခဏာတွေ ပြသမှုကြောင့် အသားစယူစစ်ဆေးရာကနေ ရောဂါရှိနေမှန်း အမှတ်မထင်တွေ့ရှိကြတာ များပါတယ်။

    အထက်မှာဖော်ပြထားတဲ့အထဲမှာမပါဝင်တဲ့ အခြားသောလက္ခဏာတွေလည်း ရှိနိုင်ပါသေးတယ်။ တကယ်လို့ကိုယ့်ဆီမှာ ရောဂါလက္ခဏာတစ်ခုခုများ ရှိနေမလားဆိုပြီး စိုးရိမ်နေမယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါသလဲ။

    သင့်ရင်သားမှာ အလုံးအကျိတ်ပေါ်ခြင်း၊ အရေပြားချိုင့်ဝင်ခြင်း၊ အရေပြားပုံမမှန်ခြင်း၊ အရေပြားအောက်တွင် မာမာထူထူဖြစ်နေခြင်း၊ နို့သီးခေါင်းမှ အရည်ထွက်ခြင်း စတဲ့ လက္ခဏာတစ်စုံတစ်ရာ သတိပြုမိရင် သင့်ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။

    ရင်သားကင်ဆာစစ်ဆေးမှု ပြုလုပ်ဖို့ လိုအပ်ခြင်းရှိမရှိဆိုတာနဲ့ အချိန်ဘယ်လောက်ကြာရင်တစ်ခါ စစ်ဆေးသင့်တယ်ဆိုတာ သင့်ဆရာဝန်ကို မေးမြန်းပါ။ ပညာရှင်အများစုကတော့ အသက် ၄၀အရွယ်ကနေစတင်ပြီး ရင်သားကင်ဆာစစ်ဆေးမှု ပုံမှန်ပြုလုပ်ဖို့ အကြံပြုထားပါတယ်။ သင့်အတွက် အကောင်းဆုံးဖြစ်မယ့်နည်းလမ်းကို သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပါ။

    အကြောင်းရင်းများ

    ဘာတွေက နို့ဂလင်းဆဲလ်များပုံမမှန်ခြင်း ဖြစ်ပွားစေသလဲ။

    LCIS ဖြစ်ပွားစေတဲ့အကြောင်းအရင်းကို တိတိကျကျ မသိရသေးပါဘူး။ ရင်သားအတွင်းပိုင်းက နို့ရည်ထုတ်လုပ်တဲ့ နို့ဂလင်းဆဲလ်တွေ မျိုးဗီဇဖောက်ပြန်မှုကြောင့် ပုံမမှန်ဖြစ်ပြီး LCIS ဖြစ်လာရတယ်လို့ပဲ သိရှိထားပါတယ်။ အဆိုပါပုံမမှန်ဆဲလ်တွေဟာ မူလဖြစ်ပေါ်တဲ့ဂလင်းမှာသာ ပုံသေရှိနေပြီး အနီးအနားက ရင်သားတစ်ရှူးထဲ ထိုးဖောက်ပျံ့နှံ့ခြင်း မရှိပါဘူး။

    အထက်မှာပြောခဲ့သလိုပဲ ဒီရောဂါဟာ ကင်ဆာမဟုတ်သလို ပုံမမှန်တဲ့နို့ဂလင်းတွေကနေ ကင်ဆာအဖြစ်ပြောင်းလဲသွားမှာလည်း မဟုတ်ပါဘူး။ ဒါပေမယ့် ဒီရောဂါရှိသူတွေမှာ အတွင်းပိုင်းထဲအထိ ထိုးဖောက်ပျံ့နှံ့နိုင်တဲ့ ရင်သားကင်ဆာဖြစ်လာနိုင်ချေ များပါတယ်။

    LCIS ရှိသူအမျိုးသမီးတွေရဲ့ ၂၀ရာခိုင်နှုန်း တနည်အားဖြင့် လူ၁၀၀မှာ အယောက် ၂၀ဟာ ရင်သားကင်ဆာဖြစ်ဖို့ အလားအလာရှိပြီး ကျန်လူ၈၀မှာတော့ ကင်ဆာဖြစ်နိုင်ချေ နည်းပါတယ်။ ယေဘုယျအားဖြင့် ခြုံပြောရရင် အမျိုးသမီးအားလုံးရဲ့ ၁၂ရာခိုင်နှုန်း (၁၀၀မှာ ၁၂ယောက်) ဟာ သူတို့ရဲ့ဘဝသက်တမ်းတလျှောက် ရင်သာကင်ဆာဖြစ်နိုင်ချေ ရှိပါတယ်။

