သယ်လက်စီးမီးယားအမျိုးအစားတွေဟာ မိဘတွေထံမှ ရရှိသော သန္ဓေပြောင်းလဲမှုအရေအတွက်နဲ့ ဟီမိုဂလိုဘင်မော်လီကျူးရဲ့ ပြောင်းလဲသွားတဲ့အစိတ်အပိုင်းပေါ်မှာ မူတည်နေပါတယ်။ သန္ဓေပြောင်းလဲမှုများလေ သယ်လက်စီးမီးယားရောဂါပြင်းထန်လေပါပဲ။ ဟီမိုဂလိုဘင်မော်မော်လီကျူးကို အယ်ဖာနဲ့ဘီတာအစိတ်ပိုင်းတို့ဖြင့် ဖွဲစည်းထားပါတယ်။ ထိုအစိတ်အပိုင်းများကို သန္ဓေပြောင်းလဲမှုတွေက သက်ရောက်နိုင်ပါတယ်။
အယ်ဖာသယ်လက်စီးမီးယား
အယ်ဖာဟီမိုဂလိုဘင်အတွဲလိုက်ဖြစ်ရန်အတွက် မျိုးရိုးဗီဇ၄ခုလိုအပ်ပါတယ်။ ၂ခုစီကို မိဘတစ်ဦးစီမှရရှိမှာပါ။ အောက်ပါတို့လိုမျိုးကိစ္စတွေ ရှိလာနိုင်ပါတယ်။
- မျိုးရိုးဗီဇတစ်ခုတည်းမှာ သန္ဓေပြောင်းလဲမယ်ဆိုရင် ဘာလက္ခဏာမှပြမှာမဟုတ်ပါဘူး။ ဒါပေမယ့်လည်း ရောဂါသယ်ဆောင်သူဖြစ်သွားပြီး ကလေးတွေမှာ ထိုရောဂါပြန်ပေါ်လာနိုင်ပါတယ်။
- မျိုးရိုးဗီဇ၂ခုမှာ သန္ဓေပြောင်းလဲမယ်ဆိုရင် ရောဂါလက္ခဏာအနည်းငယ် ခံစားရနိုင်ပါတယ်။ အဲလိုဖြစ်ပြိဆိုရင်တော့ အယ်ဖာသယ်လက်စီးမီးယားအပျော့စား ဒါမှမဟုတ် အယ်ဖာသယ်လက်စီးမီးယားပုံစံ ရှိနေပြီလို့ဆိုနိုင်ပါတယ်။
- မျိုးရိုးဗီဇ၃ခုမှာ သန္ဓေပြောင်းလဲနေပြီဆိုရင် ရောဂါလက္ခဏာ အတော်အသင့်ကနေ ဆိုးရွားသည်အထိ ခံစားရနိုင်ပါတယ်။ နောက်နာမည်တစ်မျိုးကတော့ ဟီမိုဂလိုဘင်အိတ်ခ်ျရောဂါပါ။
- မျိုးရိုးဗီဇ၄ခုလုံး သန္ဓေပြောင်းလဲသွားပြီဆိုရင် အယ်ဖာသယ်လက်စီးမီးယားအပြင်းစား ဒါမှမဟုတ် Hydrops Fetalis လို့ခေါ်နိုင်ပါတယ်။ ထိုရောဂါဟာ ကလေးကို ဗိုက်ထဲမှာတင် သေစေနိုင်သလို မွေးမွေးပြီးချင်းလည်း သေဆုံးစေနိုင်ပါတယ်။
ဘီတာသယ်လက်စီးမီးယား
ဘီတာဟီမိုဂလိုဘင်အတွဲဖြစ်ဖို့ မျိုးရိုးဗီဇ၂ခု လိုအပ်ပါတယ်။ တစ်ခုစီကို မိဘတစ်ဦးချင်းထံမှာ ရရှိမှာပါ။ အောက်ပါအခြေအနေမျိုးများ ရှိလာနိုင်ပါတယ်။
- မျိုးရိုးဗီဇတစ်ခုတည်းချို့ယွင်းမယ်ဆိုရင် ရောဂါလက္ခဏာအနည်းငယ်သာ ခံစားရမှာပါ။ ထိုအခြေအနေကို ဘီတာသယ်လက်စီးမီးယားအပျော့စား ဒါမှမဟုတ် ဘီတာသယ်လက်စီးမီးယားပုံစံရှိတယ်လို့ ခေါ်နိုင်ပါတယ်။
- မျိုးရိုးဗီဇ၂ခုလုံးချို့ယွင်းမယ်ဆိုရင် အတော်အသင့်ကနေ ပြင်းထန်တဲ့အထိရှိသော ရောဂါလက္ခဏာတွေကို ခံစားရမှာပါ။ ထိုအခြေအနေကို ဘီတာသယ်လက်စီးမီးယားအပြင်းစား ဒါမှမဟုတ် Cooley’s anemia လို့ ခေါ်နိုင်ပါတယ်။ မျိုးရိုးဗီဇ၂ခုလုံးချို့ယွင်းနေတဲ့ကလေးတွေဟာ မွေးမွေးပြီးချင်းမှာ ကျန်းမာကြသော်လည်း ၂နှစ်လောက်အတွင်းမှာ ရောဂါလက္ခဏာတွေ ပေါ်လာတတ်ကြပါတယ်။ ဘီတာသယ်လက်စီးမီးယားအလယ်အလတ်လို့ခေါ်တဲ့ ပိုအားပျော့သော အမျိုးအစားလည်း တွေ့ရနိုင်ပါတယ်။
သယ်လက်စီးမီးယား ဖြစ်နိုင်ခြေ မြင့်မားစေသော အရာတွေကတော့ အောက်ပါတို့ပဲဖြစ်ပါတယ်။
- မိသားစုထဲတွင်သယ်လက်စီးမီးယားရှိခြင်း။ သယ်လက်စီးမီးယားဟာ မိဘကနေ သားသမီးတွေကို သန္ဓေပြောင်းလဲမှုတွေကနေတစ်ဆင့် လက်ဆင့်ကမ်းနိုင်ပါတယ်။ မိသားစုထဲမှာ သယ်လက်စီးမီးယားရှိနေပြီဆိုရင်တော့ ရောဂါရနိုင်ခြေများနေပါပြီ။
- မျိုးရိုးရှိခြင်း။ အီတာလီယန်၊ ဂရိ၊ အရှေ့အလယ်ပိုင်း၊ အာရှနဲ့ အာဖရိကန် မျိုးရိုးရှိတဲ့သူတွေမှာ သယ်လက်စီးမီးယားတွေ့ရတတ်ပါတယ်။
သယ်လက်စီးမီးယားကြောင့်ရလာတဲ့ ထပ်တိုးရောဂါတွေက ဘာတွေလဲ။
- သံဓါတ်အလွန်များခြင်း။ သယ်လက်စီးမီးယားရှိတဲ့သူတွေဟာ ရောဂါကြောင့် ဒါမှမဟုတ် သွေးခဏခဏသွင်းခြင်းတို့ကြောင့် ခန္ဓါကိုယ်ထဲမှာ သံဓါတ်အလွန်များနေနိုင်ပါတယ်။ သံဓါတ်အရမ်းများတာက နှလုံး၊ အသည်းနဲ့ ဟော်မုန်းထုတ်တဲ့ဂလင်းစနစ်တွေကို ပျက်စီးစေမှာပါ။
- ပိုးဝင်ခြင်း။ သယ်လက်စီးမီးယားရှိတဲ့သူတွေဟာ ပိုးဝင်နိုင်ခြေများပါတယ်။ သရက်ရွက်ထုတ်ထားတဲ့သူဆိုရင် အထူးသတိပြုရပါမယ်။
သယ်လက်စီးမီးယားပြင်းထန်မယ်ဆိုရင် အောက်ပါထပ်တိုးရောဂါများ ခံစားရနိုင်ပါတယ်။
