ရုပ်ရှင်တွေထဲမြင်ဖူးမှာပေါ့၊ မင်းသမီးကို အမြဲတမ်းဘလိုင်းကြီးဂျေဝင်၊ စိတ်ပုပ်ပြီးချောက်ချတတ်တဲ့ ဗီလိန်မလေးတွေ။ ရုပ်လေးချောနေရင်တောင် အဲ့ရုပ်ရှင်ကြည့်နေရင်း သူ့ကိုမုန်းလာတာ၊ ကျိန်ဆဲမိကြတာဖြစ်ဖူးတယ်မလား။ပြင်ပလောကမှာလည်း ဒီလိုမျိုးလေးတွေရှိတတ်ပေမယ့်ဂျေဝင်တာကို သိပ်မသိသာဘူးလေနော်။ သူ့စိတ်ထဲရှိနေတာကို ရုပ်ရှင်ထဲမှာလို လူတိုင်းကမြင်နေရမှာမှမဟုတ်တာ။ ဒါပေမယ့်ဂျေမမတို့အတွက် သတိထားသင့်တဲ့အန္တရာယ်ရှိလာပါပြီ။
အတွင်းစိတ်ထဲမှာ မနာလိုတာတွေ၊ လောဘကြောင့်ပူလောင်နေတာ၊ စိတ်အပြောင်းအလဲမြန်တာ၊သောကတွေအမြဲပိုက်ထားတဲ့ သက်လတ်ပိုင်းအမျိုးသမီးတွေဟာ အယ်ဇိုင်းမားရောဂါဖြစ်လာနိုင်ခြေ ပိုများတယ်လို့ နှစ် ၄၀ နီးပါး ကြာ သုတေသနလေ့လာမှုတစ်ခုကNeurology ဂျာနယ်မှာ ဖော်ပြခဲ့ပါတယ်။
နှစ် ၄၀ အတွင်း အမျိုးသမီး ၈၀၀ ကိုလေ့လာခဲ့တဲ့ University of Gothenburg ရဲ့ သုတေသနအရ အမြဲလိုလို ကာလကြာရှည်စိတ်ထဲဖိစီးမှု၊ ပူလောင်မှုတွေခံစားရတာဟာ ဒီစိတ်တွေနည်းတဲ့ သာမန်အမျိုးသမီးတွေနဲ့ယှဉ်ရင် အယ်ဇိုင်းမားရောဂါဖြစ်နိုင်ခြေ နှစ်ဆပိုများတာကိုတွေ့ရပါတယ်။
အဖြစ်များဆုံး မှတ်ဉာဏ်ချို့ယွင်းမှုရောဂါတစ်မျိုးဖြစ်တဲ့ အယ်ဇိုင်းမားကြောင့် မှတ်ဉာဏ်၊ ဘာသာစကားစွမ်းရည်၊ အာရုံစူးစိုက်နိုင်စွမ်း၊ ကျိုးကြောင်းဆင်ခြင်ဆုံးဖြတ်နိုင်စွမ်း၊မြင်နိုင်စွမ်းတို့မှာ ချွတ်ယွင်းလာစေတာပါ။ တဖြည်းြ်ဖည်းချင်းအဆင့်တက်လာတတ်တဲ့ ဒီရောဂါကို အရှင်းပျောက်ကင်းစေတဲ့ ကုသနည်းမရှိပါဘူး။
ဒီလေ့လာမှုက အမျိုးသားတွေမှာလည်း အလားတူရလဒ်ပဲဖြစ်နေနိုင်ပေမယ့် လက်ရှိသုတေသနမှာတော့ အမျိုးသမီးတွေကိုပဲ အဓိကလေ့လာခဲ့တာပါ။ ပူပန်သောက၊ မနာလိုစိတ်၊ အပြောင်းအလဲမြန်တဲ့စိတ်တို့လို အတွင်းစိတ်ခံစားမှုတွေကြောင့် ဖိစီးနေရတဲ့သူတွေမှာ အပြစ်ရှိတဲ့စိတ်၊ဒေါသစိတ်၊ မနာလိုစိတ်၊ ပူပန်စိတ်နဲ့ စိတ်ကျခြင်းတွေ ပိုဖြစ်လေ့ရှိပါတယ်။
ဒီလိုစိတ်ဖိစီးမှုတွေ ကာလတာရှည်ကြိတ်ခံစားနေရရင်း စိတ်ပင်ပန်းလွန်တာ၊ ကောင်းကောင်းအိပ်မပျော်တာ၊ ကြောက်စိတ်ဝင်တာ(ဆုံးရှုံးမှာ၊ ကျဆုံးမှာ၊ ပစ်ပယ်ခံရမှာ)၊ စိတ်တိုလွယ်တာ၊ ဖိအားမခံနိုင်တာတွေ ဖြစ်လာပါရော။
ပွင့်လင်းတတ်တာဖြစ်ဖြစ်၊ အုံ့ပုန်းသမားပဲဖြစ်ဖြစ် သူ့သဘာဝအတိုင်းတော့ ဒီလိုအန္တရာယ်မရှိနိုင်ပေမယ့် စိတ်ပြောင်းလဲလွယ်၊ စိတ်အတွေးကိုသိုဝှက်တတ်တဲ့(အပြင်ပန်းတစ်မျိုး၊အတွင်းစိတ်တစ်မျိုး) အမျိုးသမီးတွေမှာ အယ်ဇိုင်းမားအန္တရာယ်ပိုများတာကို တွေ့ရပါတယ်။
ဒီရောဂါက မျိုးဗီဇနဲ့ဆိုင်တယ်ဆိုတာ သိထားပြီးဖြစ်ပေမယ့် ဒီလိုစိတ်နေစိတ်ထားနဲ့ဆိုင်တယ်ဆိုတာ သိပ်မရှင်းသေးဘူး။ ထပ်လေ့လာဖို့ လိုဦးမယ် လို့ သုတေသနမှာမပါဝင်ခဲ့တဲ့ အယ်ဇိုင်းမားရောဂါဆိုင်ရာအဖွဲ့အစည်းမှ ဒါရိုက်တာ Dean Hartley ကပြောပါတယ်။
“စိတ်နေစိတ်ထားနဲ့ပဲ အယ်ဇိုင်းမားဖြစ်နိုင်ခြေကို လွှမ်းမိုးနိုင်တာပဲလား၊ တကယ်တော့ လူတစ်ယောက်ရဲ့ အပြုအမူ၊နေထိုင်မှုပုံစံ၊ စိတ်ဖိစီးမှုအပေါ်တုံ့ပြန်ပုံ၊ စတဲ့အချက်တွေအားလုံးက လူ့ကျန်းမာရေးကို သက်ရောက်မှုရှိနိုင်တာပဲလေ”လို့ သူက ဆက်ပြောပါတယ်။ ဒါပေမယ့် စိတ်ပူပန်ထိခိုက်လွယ်မှု၊စိတ်ဖိစီးမှုတွေဟာ ဦးနှောက်ရဲ့ hippocampus အပိုင်းကို အပြောင်းအလဲဖြစ်စေနိုင်တယ်လို့ အရင် သုတေသနတွေက ဖော်ပြပြီးဖြစ်ပါတယ်။
Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။
[embed-health-tool-bmi]