    လူတစ်ဦးချင်းစီအလိုက် ရင်သားကင်ဆာဖြစ်ပွားနိုင်ချေဟာ အကြောင်းအချက်များစွာအပေါ် မူတည်နေတဲ့အတွက် အသေးစိတ်သိရှိလိုပါက သင့်ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပါ။

    ဖြစ်ပွားနိုင်ချေကို မြင့်စေသည့် အကြောင်းရင်းများ

    ဘယ်အရာတွေက နို့ဂလင်းဆဲလ်များပုံမမှန်ခြင်း ဖြစ်ပွားနိုင်ချေကို မြင့်စေသလဲ။

    နို့ဂလင်းဆဲလ်များပုံမမှန်ခြင်း ဖြစ်ပွားနိုင်ချေကိုမြင့်စေတဲ့အကြောင်းရင်းတွေ

    အများကြီးရှိပါတယ်။ ဥပမာအားဖြင့်

    မိသားစုဝင်များထဲ ရင်သားကင်ဆာရှိခြင်း – သင့်ဆွေမျိုးနီးစပ်တစ်ဦးဦးမှာ ရင်သားကင်ဆာရှိနေရင်/ ရှိခဲ့ရင် သင့်မှာ LCIS ဖြစ်နိုင်ချေများပါတယ်။

    မီးယပ်သွေးဆုံးပြီး ဟော်မုန်းကုထုံးခံယူနေရခြင်း – မီးယပ်သွေးဆုံးကိုင်ဝေဒနာတွေ သက်သာပျောက်ကင်းစေဖို့ ၃နှစ်ကနေ ၅နှစ်အထိ ဟော်မုန်းကုထုံး ခံယူရသူအမျိုးသမီးတွေမှာ LCIS ဖြစ်ဖို့ အလားအလာများပါတယ်။

    အသက် ၄၀ကျော်အမျိုးသမီးများ – LCIS ဟာ အဖြစ်နည်းတဲ့ရောဂါတစ်ခုလို့ ဆိုနိုင်ပေမယ့် သွေးမဆုံးသေးတဲ့ အသက်၄၀စွန်းစွန်း အမျိုးသမီးတွေမှာ အဖြစ်အများဆုံး ဖြစ်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ သွေးဆုံးပြီးသူ အမျိုးသမီးတွေမှာ ဖြစ်ပွားမှုပိုမိုမြင့်တက်လာပြီ ဖြစ်ပါတယ်။

    ရောဂါအဖြေရှာခြင်းနှင့် ကုသခြင်း

    ယခုဖော်ပြထားသည့် အချက်အလက်များမှာ ဆေးပညာဆိုင်ရာကျွမ်းကျင်သူ၏ အကြံပေးချက်များနေရာတွင် အစားထိုးရန် မသင့်တော်ပါ။ ဆက်လက်သိရှိလိုသော အချက်အလက်များအတွက် သင့်ရဲ့ဆရာဝန်နဲ့ အမြဲတိုင်ပင်ဆွေးနွေးပါ။

    နို့ဂလင်းဆဲလ်များပုံမမှန်ခြင်းဟုတ်မဟုတ်ကို ဘယ်လိုအဖြေရှာအတည်ပြုသလဲ။

    ရင်သားတစ်ရှူးနမူနာကို အသားစယူပြီး ဓါတ်ခွဲခန်းမှာ စစ်ဆေးခြင်းအားဖြင့် LCIS ဟုတ်မဟုတ်ကို အဖြေရှာအတည်ပြုနိုင်ပါတယ်။ LCIS ရှိသူတွေမှာ သိသာထင်ရှားတဲ့ ရင်သားအလုံးအကျိတ် စမ်းမိမှာမဟုတ်သလို mammogram မှာလည်း ပြောင်းလဲမှုတစ်စုံတစ်ရာ တွေ့ရမှာမဟုတ်ပါဘူး။ အခြားရင်သားပြဿနာတစ်ခုခုကြောင့် အသားစယူစစ်ဆေးရာကနေ LCIS ရှိနေမှန်း အမှတ်မထင်တွေ့ရှိကြတာ များပါတယ်။