- အရိုးပုံသဏ္ဍန်မမှန်တော့ခြင်း။ သယ်လက်စီးမီးယားက ရိုးတွင်းခြင်ဆီတွေ ပွားများစေပြီး အရိုးကြီးလာစေပါတယ်။ ထိုအခါ ပုံသဏ္ဍန်မမှန်မှုတွေဖြစ်လာပါတယ်။ အထူးသဖြင့် မျက်နှာနဲ့ ဦးခေါင်းခွံတို့မှာ ဖြစ်တာပါ။ ရိုးတွင်းခြင်ဆီများလာတာက အရိုးပါးစေပြီး ကြွပ်ဆတ်လာစေတဲ့အတွက်ကြောင့် ကျိုးနိုင်ခြေများသွားပါတယ်။
- သရက်ရွက်ကြီးခြင်း။ သရက်ရွက်ဟာ ပိုးမွှားတွေကို တိုက်ခိုက်တဲ့နေရာမှာ ကူညီပေးပြီး အိုဟောင်းနေသော၊ ပျက်စီးနေသော သွေးနီဥတို့လိုမျိုး မလိုအပ်တော့တဲ့ ပစ္စည်းတွေကို စစ်ထုတ်ပေးပါတယ်။ သယ်လက်စီးမီးယားကြောင့် သွေးနီဥအများအပြားပျက်စီးပြီး သရက်ရွက်ပိုမိုအလုပ်လုပ်ရတာကြောင့် အရွယ်အစားပိုကြီးလာရပါတယ်။ ထိုသို့ကြီးလာခြင်းက သွေးအားနည်ရောဂါကို ပိုဆိုးစေနိုင်တဲ့အပြင် သွေးသွင်းမှုကနေရရှိတဲ့ သွေးနီဥသက်တမ်းတွေကိုလည်း လျော့ချပေးပါတယ်။ အရမ်းကြီးနေပြီဆိုရင်တော့ ထုတ်ပြစ်ဖို့လိုမှာပါ။
- ြကီးထွားနှုန်းနှေးခြင်း။ သွေးအားနည်းရောဂါက ကလေးကြီးထွားနှုန်းကို လျော့နည်းစေပါတယ်။ သယ်လက်စီးမီးယားရှိတဲ့ကလေးတွေမှာ လူပျိုဖော်၊အပျိုဖော်ဝင်တာ နောက်ကျပါတယ်။
- နှလုံးပြဿနာများဖြစ်ခြင်း။ ပြည့်ကြပ်သိပ်ခြင်းကြောင့်နှလုံးပျက်စီးခြင်းနဲ့ နှလုံးစည်းချက်မမှန်ခြင်းလိုမျိုး နှလုံးပြဿနာတွေဟာ ပြင်းထန်သော သယ်လက်စီးမီးယားနဲ့ ပတ်သက်နေနိုင်ပါတယ်။
အတော်အသင့်ကနေ ပြင်းထန်တဲ့အခြေအနေရှိတဲ့သူတွေဟာ မွေးမွေးပြီးချင်း၂နှစ်လောက်အတွင်းမှာ ရောဂါလက္ခဏာတွေ ပေါ်လာတတ်ကြပါတယ်။ ကလေးမှာ သယ်လက်စီးမီးယား ရောဂါလက္ခဏာတွေတွေ့နေရပြီဆိုရင် မိသားစုဆရာဝန် ဒါမှမဟုတ် ကလေးဆရာဝန်အား ပြသပေးပါ။ ပြီးတော့မှ သွေးရောဂါအထူးကုတွေထံသို့ လွှဲပေးပါလိမ့်မယ်။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
[embed-health-tool-bmi]