backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ခေါက်ဆွဲပြုတ်တွေက ဆံပင်ဖြူစေ တတ်သလား။

Written by Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


20/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ခေါက်ဆွဲပြုတ်တွေက ဆံပင်ဖြူစေ တတ်သလား။

ငယ်ငယ်က ခေါက်ဆွဲပြုတ်တွေ စားပြီဆိုရင် လူကြီးတွေက မစားရဘူး။ ဆံပင်တွေ ဖြူမယ်ဆိုပြီး ဆူတာခံရဖူးမှာပါ။ ကြီးလာတော့လည်း ညဘက်စားစရာမရှိရင် ခေါက်ဆွဲပြုတ်ပဲ စားရတာပါပဲ။ အဲ့လိုစားတိုင်းလည်း လူကြီးတွေဆူသလို ဆံပင်ဖြူမှာလားဆိုပြီး ကြောက်ကြောက်နဲ့ စားရတာာပေါ့။ တကယ်ပဲ ခေါက်ဆွဲပြုတ်တွေက ဆံပင်ဖြူစေ တာလား။

ဆံပင်ဖြူရတဲ့ အကြောင်းရင်း

ခေါက်ဆွဲပြုတ်အကြောင်း မပြောခင် ဆံပင်ဖြူရတဲ့ အကြောင်းကို အရင်ဆုံး ပြောပြပါ့မယ်။ အဲ့တာမှ ခေါက်ဆွဲပြုတ်နဲ့ ဆိုင်မဆိုင် တွေးကြည့်လို့ ရမှာပါ။

အသက်ကြီးလာရင် ဆံပင်ဖြူတာက မထူးခြားပေမယ့် အသက်ငယ်ငယ်လေးနဲ့ ဆံပင်ဖြူနေပြီဆိုရင်တော့ အနည်းနဲ့ အများတော့ စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။

အရွယ်မတိုင်ခင် ဆံပင်ဖြူရတဲ့ အကြောင်းရင်းတွေကတော့

  • မျိုးဗီဇ

ကိုယ့်မိဘတွေ၊ မောင်နှမတွေက ငယ်ငယ်လေးနဲ့ ဆံပင်ဖြူရင် ကိုယ့်မှာလည်း အရွယ်မတိုင်ခင်  ဆံပင်ဖြူနိုင်ခြေ ရှိပါတယ်။

  • စိတ်ဖိစီးမှုများတာ

စိတ်ဖိစီးမှုများတဲ့အခါ ဆံပင်ရဲ့ ရောင်ခြယ်ပစ္စည်းကို ဖြစ်စေတဲ့ ဆဲလ်တွေ ပျက်စီးတာကြောင့် စောစောစီးစီး ဆံပင်ဖြူနိုင်ပါတယ်။

  • Autoimmune ရောဂါတွေ

ခုခံအားတုံ့ပြန်မှု မမှန်တဲ့ရောဂါတွေ (ဥပမာ ဆံပင်ကျွတ်တဲ့ Alopeciaတို့၊ ခရုသင်း) မှာ ခုခံအားက ဆံပင် ကို တိုက်ခိုက်တဲ့အတွက် ဆံပင်တွေ ဖြူလာတာပါ။

  • သိုင်းရွိုက်ရောဂါ

သိုင်းရွိုက်ဟော်မုန်း များလွန်းတာ၊ နည်းလွန်းတာတွေက အရွယ်မတိုင်ခင် ဆံပင်ဖြူတာကို ဖြစ်စေနိုင်ပါတယ်။

  • အာဟာရချို့တဲ့တာ
  • ဗီတာမင် B6၊ ဗီတာမင် B12၊ ဘိုင်အိုတင်၊ ဗီတာမင် ဒီ၊ ဗီတာမင် အီး စတာတွေ ချို့တဲ့တာက အရွယ်မတိုင်ခင် ဆံပင်ဖြူတာကို ဖြစ်စေနိုင်ပါတယ်။ လေ့လာချက်တစ်ခုမှာ ဗီတာမင် D3၊ ဗီတာမင်  B12နဲ့ ကော့ပါးတွေ ချို့တဲ့တာက ဆံပင်ဖြူစေတယ်လို့ ဆိုပါတယ်။

    ၂၀၁၆က အိန္ဒိယက ၂၅နှစ်အောက် လူငယ်တွေမှာ လုပ်ခဲ့တဲ့ လေ့လာချက်တွေမှာလည်း Ferritin (ကိုယ်ထဲမှာ သိမ်းဆည်းတဲ့ သံဓာတ်ပုံစံ)၊ ဗီတာမင် B12နဲ့ ကောင်းတဲ့ HDL ကိုလက်စထရောတွေ နည်းတဲ့လူငယ်တွေမှာ အရွယ်မတိုင်ခင် ဆံပင်ဖြူတာကို တွေ့ရပါတယ်။

    • ဆေးလိပ်သောက်တာ

    ဆေးလိပ်သောက်တာက အရွယ်မတိုင်ခင် ဆံပင်ဖြူတာနဲ့ ဆက်စပ်နေပါတယ်။ ဆေးလိပ်သောက်တာကြောင့် ဆံပင်မွေးညှင်းအိတ်တွေဆီ သွေးလည်ပတ်မှု နည်းသွားတာ၊ သူ့မှာပါတဲ့ ဓာတုပစ္စည်းတွေကြောင့် မွေးညှင်းအိတ်လေးတွေ ပျက်စီးပြီး ဆံပင်ဖြူတာ ဖြစ်တတ်ပါတယ်။

    ဒါဆို ခေါက်ဆွဲပြုတ်တွေက ဆံပင်ဖြူစေ တတ်လား ဆိုရင်

    ခေါက်ဆွဲပြုတ်စားရုံနဲ့တော့ ဆံပင်ဖြူတာမျိုး မရှိပါဘူး။ ခေါက်ဆွဲပြုတ်တွေက ဆံပင်ကို တိုက်ရိုက်ဖြူစေတာမျိုး မဟုတ်ပေမယ့် သွယ်ဝိုက်ပြီးတော့ ဆက်စပ်မှု ရှိပါတယ်။

    ခေါက်ဆွဲပြုတ်တွေက စားကောင်းတယ်ဆိုပေမယ့် အာဟာရတန်ဖိုး နည်းပါးပါတယ်။ ခေါက်ဆွဲခြောက်ထုပ်တွေထဲမှာ ခေါက်ဆွဲခြောက်နဲ့ အရသာမှုန့်ထုပ်တွေပဲ ပါပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေ မပါပါဘူး။

    ဒါကြောင့် ခေါက်ဆွဲခြောက်တွေကို ခဏခဏစားမယ်ဆိုရင် တခြားအာဟာရရှိတာတွေ မစားဖြစ်ဘဲ ဆံပင်ဖြူတာနဲ့ ဆက်စပ်နေတဲ့ ဗီတာမင်တွေ ချို့တဲ့လာတာပါ။ ဒါဆိုရင်တော့ ဆံပင်ဖြူနိုင်ပါတယ်။

    ဒါဆို ခေါက်ဆွဲပြုတ်တွေ ကို စိတ်ချလက်ချ စားလို့ ရပြီပေါ့။

    ခေါက်ဆွဲပြုတ်စားတာ ဆံပင်မဖြူဘူးဆိုပြီး ခဏခဏတော့ မစားသင့်ပါဘူး။ ခဏခဏ စားရင် ခုနကပြောသလို ရေရှည်မှာ အာဟာရချို့တဲ့ပြီး ဆံပင်ဖြူလာမှာပါ။

    ဗီတာမင်တွေ ချို့တဲ့တာက ဆံပင်ဖြူတာတင် မဟုတ်ဘဲ တခြားကျန်းမာရေးပြဿနာတွေကိုပါ ဖြစ်စေနိုင်ပါတယ်။

    ဒါ့ပြင် အဆီများ၊ အငန်များတဲ့အတွက် ခဏခဏစားမယ်ဆိုရင် အဝလွန်တာ၊ နှလုံး၊ သွေးတိုး၊ ဆီးချိုတို့လို နာတာရှည်ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။

    ခေါက်ဆွဲပြုတ် တွေ အစားများပြီး ဆံပင်ဖြူနေပြီဆိုရင်

    ခေါက်ဆွဲပြုတ်တွေ အစားများပြီး ဆံပင်ဖြူနေပြီဆိုရင် ခေါက်ဆွဲပြုတ်စားတာကို ခဏရပ်လိုက်ပါ။ အာဟာရပြည့်ဝပြီး ဗီတာမင်ကြွယ်ဝတဲ့ အစားအစာတွေကို ပြန်စားပါ။ နေ့စဉ် အသီးအရွက် အသားငါး ပါအောင်စားပါ။ လိုအပ်ရင် ဗီတာမင်အစုံပါတဲ့ အားဆေးတစ်မျိုး မှီဝဲပါ။

    ကံကောင်းတာက အာဟာရချို့တဲ့လို့ ဆံပင်ဖြူတာက အာဟာရပြန်ပြည့်လာရင် နဂိုဆံပင်အရောင်ပြန်ရနိုင်ပါတယ်။ ဒါကြောင့် ဆံပင်ဖြူလက်စနဲ့ မထူးပါဘူး ဆက်စားမယ်ဆိုတာမျိုး မလုပ်ဖို့ လိုပါတယ်။

    ခေါက်ဆွဲပြုတ်စားတာနဲ့ ပတ်သက်ပြီး သိချင်တာတွေ ရှိရင်လည်း အောက်ကမှတ်ချက်ဆိုတဲ့နေရာမှာ မေးမြန်းခဲ့နိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    20/03/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement