အဓိပ္ပါယ်ဖွင့်ဆိုချက်
Brain Abscess (ဦးနှောက်ပြည်တည်နာ) ကဘာလဲ။
ဦးနှောက်ပြည်တည်နာဆိုတာ ဦးနှောက်ရောဂါပိုးဝင်ခြင်းတစ်မျိုးကြောင့်ဖြစ်ပြီး သာမန်ကျန်းမာနေသူတွေမှာပါဖြစ်နိုင်ပါတယ်။ ကိုယ်ခံအားနည်းသူတွေမှာ မှိုကြောင့် ဦးနှောက်ပြည်တည်နာ ရနိုင်ချေများတတ်တယ်။ ပြည်များနဲ့ ဆဲလ်အသေများစုခြင်းဟာ ဦးနှောက်ကိုရောင်ရမ်းစေတယ်။ မှို၊ ဗိုင်းရပ်စ်၊ ဘတ်တီးရီးယားတွေဟာ သင့်ခေါင်းမှဒဏ်ရာ ဒါမှမဟုတ် ခန္ဓါကိုယ်တစ်နေရာရာက ရောဂါပိုးဝင်ခြင်းတစ်ခုခုကနေ ဦးနှောက်ကိုရောက်ရှိပြီး ဦးနှောက်မှာပြည်တည်နာဖြစ်လာတယ်။
ပုံမှန်အားဖြင့်တော့ လူ့ဦးနှောက်ဆိုတာ ပြည့်စုံတဲ့အကာအကွယ်ကြောင့် ရောဂါပိုးဝင်ခဲပါတယ်။ ထိုအကာအကွယ်တွေမှာ ဦးနှောက်နဲ့သွေးကြားအရံအတား(blood-brain barrier) လို့ခေါ်တဲ့ သွေးတွင်းမှ အညစ်အကြေးတွေ ဦးနှောက်ဆီမရောက်အောင်တားပေးတဲ့ အမြှေးပါးထူထူတစ်ခုပါတယ်။ ဒါပေမယ့် တချို့အခါတွေမှာ ပိုးမွှားတွေဟာ အကာအကွယ်ကိုကျော်ပြီး ဦးနှောက်ဆီရောက်ကာ ဦးနှောက်ကိုတိုက်ခိုက်နိုင်တယ်။
Brain Abscess (ဦးနှောက်ပြည်တည်နာ) က ဘယ်လောက်အဖြစ်များသလဲ
အသေးစိတ်အချက်အလက်အတွက် ဆရာဝန်ကိုမေးမြန်းနိုင်ပါတယ်။
လက္ခဏာများ
Brain Abscess (ဦးနှောက်ပြည်တည်နာ) ရဲ့လက္ခဏာတွေကဘာတွေလဲ
တေ့ွရလေ့ရှိတဲ့လက္ခဏာတွေကတော့ –
- စိတ်ပိုင်းဆိုင်ရာအခြေအနေပြောင်းလဲမှု၊ စိတ်ရှုပ်ထွေးလာခြင်း၊ စိတ်ဆတ်လွယ်လာခြင်း၊
- စကားပြောနည်းလာခြင်း
- ထိတွေ့အာရုံသိမှုနည်းလာခြင်း
- ကြွက်သားများလုပ်ဆောင်မှုအားနည်းသောကြောင့် လှုပ်ရှားမှုနည်းခြင်း
- အမြင်အာရုံပြောင်းလဲခြင်း
- အကျင့်စရိုက်၊ အပြုအမူပြောင်းလဲခြင်း
- အန်ခြင်း
- ဖျားခြင်း
- ချမ်းတုန်ခြင်း
ကလေးငယ်တွေမှာလက္ခဏာတော်တော်များများဆင်တူပါတယ်။ ဒါပေမယ့် သင့်ကလေးမှာ တခြားလက္ခဏာတွေလည်း ပြနိုင်ချေရှိပါတယ်။ ကလေးငယ်ထိပ်ဖောင်းနေခြင်း တို့အပြင် တခြားလက္ခဏာတွေကတော့ –
- ရုတ်တရတ်ထိုးအန်ခြင်း
- စူးစူးရွားရွားငိုခြင်း
- ခြေ၊ လက်များအကြောဆွဲခြင်း
ဖော်ပြထားတာတွေအပြင်တခြားအချက်တွေလည်းရှိနိုင်တာကြောင့် စိတ်ပူသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါ။
ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံသင့်သလဲ
ဖော်ပြပါလက္ခဏာတွေတွေ့မယ်ဆိုရင် ဒါမှမဟုတ် သိလိုသည်များရှိပါက ဆရာဝန်နဲ့တိုင်ပင်ကြည့်ပါ။ လူတိုင်းခန္ဓါကိုယ်က တစ်ယောက်နဲ့တစ်ယောက်မတူတာကြောင့် သင့်အတွက်အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်ကြည့်တာ အသင့်လျော်ဆုံးဖြစ်ပါလိမ့်မယ်။
အကြောင်းရင်းများ
Brain Abscess (ဦးနှောက်ပြည်တည်နာ) ကိုဘာတွေကဖြစ်စေသလဲ
ဦးနှောက်ပြည်တည်နာပေါက်ခြင်းဟာ များသောအားဖြင့် ဦးနှောက်တစ်သျှူးထဲကို ဘတ်တီးရီးယား သို့ မှို ဝင်ခြင်းကြောင့်ဖြစ်ပြီး အကြောင်းအရင်းတွေကတော့ –
- ဦးခေါင်းခွံရဲ့တစ်စိတ်တစ်ပိုင်းမှာ ရောဂါပိုးဝင်ခြင်း ဥပမာ- သွားတွင်ပြည်တည်ခြင်း၊ စသည်တို့မှ ဦးနှောက်ဆီတိုက်ရိုက်ပျံ့နိုင်တယ်။
- ခန္ဓါကိုယ်တစ်နေရာမှ ရောဂါပိုးဝင်ခြင်း၊ ဥပမာ – အဆုတ်ရောင်ခြင်းမှ ဦးနှောက်ဆီပျံ့ခြင်း။ ကိုယ်ခံအားနည်းသူတွေမှာ ကိုယ်ခံအားစနစ်က မူလရောဂါပိုးဝင်ခြင်းကို တိုက်မထုတ်နိုင်ဘဲ ရောဂါပိုးများသွေးမှတဆင့်ပျံ့နှံ့ကုန်ခြင်းဖြစ်တယ်။ HIV, AIDS, ကင်ဆာဆေးသွင်းခြင်း၊ ကိုယ်ခံအားစနစ်ချသောဆေးများ စသည်တို့က ကိုယ်ခံအားနည်းစေပါတယ်။
ထိခိုက်မှု – ဥပမာ – ခေါင်းတွင်ပြင်းပြင်းထန်ထန်ထိခိုက်ပြီး ဦးခေါင်းခွံကွဲအက်သွားခြင်း တို့ဟာ ဦးနှောက်တွင်းသို့ ပိုးများဝင်စေပါတယ်။
ဖြစ်နိုင်ခြေများ
Brain Abscess (ဦးနှောက်ပြည်တည်နာ) ဖြစ်နိုင်ခြေကိုဘာတွေက မြင့်တက်စေသလဲ
ရောဂါဖြစ်ခြင်းကိုအားပေးသောအချက်တွေအများကြီးရှိတယ် –
- HIV , AIDS တို့ကြောင့် ကိုယ်ခံအားနည်းခြင်း။
- ကင်ဆာနှင့် တခြားနာတာရှည်ရောဂါများ
- မွေးရာပါနှလုံးရောဂါများ
- ခေါင်းပြင်းပြင်းထန်ထန်ထိခိုက်ခြင်း သို့ ဦးခေါင်းခွံအက်ခြင်း၊ ကွဲခြင်း။
- ဦးနှောက်အမြှေးပါးရောင်ခြင်း။
- ကင်ဆာဆေး ကဲ့သို့ ကိုယ်ခံအားစနစ်ကျစေသောဆေးများ
- နာတာရှည်ထိပ်ခတ်နာ သို့ နားပိုးဝင်ခြင်း။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
Brain Abscess (ဦးနှောက်ပြည်တည်နာ) ကို ဘယ်လိုအတည်ပြုပါသလဲ
ဖော်ပြပါအချက်အလက်တွေဟာ ကျန်းမာရေးအကြံဉာဏ်တွေရဲ့ အစားထိုးမဟုတ်တာကြောင့် အမြဲဆရာဝန်နဲ့သေချာတိုင်ပင်ဖို့ မမေ့ပါနဲ့။
ရောဂါရှာဖွေမှု-
- သွေးစစ်ဆေးခြင်းဖြင့် ရောဂါပိုးဝင်ခြင်းရှိမရှိသိနိုင်တယ်။ သွေးတွင်းသွေးဖြူဥများခြင်းဟာ ပြင်းထန်ရောဂါပိုးဝင်ခြင်းကိုဖော်ပြနေပါတယ်။
- စီတီစကင်ရိုက်ခြင်းဖြင့် ဦးနှောက်ရှိ ပြည်တည်နာ နှင့် အခြားသောရောင်ရမ်းခြင်းများကိုဖော်ပြနိုင်တယ်။
- အားပြင်းသံလိုက်စက်ကွင်းနဲ့ ရေဒီယိုလှိုင်းများသုံးကာ ခန္ဓါကိုယ်ကိုပုံရိပ်ရိုက်ကူးသော သံလိုက်ဓါတ်မှန်ရိုက်ခြင်းဖြင့် စီတီရိုက်ခြင်းထက် ပိုတိကျသောပုံရိပ်များရနိုင်ပါတယ်။
Brain Abscess (ဦးနှောက်ပြည်တည်နာ) ကို ဘယ်လိုကုသပါသလဲ
- ပဋိဇီဝပိုးသတ်ဆေး – တိကျသောဘတ်တီးရီးယားကို သိထားတယ်ဆိုရင် လျော်ကန်တဲ့ ပဋိဇီဝပိုးသတ်ဆေးသုံးနိုင်တယ်။ ဒါမှမဟုတ် ကျယ်ပြန့်ပဋိဇီဝပိုးသတ်ဆေးသုံးကာ ဖြစ်နိုင်ချေရှိသော ရောဂါပိုးမှန်သမျှသတ်နိုင်ပါတယ်။ ပဋိဇီဝပိုးသတ်ဆေးများကို များသောအားဖြင့် ခြောက်ပတ်နဲ့အထက် သောက်ဖို့တော့လိုပါတယ်။
- ပြည်တည်ခြင်းကိုဖောက်ထုတ်ခြင်း- တကယ်လို့ ပြည်တည်နာက ဦးနှောက်ကို အန္တရာယ်သိပ်မရှိဘူးဆိုရင်တော့ ခွဲစိတ်ဖယ်ထုတ်ပစ်နိုင်ပါတယ်။ ဒါမှမဟုတ် ဆေးထိုးအပ်ဖြင့်စုပ်ထုတ်ခြင်းဖြင့် ဖယ်နိုင်တယ်။
- ပြည်တည်နာကြောင့် ဦးနှောက်မှာ ဖိအားတွေရှိနေတဲ့ ဆိုးရွားသောအခြေအနေတွေမှာ ခွဲစိတ်ရန်လိုပါလိမ့်မယ်။
နေထိုင်မှုပုံစံပြောင်းလဲခြင်း၊ အိမ်တွင်းကုထုံးများ
- တချို့သောဦးနှောက်ပြည်တည်နာတွေက တကိုယ်ရည်သန့်ရှင်းမှုနဲ့ဆိုင်ပါတယ်။ သွားပွတ်ကြိုးနဲ့ ပုံမှန်သန့်စင်ပါ၊ သွားပုံမှန်တိုက်ပါ၊ သွားဆရာဝန်ဆီမှာ ပုံမှန်စစ်ဆေးနေပါ။ ထိပ်ခတ်နာရောဂါကိုသေချာကုပါ။ တကယ်လို့ အရှင်းမပျောက်သေးပါက ပဋိဇီဝပိုးသတ်ဆေးသုံးပါ။
- မကုသဘဲထားတဲ့ HIV ရောဂါဟာလည်း ဦးနှောက်ပြည်တည်နာဖြစ်ခြင်းကို အားပေးနိုင်ပါတယ်။ HIV ကာကွယ်ဖို့အတွက် တတ်နိုင်သမျှ ဘေးကင်းသောကာမဆက်ဆံခြင်းမျိုးသာ ဆောင်ရွက်ပါ။ HIV ရှိနေပါကလည်း ဦးနှောက်ပြည်တည်နာဖြစ်နိုင်ချေနည်းစေရန် ဗိုင်းရပ်စ်သတ်ဆေးများပုံမှန်သောက်ပြီး ကုသမှုခံယူပါ။
တခြားသိလိုသည်များရှိပါက သင့်အခြေအနေအတွက် အကောင်းဆုံးအဖြေရဖို့ ဆရာဝန်နဲ့တိုင်ပင်ပါ။
Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။
[embed-health-tool-bmi]