backup og meta

လေဖြတ်တယ်ဆိုတာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 18/12/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လေဖြတ်တယ်ဆိုတာ

    မြန်မာလို အလွယ်ပြောနေကြတဲ့ လေဖြတ်တယ်ဆိုတာ ဘယ်လိုဖြစ်လာသလဲဆိုတော့ မြန်မာအယူက ဝါယောဓာတ် အထောက်အပံ့ကြောင့် ကိုယ်တွေလက်တွေ လှုပ်ရှားနိုင်တယ် ဆိုပြီး ယူဆကြတဲ့အတွက်  မလှုပ်နိုင်တော့အခါ ဝါယောဓာတ် အထောက်အပံ့ ရပ်သွားပြီမို့ လေဖြတ်တယ်လို့ သိမ်းကြုံးပြီး ပြောကြတာပါပဲ။ ဒါကို အနောက်တိုင်းဆေးပညာမှာ ဘယ်လို သတ်မှတ်သလဲ လေ့လာကြည့်ရအောင်။

    အနောက်တိုင်းဆေးပညာ အယူမှာတော့ ကိုယ်လက်လှုပ်ရှားမှုကို ဦးနှောက်နဲ့ အာရုံကြောအဖွဲ့အစည်းက ထိန်းချုပ်တာဖြစ်လို့ မလှုပ်နိုင်တော့တဲ့အခါ ဦးနှောက်အာရုံကြောရောဂါလက္ခဏာစု ဆိုပြီး အကြမ်းဖျင်း ယူဆကြပါတယ်။ အဲ့ဒီမှာမှ အကြောင်းအရင်းကို လိုက်ပြီး အမျိုးအစား အများကြီး ပြန်ခွဲပါတယ်။ အခုပြောပြမယ့် အကြောင်းအရာကတော့ မြန်မာတွေ လေဖြတ်တယ် ဆိုပြီး အသိများကြတဲ့  CVA (CardioVascular Accident ) အကြောင်းပါပဲ။ သူ့ရဲ့ ဆိုလိုရင်းကတော့ ဦးနှောက်ကြွက်သားတွေ ပုံမှန်လုပ်ငန်းဆောင်တာ လုပ်နေနိုင်အောင် အထောက်အပံ့ပေးနေတဲ့ သွေးကြောကြီးငယ်တွေမှာ ပြဿနာ ဖြစ်တာပါ။ ဘာပြဿနာ တွေလဲ ဆိုတော့ ဦးနှောက်သွေးကြော ပိတ်တာ နဲ့ ဦးနှောက်သွေးကြော ပေါက်တာ ဆိုတဲ့  ပြဿနာ ၂ မျိုးပါ ။ ဒီပြဿနာ ၂ မျိုးကြောင့်ဖြစ်လာမယ့် စကားမပြောနိုင်တာ၊ ပါးစပ်ရွဲ့တာ၊ ခြေလက်တွေမလှုပ်နိုင်တာ ကနေစလို့ တက်တာ၊ သတိလစ်တာ၊ မြောတာ နဲ့ အသက်ဆုံးသည် အထိ အန္တရာယ်ရှိတဲ့ ရောဂါလက္ခဏာစုကိုပဲ မြန်မာလို လေဖြတ်တယ် ဆိုပြီး ပြောနေကြတာပါပဲ။ ဒီလို အဓိကပြဿနာ ၂ မျိုး ဖြစ်လာစေရတဲ့ အဓိက အကြောင်းအရင်းကြီး ၃ မျိုးရှိပါတယ်။  နှလုံးအခံ မကောင်းလို့ ဖြစ်တာရှိမယ်၊ သွေးကြော မကောင်းလို့ ပြဿနာဖြစ်တာရှိမယ် ၊ သွေး မကောင်းလို့ ပြဿနာဖြစ်တာရှိမယ်။ သည်အကြောင်း ၃ ခု စုံတာနဲ့ ပြသာနာတွေ စတာပါပဲ။   ကဲ … ဒီအကြောင်းကို အသေးစိတ်ပြန်လေ့လာကြည့်ရအောင်။

    လူအများစုမှာ ပြဿနာအစက သွေးတွင်း အဆီဓာတ်တက်နေတဲ့ အချိန်ပါပဲ။ များသောအားဖြင့် အဝလွန်သူတွေ၊ သွေးတိုးဆီးချိုသမားတွေပေါ့ ( သွေးတွင်းအဆီများနေတာကိုက သွေးတိုးဆီးချိုဖြစ်ဖို့ လမ်းစတွေထဲက တစ်ခုကိုး)။ အဆီတွေများသထက်များလာတဲ့ အခါ သွေးကြောနံရံတွေမှာ သွားပုံတော့တာပဲ။ စည်ပင်ရေဆိုးပိုက်တွေ ချေးဆို့သလိုပေါ့။ အဲ့သည်လိုကနေ ခန္ဓာကိုယ်နေရာအနှံ့မှာ သွေးကြောတွေကျဉ်းတာ ဖြစ်လာတော့တာပါပဲ။ ပြီးတော့ သွေးလည်ပတ်စီးဆင်းမှုရဲ့ သဘာဝလုပ်ငန်းစဥ်အရ သွေးဆိုတာ သွေးကြောထဲမှာ/နှလုံးထဲမှာ ကျဲနေဖို့ လိုတယ်။ သွေးကြော/နှလုံးပြင်ပရောက်တာနဲ့ သွေးက ခဲဖို့ တာစူတာပဲ ။ ဒီလိုဖြစ်နေဖို့ကို သွေးဆဲလ်တွေရဲ့ သဘာဝမှတ်ဉာဏ် က လုပ်ပေးနေတယ်လို့ အကြမ်းဖျင်းမှတ်ထားလို့ရတယ်။ အဲဒီမှာ ခုနက အဆီဖုံးနေတဲ့ သွေးကြောနံရံနေရာတွေ၊ လေးဖက်နာ ရောဂါပိုးကြောင့် နှလုံးအဆို့ရှင်ပုံပျက်နေတဲ့ နေရာတွေ( တခြားအကြောင်းအရင်းကြောင့် နှလုံးပုံမမှန်တာ၊ နှလုံးအခံ မကောင်းတာတွေလည်းအများကြီးရှိနေပါသေးတယ်)၊ ကျဉ်းနေတဲ့ နှလုံးသွေးကြောနေရာတွေ ရောက်တော့ သွေးဆဲလ်တွေရဲ့ သဘာဝမှတ်ဉာဏ်က ဒါ သွေးကြောအတွင်းလား အပြင်လား၊ နှလုံးအထဲမှာလား အပြင်လား သေချာမခွဲနိုင်တော့ဘူး။ အရင်ထိတွေ့နေကျ သွေးကြောနံရံ/ နှလုံးကြွက်သားနဲ့ မတူတော့ အပြင်ရောက်နေပြီထင်သွားပြီး သွေးခဲတဲ့ အလုပ်ကို စလုပ်ရော။ များလာတဲ့အခါမှာတော့ သွေးခဲပိတ်တယ်ဆိုတဲ့ ဖြစ်စဥ် စလာတာပါပဲ (အဆီကြောင့်မဟုတ်ဘဲ ကိုယ့်ရဲ့သွေးကိုက သွေးရောဂါတစ်မျိုးမျိုးကြောင့် ပျစ်ခဲနေနိုင်တဲ့ အခြအနေမျိုးလည်း ရှိပါသေးတယ်)။ သွေးခဲဟာ ခန္ဓာကိုယ် အနှံ့က သွေးကြော ကြီးငယ်ထဲမှာလည်း ဖြစ်ပေါ်နိုင်တယ်၊ နှလုံးအခန်းတွေထဲမှာလည်းဖြစ်နိုင်တယ်။ အဆိုးဆုံးကတော့  နှလုံးကို သွေးထောက်ပံ့နေတဲ့ သွေးကြောကြီးငယ်တွေမှာ သွားပိတ်တာမျိုးပေါ့ ။ နဂိုထဲက အဆီတွေကြောင့်ကျဉ်းနေပြီးသား သွေးကြောဆိုရင်တော့ သာပြီးဆိုးမှာပါပဲ။ နှလုံးကိုယ်တိုင်ကလည်း ကြွက်သားအစုအဝေး အင်္ဂါတစ်ခု ဖြစ်တာမို့ အလုပ်လုပ်နိုင်ဖို့ သွေးအထောက်အပံ့ လိုတယ်။ သွေးမလာရင် နှလုံးကြွက်သားဟာလည်း ပုပ်နိုင်တယ်။ ပုပ်တာများလာရင် အလုပ်မလုပ်နိုင်တော့ဘူး။ အဲဒီ့မှာ နှလုံး မကောင်းဘူးဆိုတဲ့ကိစ္စ ဖြစ်လာပြီ။ မညှစ်နိုင်တာ၊ ခုန်နှုန်းမမှန်တာ စတာတွေ ဆက်တိုက်ဆိုသလို ဖြစ်လာတော့မှာပါပဲ။

    ခုနပြောတဲ့ သွေးခဲမျိုးတွေက ဦးနှောက်ရဲ့ သွေးကြောထဲမှာလည်း သွားဖြစ်နိုင်၊ ဆို့နိုင်တယ်။ နှလုံးခန်းထဲက ပြုတ်ထွက်လာတဲ့ သွေးခဲ အပိုင်းအစလေးကလည်း ဦးနှောက်သွေးကြောတစ်ခုခု ထဲမှာ လာဆို့နိုင်တယ်။ အို…. ဘယ်နေရာက သွေးခဲဖြစ်ဖြစ်ပါ… လာပိတ်တာနဲ့ ဒါကို ဦးနှောက်သွေးကြောပိတ်တယ်လို့ ပြောတာပဲ။ ဦးနှောက်က သွေးကြောတွေက ခပ်သေးသေးရယ်မို့ သွေးခဲ လာဆို့တာနဲ့ သွေးအသွားအလာရပ်သွားပြီပဲ။

    အဲ့ဒီ့သွေး‌‌ကြောကနေ အောက်ဆီဂျင်နဲ့ အာဟာရဓါတ်တွေ ရနေတဲ့ ဦးနှောက်ကြွက်သားဧရိယာက ရနေကျအတိုင်း မရတော့ဘူး။ ပုပ်လိုက်လာပြီး ပုံမှန်လုပ်ငန်းဆောင်တာကို မလုပ်နိုင်တော့ဘူး။ လေဖြတ်ပြီပေါ့။ အဲ့လို ပိတ်နေတာက တစ်ခါတလေ ကံကောင်းပြီး သွေးခဲသေးလို့ ဆေးကြောင့်ပျော်သွားတာဖြစ်ဖြစ်၊ နေရာရွေ့သွားတာပဲ ဖြစ်ဖြစ် ပြန်ပွင့်သွားတတ်တယ်။ ၂၄ နာရီအတွင်း ပြန်ပွင့်သွားပြီး စကားပြန်ပြောနိုင်၊ ခြေလက် ပြန်လှုပ်နိုင်တာမျိုး ရှိတတ်တယ်။ ဒါကို TIA ( Transient Intravascular Accident ) လို့ခေါ်တယ်။ မြန်မာ အယူဆို လေဖြန်းတယ်ပေါ့။ သူကလည်းပေါ့လို့မရဘူး။ သွေးခဲက နေရာရွေ့သွားတာဆိုပေမဲ့ ၇ ရက်အတွင်း သွေးကြောကျဉ်းတဲ့ တစ်နေရာရာမှာ သွားပြန်ပိတ်ပြီး လေထပ်ဖြတ်နိုင်တယ်။

    ပိတ်သွားတဲ့ သွေးကြော အကြီးအသေး နဲ့ ပုပ်သွားတဲ့ နေရာအကြီးအသေး၊ အရေးပါမှု တို့ပေါ်မူတည်ပြီး မလှုပ်ရှားနိုင်ဖြစ်သွားမယ့် ခန္ဓာကိုယ် အစိတ်အပိုင်းနဲ့ စွမ်းဆောင်ရည်ထိခိုက်မှုအနည်းအများ အပြင် ပြန်ကောင်းနိုင်မကောင်းနိုင်စသဖြင့် ကွာခြားမှုတွေရှိလာတာပါပဲ။

    အဲ့လို ဦးနှောက်သွေးကြော ပိတ်နေတဲ့ အချိန်မျိုးမှာပဲ ကိုယ်ကလည်း သွေးတိုးမထိန်းနိုင်လို့ သွေးဆောင့်တိုးတဲ့ အခါ ခုန သွေးခဲပိတ်နေတဲ့ သွေးကြောဟာ ရုတ်တရက် ပေါက်သွားပြီး ဦးနှောက်တွင်းသွေးယိုစီးမှု ဖြစ်တတ်သေးတယ်။ အရင်က ပုပ်ထားတဲ့ ဦးနှောက်ဧရိယာ ကြီးရင်ကြီးသလောက် သွေးယိုစီးမှုများတတ်တယ်။

    ကိုယ့်ရဲ့ သွေးတိုးအခံ ကလည်း တအားဆိုးမယ်၊ အကြောင်းကြောင်းကြောင့် ဦးနှောက်ရဲ့  သွေးကြောနံရံတွေကလည်း အားနည်းနေမယ်ဆိုရင်တော့ ကြားထဲမှာ ပိတ်တဲ့ အဆင့်မခံဘဲ တန်းပြီး ဦးနှောက်သွေးကြော ပေါက်နိုင်တယ်။ သွေးကြောပေါက်ရင် ပိတ်တာထက် အများကြီးပိုဆိုးတယ်။ လက္ခဏာ ပြတာလည်း ပိုမြန်သလို အဆိုးဘက်ကို ရွေ့သွားတာလည်း ပိုမြန်တယ်။ ဘာလို့လဲဆိုတော့ ယိုစီးလာတဲ့သွေးတွေဟာ ထွက်ပေါက်ရှာမတွေ့ဘဲ ဦးနှောက်ထဲမှာပဲ အိုင်လာတယ်။ အဲဒီ့အခါ ဦးနှောက်တွင်းဖိအား တက်လာပြီး ခေါင်းကိုက်တာ၊ ထိုးအန်တာ၊ အမြင်အာရုံဝေဝါးတာ၊ တက်တာ စတဲ့  ပြင်းထန်လက္ခဏာ တွေပေါ်လာတယ်။ ဒါ့အပြင် အဲ့ဒီသွေးတွေက ခဲသွားပြီး အောက်ကဦးနှောက်ကို ဖိတယ်။ သွားဖိမိတဲ့နေရာက အသက်ရှူတဲ့လုပ်ငန်းကို ထိန်းချုပ်တဲ့နေရာမျိုးသာဖြစ်နေခဲ့ရင် အသက်ရှုရပ်ပြီး တစ်ခါတည်း သေနိုင်ပါတယ်။ ဒီ ဦးနှောက်သွေးကြောပေါက်တဲ့ ကိစ္စမှာလည်း ပေါက်တဲ့သွေးကြော အကြီးအသေး၊ သွေးခဲဖိမိတဲ့ နေရာရဲ့ အကျယ်၊ အရေးပါမှုတို့ပေါ်မူတည်ပြီး ဖြစ်လာမယ့် အကျိုးဆက် နဲ့ ကုသလို့ရနိုင်မရနိုင် လည်း ကွာသွားတယ်။

    ခုလောက်ဆိုရင် လေဖြတ်တယ်ဆိုတာကို ဘာမှန်း သိသွားကြလောက်ပြီထင်ပါတယ်။ ကုသပုံ နဲ့ အယူအဆ တွေအကြောင်းကိုတော့ နောက်ဆောင်းပါးတစ်ပုဒ်မှာ သပ်သပ်ထပ်ရှင်းပြပါဦးမယ်။

    ဘေးအန္တရာယ်ကို သဘောပေါက်လွယ်ကြပြီး မိမိကိုယ်ကို စောင့်ရှောက်နိုင်ကြစေရန် ရည်ရွယ်လျက်။

    ရေးသားသူ – ဒေါက်တာနှင်းနုအေး

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 18/12/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement