brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

အတက်ရောဂါ ဆိုတာ

လမ်းမှာ လူတစ်ယောက် တက်သွားရင်ဖြစ်ဖြစ်၊ အမျိုးထဲမှာ အတက်ရောဂါ ရှိတဲ့သူ ရှိနေရင်ဖြစ်ဖြစ် တက်သွားတဲ့အချိန်မှာ ခံရတဲ့သူရော၊ ဘေးကကြည့်တဲ့သူပါ ဘယ်လောက် သက်သောင့်သက်သာ မဖြစ်လိုက်သလဲဆိုတာ ခံစားမိမှာပါ။ တက်တာဟာ ဦးနှောက်ရောဂါတစ်မျိုး ဖြစ်ပြီး အမျိုးအစား အများကြီး ရှိပါတယ်။ တစ်ခုနဲ့ တစ်ခုကလည်း လက္ခဏာလေးတွေ ကွဲပါတယ်။ အင်မတန်မှ နက်နဲတဲ့ ရောဂါဖြစ်ပါတယ်။ အတက်ရောဂါ ဆိုတာ အသက်အရွယ်မရွေး ဖြစ်နိုင်ပါတယ်။

အတက်ရောဂါ ဆိုတာ

အတက်ရောဂါ ဆိုတာ

ဦးနှောက်ဆဲလ်လေးတွေက တစ်ခုနဲ့ တစ်ခု ဆက်သွယ်ဖို့ လျှပ်စီးကြောင်းလေးတွေ သုံးရပါတယ်။ ဒီလျှပ်စီးကြောင်းလေးတွေမှာ တစ်ခုခုချို့ယွင်းလာပြီဆိုရင် တက်တယ်ဆိုတာ ဖြစ်လာပါတယ်။

တက်စေတဲ့ အဓိက အကြောင်းရင်းကတော့ အတက်ရောဂါ လို့ ခေါ်တဲ့ Epilepsyပါပဲ။ ဒါပေမယ့် တက်တိုင်း အတက်ရောဂါရှိနေတယ်လို့ ပြောလို့မရပါဘူး။ အကြောင်းရင်း မယ်မယ်ရရ မရှိဘဲ ခဏခဏ တက်နေတယ်ဆိုရင်တော့ အတက်ရောဂါလားလို့ စဉ်းစားရမှာပါ။

တခြားအကြောင်းရင်းတွေကတော့

  • ကလေးတွေမှာ ဖျားပြီးတက်တာ (ရိုးရိုးအဖျားကြီးပြီး တက်တာကြောင့် ဖြစ်နိုင်သလို၊ ဦးနှောက်ရောင်တာ၊ ဦးနှောက်အမြှေးရောင်တာကြောင့် ဖျားပြီး တက်တာလည်း ဖြစ်နိုင်ပါတယ်။)
  • အိပ်ရေးပျက်တာ
  • ဆီးဆေးတွေကြောင့် သွေးထဲမှာ ဆိုဒီယမ်ဓာတ်နည်းတာ
  • တချို့ဆေးဝါးတွေကြောင့် တက်တာ (ဥပမာ အကိုက်အခဲပျောက်ဆေးတွေ၊ စိတ်ကျကုဆေးတွေ၊ ဆေးလိပ်ဖြတ်တဲ့ နည်းလမ်းတွေ)
  • ခေါင်းထိခိုက်မိပြီး အတွင်းမှာ သွေးယိုတာ
  • လေဖြတ်တာ
  • ဦးနှောက်အကျိတ်
  • မူးယစ်ဆေးတွေ သုံးတာ (ဥပမာ ကိုကင်း)
  • အရက်တွေ အလွန်အကျွံသောက်တာ

တက်ခြင်း အမျိုးအစားများ

တစ်ကိုယ်လုံး တောင့်သွားတယ်လို့၊ တဆတ်ဆတ်နဲ့ တုန်နေတာတို့ အမျိုးမျိုး ပြောတတ်ကြပါတယ်။ တက်တာကတော့ အနေအထားပေါ်မူတည်ပြီး အမျိုးအစားတွေ အများကြီး ခွဲလို့ရပါတယ်။ အဓိကကတော့ အုပ်စုကြီး နှစ်စုရှိပါတယ်။

Generalized seizures

ဦးနှောက် နှစ်ဖက်လုံးမှာ ဖြစ်တာပါ။ သူ့မှာမှ အခွဲတွေ ထပ်ရှိပါသေးတယ်။

  •  Absence seizures – ကလေးတွေမှာ အဖြစ်များပါတယ်။ မြင်နေကြ တောင့်သွားတာ၊ တုန်သွားတာမျိုး မဟုတ်ဘဲ ငြိမ်သွားတာပါ။ စက္ကန့်ပိုင်းလောက် ငြိမ်ကျသွားပါမယ်။ ရုတ်တရက် ကြည့်ရင် တစ်စုံတစ်ခုကို တွေးနေ ငေးနေသလိုပါပဲ။ ပြီးရင် အလိုလို သတိပြန်ဝင်လာပါတယ်။ မိဘတွေက ကလေးငိုက်နေတယ်လို့ ထင်တတ်ပါတယ်။
  • Tonic seizures – နောက်ကျော၊ ခြေ၊ လက်က ကြွက်သားတွေ တောင့်တင်းပြီး တက်သွားတာမျိုးပါ။
  • Atonic seizures – ဒါကတော့ ပြောင်းပြန် ကြွက်သားတွေ အားပျော့ပြီး ရုတ်တရက် ပစ်လဲသွားတာမျိုးပါ။
  •  Clonic seizures – ကြွက်သားတွေ တဆတ်ဆတ်တုန်ပြီး တက်တာမျိုးပါ။ လည်ပင်း၊ မျက်နှာနဲ့ လက်က ကြွက်သားတွေမှာ အဖြစ်များပါတယ်။
  • Myoclonic seizures – ဒါကတော့ ရုတ်တရက် ခြေတွေ လက်တွေ ဆတ်ခနဲ အကြောဆွဲတာမျိုးပါ။
  • Tonic-clonic seizures – သူကတော့ နည်းနည်း ပြင်းပါတယ်။ ရုတ်တရက် ပစ်လဲပြီး တစ်ကိုယ်လုံး တောင့်ပြီး တဆတ်ဆတ်တုန်နေတာမျိုးပါ။ ဆီးမထိန်းနိုင်တာ၊ လျှာကိုက်မိတာမျိုးတွေထိ ဖြစ်တတ်ပါတယ်။

Focal seizures

ဦးနှောက်ရဲ့ တစ်နေရာတည်းမှာပဲ ကွက်ပြီး ဖြစ်တာပါ။

  • Simple focal seizures – ရုတ်တရက် အကြောဆွဲသွားတာ၊ ရုတ်တရက် အနံ့၊ အရသာ ပြောင်းသွားတာမျိုးလောက်ပဲ ဖြစ်ပါတယ်။
  • Complex focal seizures – ရုတ်တရက် မိနစ်ပိုင်းလောက် ငြိမ်ကျသွားပြီး ဘာမှမတုံ့ပြန်နိုင်ပါဘူး။
  • Seccondary generalized seizures – ဦးနှောက်ရဲ့ တစ်နေရာတည်းမှာ စဖြစ်ပေမယ့် တခြားဦးနှောက်အစိတ်အပိုင်းတွေအထိ ပြန့်သွားတာမျိုးပါ။

တက်တာက စက္ကန့် ၃၀ကနေ ၂မိနစ်လောက်ထိပဲ ကြာတတ်ပါတယ်။ ၅မိနစ်နေလို့မှ မသက်သာဘူးဆိုရင်တော့ အရေးပေါ် အခြေအနေပါ။

အတက်ရောဂါကို ဘယ်လို စစ်ဆေးတွေ့ရှိနိုင်သလဲ။

အတက်ရောဂါလို့ သံသယရှိတယ်၊ မကြာခဏ တက်တတ်တယ်ဆိုရင် ဆရာဝန်နဲ့ ပြသပြီး အကြောင်းရင်း ရှာသင့်ပါတယ်။ တချို့ကျတော့လည်း အတက်ရောဂါရှိနေတာ မဟုတ်ဘဲ တက်စေတဲ့အကြောင်းအရင်း (ဥပမာ ဦးနှောက်အကျိတ်၊ ဆိုဒီယမ်နည်းနေတာ) ရှိနေတာပဲ ဖြစ်ပါတယ်။

ဆရာဝန်အနေနဲ့ ရောဂါရာဇဝင်မေးမြန်းတာ၊ စမ်းသပ်တာတွေ လုပ်ဆောင်ပြီးတဲ့နောက်မှာ လိုအပ်တဲ့ ဆေးစစ်မှုတွေ လုပ်သွားမှာပဲ ဖြစ်ပါတယ်။ ဥပမာ

  • သွေးစစ်တာ
  • ခါးဆစ်ရိုးကြားက အရည်ယူပြီး စစ်ဆေးတာ
  • EEGလို့ ခေါ်တဲ့ ဦးနှောက်လှိုင်းတွေ စစ်ဆေးတာ
  • ကွန်ပျူတာ ဓာတ်မှန်
  • သံလိုက်ဓာတ်မှန်
  • PET scan စသဖြင့် လူနာပေါ် မူတည်ပြီး လိုအပ်တာတွေ စစ်ဆေးသွားမှာပါ။

အတက်ရောဂါကို ဘယ်လိုကုသနိုင်သလဲ။

တစ်ခါလောက် တက်ဖူးတာနဲ့ အတက်ရောဂါရှိတယ်လို့ ပြောလို့ မရပါဘူး။ အတက်ရောဂါအတွက် ဆေးတွေက ချိန်ဆပြီးမှ ပေးရတဲ့အတွက် သေသေချာချာ စစ်ဆေးဖို့ လိုပါတယ်။ အတက်ရောဂါဆေးတွေအပြင် ခွဲစိတ်ကုသတာ၊ အာရုံကြောနှိုးဆွတဲ့ နည်းလမ်းတွေလည်း ရှိပါတယ်။ ကီတိုdietတွေနဲ့လည်း ရောဂါကုသမှုကို အထောက်အကူဖြစ်အောင် ပေးလေ့ရှိပါတယ်။

တခြားအကြောင်းရင်းကြောင့် တက်တာဆိုရင်တော့ ဒီအကြောင်းရင်းကို ကုသရုံပါပဲ။ ဥပမာ ဆိုဒီယမ်နည်းနေရင် ဆိုဒီယမ်ဖြည့်ပေးတာ၊ ဦးနှောက်အမြှေးရောင်လို့ တက်တာဆိုရင် ပိုးသတ်ဆေးတွေ ပေးတာ စသဖြင့် ကုသလို့ရပါတယ်။

အတက်ရောဂါအတွက် ဆောင်ရန် ရှောင်ရန်တွေက

အတက်ရောဂါက ကောင်းကောင်း မထိန်းချုပ်နိုင်ဘူးဆိုရင် အချိန်မရွေး တက်သွားနိုင်ပါတယ်။ ဒါဆိုရင် မတော်တဆ ထိခိုက်ဒဏ်ရာရပြီး အသက်အန္တရာယ်ရှိလာနိုင်ပါတယ်။ ဥပမာ

  • အမြင့်ကနေ ပြုတ်ကျတာ၊ ချော်လဲတာ ဖြစ်နိုင်တဲ့အတွက် အမြင့်တက်ရတဲ့ အလုပ်တွေ မလုပ်ပါနဲ့။
  • ကားမမောင်းပါနဲ့။ စက်ယန္တရားတွေနဲ့ အလုပ်လုပ်ရတဲ့ လုပ်ငန်းမျိုးကို ရှောင်ပါ။ ဒါမှ ကိုယ့်အတွက်ရော သူတစ်ပါးအတွက်ပါ အန္တရာယ်ကင်းမှာပါ။
  • ရေမကူးပါနဲ့။ ရေထဲ ဆင်းရတဲ့ အလုပ်တွေ မလုပ်ပါနဲ့။ အခန့်မသင့်ရင် ရေနစ်တတ်ပါတယ်။
  • ဆေးကို မှန်မှန်သောက်ပါ။ အိပ်ရေးဝဝအိပ်ပါ။ အာဟာရပြည့်အောင် စားပါ။ လှုပ်လှုပ်ရှားရှားနေပါ။
  • အိမ်မှာရှိတဲ့လူတွေက အတက်ရောဂါအရေးပေါ် ပြုစုနည်းကို သင်ထားပါ။ လူနာကို အားပေးပါ။ ရောဂါကြောင့် စိတ်ဓာတ်ကျနေတတ်ပါတယ်။
  • အမျိုးသမီးများ အနေနဲ့ ကိုယ်ဝန်ဆောင်မယ်ဆို ဆရာဝန်နဲ့ တိုင်ပင်ပါ။ အတက်ရောဂါကြောင့် မိခင်နဲ့ ကလေး ထိခိုက်တတ်သလို အတက်ကျဆေးတွေကြောင့်လည်း ကလေးမှာ ချို့ယွင်းချက်တွေ ပါတတ်ပါတယ်။ ဒါကြောင့် ကလေးမယူသေးဘူးဆိုရင် သေသေချာချာ သားဆက်ခြားပါ။ ကလေးယူမယ်ဆို ဆရာဝန်နဲ့ ကြိုပြောပါ။ ဆေးတွေ ပြန်ချိန်ရပါမယ်။ မမျှော်လင့်ဘဲ ကိုယ်ဝန်ရသွားတာမျိုး မဖြစ်ပါစေနဲ့။

Takeaways

အတက်ရောဂါပဲ ဖြစ်ဖြစ်၊ သာမန်တက်တာပဲ ဖြစ်ဖြစ် သေသေချာချာ အကြောင်းရင်းရှာပြီး ကုသသင့်ပါတယ်။ ဒါက ရောဂါသက်သက်ဆိုတာထက် အချိန်မရွေး ထဖောက်နိုင်လို့ ပိုပြီး သတိထားရပါတယ်။ ဒါကြောင့် ဆရာဝန်ညွှန်ကြားတဲ့ဆေးတွေကို သေသေချာချာ သောက်ပြီး ရောဂါကို ထိန်းချုပ်ဖို့ အကြံပြုလိုပါတယ်။

Dr. Phyo Wai Lynn
Dr. Phyo Wai Lynn
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Dr. Htet Htet Zaw Win · 31/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။