    နို့ဂလင်းဆဲလ်များပုံမမှန်ခြင်းကို ဘယ်လိုကုသလဲ။

    များသောအားဖြင့် LCIS အတွက် ကုသမှုခံယူစရာ မလိုပါဘူး။ ရင်သားတစ်ရှူးကို အပ်နဲ့အသားစယူစစ်ဆေးရင်း LCIS တွေ့ရတဲ့ အချို့အခြေအနေတွေမှာတော့ LCIS အပြင် အခြားရောဂါတွေရှိမရှိ သိရအောင် ၎င်းတစ်ရှူးတွေအားလုံးကို ခွဲစိတ်ဖယ်ရှားဖို့ သင့်ဆရာဝန်က အကြံပြုနိုင်ပါတယ်။ အထူးသဖြင့် ကြီးထွားပျံ့ပွားနိုင်ချေပိုများတဲ့ pleomorphic အမျိုးအစား LCIS (ဆဲလ်အရွယ်အစား၊ အရောင်၊ ပုံသဏ္ဍာန်၊ နယူကလီးယပ်စ် စသည်တို့ မတူညီခြင်း) နဲ့ ဆဲလ်သေတွေရှိနေတဲ့ LCIS အမျိုးအစားတွေအတွက် ခွဲစိတ်ကုသမှု ခံယူဖို့ လိုအပ်နိုင်ပါတယ်။

    လူနေမှုပုံစံပြောင်းလဲခြင်းနှင့် အိမ်သုံးကုထုံးများ

    လူနေမှုပုံစံပြောင်းလဲခြင်းနဲ့

    အိမ်သုံးကုထုံးတွေအသုံးပြုခြင်းက နို့ဂလင်းဆဲလ်များပုံမမှန်ခြင်းကို ကုသရာမှာ ဘယ်လိုအထောက်အကူပြုနိုင်မလဲ။

    အောက်ဖော်ပြပါ လူနေမှုပုံစံများနဲ့ အိမ်သုံးကုထုံးများက သင့်အနေဖြင့် နို့ဂလင်းဆဲလ်များပုံမမှန်ခြင်းကိုကုသတဲ့နေရာမှာနဲ့ လိုက်လျောညီထွေဖြစ်အောင် နေတဲ့နေရာတွေမှာ အကူအညီပေးနိုင်ပါတယ်။

    အယ်လ်ကိုဟောအသင့်အတင့်သောက်သုံးပါ – အကယ်၍သင့်မှာ ယမကာမှီဝဲတဲ့ အလေ့အထရှိတယ်ဆိုရင် တစ်နေ့ကို အယ်လ်ကိုဟော ၁ယူနစ် သောက်သုံးနိုင်ပါတယ်။

    ကိုယ်လက်လေ့ကျင့်ခန်း များများလုပ်ပါ – တတ်နိုင်သမျှ တစ်နေ့ကို အနည်းဆုံး မိနစ် ၃၀ခန့် ကိုယ်လက်လေ့ကျင့်ခန်း ပြုလုပ်ပါ။ လတ်တလော ကိုယ်လက်လှုပ်ရှားမှု မလုပ်ဖြစ်သူတွေအနေနဲ့ လေ့ကျင့်ခန်းလုပ်ဖို့ သင့်တော်ခြင်းရှိမရှိ ဆရာဝန်ကို မေးမြန်းပြီး ဖြည်းဖြည်းချင်း အလေ့အကျင့်ရယူနိုင်ပါတယ်။

    ကိုယ်အလေးချိန်ထိန်းပါ – သင့်လက်ရှိကိုယ်အလေးချိန်က ပုံမှန်ပဲဆိုရင် ၎င်းကိုယ်အလေးချိန်ကို ဆက်လက်ထိန်းသိမ်းနိုင်အောင် ကြိုးစားပါ။ ကိုယ်အလေးချိန် လျော့ချဖို့လိုအပ်နေရင်လည်း သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ပြီး သင်နဲ့သင့်တော်မယ့်နည်းလမ်းတွေကို အဖြေရှာပါ။ နေ့စဉ်စားသုံးတဲ့ ကယ်လိုရီပမာဏကို လျော့ချပြီး ကိုယ်လက်လေ့ကျင့်ခန်း ဖြည်းဖြည်းချင်း တိုးပြီးလုပ်သွားပါ။ တစ်ပတ်ကို ၁ပေါင်မှ ၂ပေါင် (ဝ.၅ ကီလိုဂရမ် မှ ၁ ကီလိုဂရမ်) အထိ ဖြည်းဖြည်းမှန်မှန် လျော့ချနိုင်အာင် ကြိုးစားပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 11/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement