backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

Perindopril (ပယ်ရင်ဒိုပရေး)

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 13/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

Perindopril (ပယ်ရင်ဒိုပရေး)

Perindopril က သွေးကျဆေးဖြစ်ပါတယ်။ သူက angiotensin-converting enzyme inhibitor (ACEI) အမျိုးအစားပါ။ ဒီအင်ဇိုင်းကို ပိတ်လိုက်တဲ့အတွက် သွေးကြောတွေကို ကျုံ့စေတဲ့ angiotensin II ထွက်တာနည်းသွားပါတယ်။ ဒါကြောင့် သွေးပေါင်ချိန်ကျပြီး ဆားနဲ့ ရေဓာတ် ကိုယ်တွင်းမှာ စုပုံနေတာလည်း သက်သာသွားပါတယ်။

အသုံးပြုပုံများ

Perindopril (ပယ်ရင်ဒိုပရေး) ကို ဘာအတွက်အသုံးပြုကြသလဲ

Perindoprilက သွေးကျစေတာကြောင့် သွေးတိုးရောဂါ၊ နှလုံးညှစ်အားကျတာနဲ့ နှလုံးသွေးကြောကျဉ်းတဲ့ရောဂါတွေမှာ သုံးနိုင်ပါတယ်။

Perindopril (ပယ်ရင်ဒိုပရေး) ဘယ်လိုသောက်သုံးသင့်သလဲ

ဆေးသောက်နည်း အသေးစိတ်ကို ဆေးညွှန်းမှာ သေချာဖတ်ပါ။ ရက်လွန်မလွန် စစ်ဆေးပါ။

သောက်ဆေးကို အမှုန့်ကြိတ်ခြင်း၊ ဝါးစားခြင်း၊ ရေနဲ့ ဖျော်ခြင်းမပြုဘဲ ရေနဲ့ တစ်ခါတည်းသောက်ချပါ။

Perindopril (ပယ်ရင်ဒိုပရေး) ဘယ်လိုသိမ်းဆည်းရမလဲ

Perindoprilကို အခန်းအပူချိန်မှာ သိုလှောင်ထားနိုင်ပါတယ်။ တိုက်ရိုက်နေရောင်ခြည်မထိအောင်နဲ့ စိုစွတ်မှုမရှိအောင်ထားပါ။ ဆေးမပျက်စီးစေဖို့ ရေချိုးခန်းထဲမှာ သိမ်းဆည်းတာနဲ့ ရေခဲပြီး သိမ်းဆည်းတာတွေမပြုလုပ်ပါနဲ့။

ဆေးထုတ်လုပ်တဲ့ ကုမ္ပဏီကွဲပြားမှုပေါ်မူတည်ပြီး သိမ်းဆည်းတဲ့ပုံစံ ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဒီအတွက် ဆေးဘူးအခွံမှာပါတဲ့ သိုလှောင်သိမ်းဆည်းမှုညွှန်ကြားချက်ကို ကြည့်ရှုစစ်ဆေးတာမျိုး ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို မေးမြန်းတာမျိုး အမြဲလုပ်ပါ။ လုံခြုံစိတ်ချရဖို့အတွက် ဆေးဝါးတွေအကုန်လုံးကို ကလေးတွေ၊ အိမ်မွေးတိရိစ္ဆာန်တွေနဲ့ ဝေးရာမှာထားပါ။

ဆေးကို အိမ်သာထဲကိုပစ်ချတာနဲ့ ရေထွက်ပေါက်တွေထဲကနေ သွန်ချတာမျိုးကို မလုပ်သင့်ပါဘူး။ ဒါ့ပြင် ဆေးဝါးတွေကို မလိုအပ်တော့တဲ့အခါ ဒါမှမဟုတ် သက်တမ်းကုန်ဆုံးသွားတဲ့အခါတွေမှာ စနစ်တကျစွန့်ပစ်ဖို့ အရေးကြီးပါတယ်။ ဆေးဝါးတွေကို စနစ်တကျဘယ်လိုစွန့်ပစ်ရမယ်ဆိုတာနဲ့ ပတ်သက်ပြီး သင့်ရဲ့ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ပါ။

ကြိုတင်သတိပြုရန်များနှင့် အသိပေးချက်များ

Perindopril (ပယ်ရင်ဒိုပရေး) အသုံးမပြုခင် ဘာတွေသိသင့်သလဲ

Perindoprilမသောက်သုံးခင် အောက်ပါအခြေအနေတွေရှိရင် ဆရာဝန်ကို ပြောပြသင့်ပါတယ်။

  • ကိုယ်ဝန်ရှိရင် ဒါမှမဟုတ် ကလေးနို့တိုက်နေရင်
  • တခြားစွဲသောက်နေတဲ့ ဆေးတွေရှိရင် (ဆရာဝန်ညွှန်ကြားထားတဲ့ဆေး၊ ဆေးဆိုင်ကနေ ဝယ်သောက်နေတဲ့ဆေး၊ သစ်ဥသစ်ဖု၊ အခြားဆေး)
  • ဆေးရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ဓာတ်မတည့်ရင်
  • တခြားရောဂါအခံတွေ ရှိနေရင်
  • ကိုယ်ဝန်ဆောင်နေချိန် ဒါမှမဟုတ် ကလေးနို့တိုက်နေချိန်မှာ Perindopril(ပယ်ရင်ဒိုပရေး) ကိုသုံးစွဲဖို့ စိတ်ချရပါသလား

    လူတွေမှာ လေ့လာစမ်းသပ်ချက်အရ ကိုယ်ဝန်ဆောင်ချိန်မှာ သောက်သုံးမယ်ဆိုရင် သန္ဓေသားကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ဆေးမသောက်သုံးမီမှာ ဖြစ်နိုင်တဲ့ ကောင်းကျိုး၊ ဆိုးကျိုး ချိန်ဆနိုင်ဖို့ ဆရာဝန်နဲ့ တိုင်ပင်ပါ။ ကိုယ်ဝန်ရှိသွားတယ်ဆိုရင် ဆေးသောက်တာကို ရပ်ဖို့ လိုပါတယ်။

    ဒီဆေးကို အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ သတ်မှတ်ချက်အရ ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် D ရှိသည်ဟု သတ်မှတ်ထားပါတယ်။

    အမေရိကန်ပြည်ထောင်စု အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးအဖွဲ့ရဲ့ကိုယ်ဝန်ဆောင်များတွင် ထိခိုက်နိုင်ခြေအဆင့် သတ်မှတ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

    • A=ဆိုးကျိုးမရှိပါ။
    • B=လေ့လာမှုအချို့အရ ဆိုးကျိုးမရှိပါ။
    • C=ဆိုးကျိုးအချို့ ရှိနိုင်ပါသည်။
    • D= ဆိုးကျိုးများရှိသည့် အထောက်အထားများရှိပါသည်။
    • X=သောက်သုံးရန် မသင့်ပါ။
    • N=အခြေအနေကို မသိရသေးပါ။

    ဘေးထွက်ဆိုးကျိုးများ

    Perindopril (ပယ်ရင်ဒိုပရေး) ကိုအသုံးပြုခြင်းဖြင့် ဘယ်လိုဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်သလဲ

    တခြားဆေးတွေလိုပဲ သူ့မှာလည်း ဘေးထွက်ဆိုးကျိုး အနည်းငယ် ရှိနိုင်ပါတယ်။ ဖြစ်လာခဲ့ရင်တောင် များသောအားဖြင့် လက္ခဏာက ပြင်းထန်လေ့မရှိပါဘူး။ ဆေးရပ်လိုက်ရင် ဒါမှမဟုတ် ဆေးပမာဏလျှော့လိုက်ရင် သက်သာသွားပါတယ်။ တွေ့ရတတ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

    • ခေါင်းကိုက်တာ
    • ခေါင်းမူးတာ
    • ချာချာလည်အောင် မူးတာ
    • ခြေဖျားလက်ဖျား ထုံကျင်တာ
    • အမြင်ဝါးတာ
    • နားအူတာ
    • သွေးပေါင်ကျတာ
    • ချောင်းခြောက်ဆိုးတာ
    • မောတာ
    • အစာအိမ်နဲ့ အူလမ်းကြောင်းပြဿနာ ခံစားရတာ
    • အနီကွက်တွေ ထွက်လာတာ
    • အသားယားတာ
    • ကြွက်တက်တာ
    • နုံးတာတွေပဲ ဖြစ်ပါတယ်။

    ခုပြောတဲ့ ဘေးထွက်ဆိုးကျိုးတွေက လူတိုင်းမှာ ဖြစ်ချင်မှဖြစ်မှာပါ။ တစ်ဦးနဲ့တစ်ဦးလည်း ကွဲပြားခြားနားမှုရှိနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုများရှိနေမယ်ဆိုရင် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

    ဆေးဝါးဓာတ်ပြုမှုများ

    ဘယ်ဆေးတွေက Perindopril (ပယ်ရင်ဒိုပရေး) နဲ့ ဓာတ်ပြုနိုင်သလဲ

    Perindoprilက လောလောဆယ် သောက်သုံးနေတဲ့ တခြားဆေးဝါးတွေနဲ့ ဓာတ်ပြုမှုတွေဖြစ်နိုင်ပြီး ဆေးဝါးတွေရဲ့ အာနိသင်ပြောင်းလဲတာ၊ ဘေးထွက်ဆိုးကျိုးတွေ ပိုခံစားရတာတွေ ဖြစ်နိုင်ပါတယ်။

    မလိုလားအပ်တဲ့ ဆေးဝါးဓာတ်ပြုမှုတွေ ဖြစ်မလာအောင်လို့ သင်လက်ရှိသောက်သုံးနေတဲ့ ဆေးဝါးတွေ အားလုံးရဲ့ စာရင်းကို လုပ်ထားပြီး (စာရင်းလုပ်တဲ့အခါမှာ ဆရာဝန်ညွှန်ကြားထားတာတွေ၊ မညွှန်ကြားဘဲ သောက်သုံးနေတာတွေ၊ သဘာဝဆေးဘက်ဝင်ပစ္စည်းတွေ အားလုံးပါဝင်ပါတယ်) ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ပြောပြဖို့ လိုပါတယ်။

    ဓာတ်ပြုနိုင်တဲ့ ဆေးဝါးများ

    • တခြားသွေးကျဆေးများ
    • ဆီးဆေးများ
    • Lithium
    • Potassium-sparing diuretics
    • ပိုတက်ဆီယမ်ပါဝင်တဲ့ တခြားဆေးများ
    • NSAIDs အကိုက်အခဲပျောက်ဆေးများ
    • ဆီးချိုဆေးများ
    • TCAs (စိတ်ကျရောဂါကုဆေးများ)
    • Antipsychotics (စိတ်ရောဂါကုဆေးများ

    ဆေးဓာတ်ပြုတဲ့ လက္ခဏာတွေ ခံစားရရင် ဆရာဝန်နဲ့ ချက်ချင်းတိုင်ပင်ပါ။ ဆေးပမာဏပြန်ညှိတာ၊ တခြားဆေးနဲ့ အစားထိုးတာ၊ ဆေးရပ်တာတွေ လုပ်ရနိုင်ပါတယ်။

    အစားအသောက်တွေနဲ့ အရက်က Perindopril (ပယ်ရင်ဒိုပရေး) နဲ့ ဓာတ်ပြုနိုင်သလား

    Perindoprilက အစားအသောက် ဒါမှမဟုတ် အရက်သေစာနဲ့ ဓာတ်ပြုမှုတွေဖြစ်ပြီး ဆေးဝါး အာနိသင်ပြောင်းတာနဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်လာနိုင်ပါတယ်။ မလိုလားအပ်တဲ့ ဓာတ်ပြုမှုတွေ မဖြစ်လာအောင်လို့ အစားအသောက်၊ အရက်သေစာတွေနဲ့ ဓာတ်ပြုနိုင်ခြေ ရှိ၊ မရှိကို ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ မေးမြန်းတိုင်ပင်ပါ။

    ဘယ်ရောဂါအခြေအနေတွေက Perindopril (ပယ်ရင်ဒိုပရေး) နဲ့ ဓာတ်ပြုနိုင်သလဲ

    Perindoprilက သင့်ရဲ့ နဂိုကျန်းမာရေးအခြေအနေတွေအပေါ် သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။ သင့်ရဲ့ ကျန်းမာရေးအခြေအနေကို ပိုဆိုးသွားစေတာ ဒါမှမဟုတ် ဆေးအာနိသင် ပြောင်းလဲသွားတာတွေ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် သင့်ရဲ့ကျန်းမာရေးအခြေအနေအကုန်လုံးကို သင့်ရဲ့ဆရာဝန် ဒါမှမဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကြိုတင်အသိပေးဖို့ အရေးကြီပါတယ်။

    သောက်သုံးရန်အညွှန်း

    အခုအချက်အလက်များမှာ ဆေးပညာအကြံပေးမှုကို အစားထိုးရန်အတွက်မဟုတ်ပါ။ ဆေးဝါးများကို အသုံးမပြုခင် ဆရာဝန် သို့မဟုတ် ဆေးဝါးပညာရှင်နဲ့ အမြဲတမ်းတိုင်ပင်ဆွေးနွေးသင့်ပါတယ်။

    အရွယ်ရောက်ပြီးသူများ အသုံးပြုရမယ့်ပမာဏ

    များသောအားဖြင့် ၄မီလီဂရမ် တစ်နေ့တစ်ကြိမ် ပေးလေ့ရှိပါသည်။ တစ်လကြာတဲ့အခါ လိုအပ်ရင် ၈မီလီဂရမ် တစ်နေ့တစ်ကြိမ် တိုးပေးနိုင်ပါတယ်။

    သက်ကြီးပိုင်းများအတွက် ၂မီလီဂရမ်မှ စပေးပြီး တစ်လအကြာတွင် ၄မီလီဂရမ် တိုးပေးနိုင်ပါတယ်။ လိုအပ်ရင် ၈မီလီဂရမ်ထိ တိုးရနိုင်ပါတယ်။

    • လက္ခဏာပြတဲ့ နှလုံးညှစ်အားကျရောဂါအတွက် 

    များသောအားဖြင့် ၂မီလီဂရမ်မှ စပေးလေ့ရှိပါတယ်။ ၂ပတ်ကျော်ကြာတဲ့အခါ နောက်ထပ် ၂မီလီဂရမ် ထပ်တိုးရနိုင်ပါတယ်။ ဆေးပမာဏကို ခံနိုင်တယ်ဆိုရင် ၄မီလီဂရမ် တစ်ရက်တစ်ကြိမ် ပေးနိုင်ပါတယ်။

    ကလေးတွေအတွက် Perindopril (ပယ်ရင်ဒိုပရေး) ရဲ့ အသုံးပြုရမယ့်ပမာဏကဘယ်လောက်လဲ

    ကလေးလူနာတွေအတွက် သောက်သုံးရမယ့် အချိုးအစားကို သတ်မှတ်ထားခြင်း မရှိပါ။ Perindoprilက ကလေးတွေမှာ သောက်ဖို့ စိတ်မချရပါ။ မသုံးစွဲခင်မှာ ဆေးရဲ့ ယုံကြည်စိတ်ချရမှုကို ကောင်းကောင်းနားလည်ထားဖို့အရေးကြီးပါတယ်။ ဆက်လက်သိရှိလိုတဲ့ အကြောင်းအရာတွေကို သင့်ရဲ့ ဆရာဝန် (သို့) ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်ဆွေးနွေးပါ။

    Perindopril (ပယ်ရင်ဒိုပရေး) ကိုဘယ်လိုရရှိနိုင်သလဲ

    Perindopril ကို အောက်ဖော်ပြပါ ဆေးဝါးပုံစံများနှင့် အချိုးအစားများဖြင့် ရရှိနိုင်ပါသည်။

    ၂မီလီဂရမ်၊ ၄မီလီဂရမ်၊ ၈မီလီဂရမ် ဆေးပြားများ

    အရေးပေါ်အခြေအနေ ဒါမှမဟုတ် ဆေးပမာဏလွန်သွားချိန်မှာ ဘာလုပ်သင့်သလဲ။

    အရေးပေါ်အခြေအနေ သို့မဟုတ် ဆေးပမာဏလွန်သွားတဲ့ အခြေအနေတွေမှာ အရေးပေါ်ဆေးရုံဆေးခန်းများမှာ သွားရောက်ကုသမှုခံယူပါ။

    ဆေးသောက်ရမယ့်အချိန်လွတ်သွားခဲ့ရင် ဘာလုပ်ရမလဲ။

    Perindoprilကို သောက်သုံးဖို့ လွတ်သွားခဲ့ပါက (မေ့ခဲ့ပါက) သတိရတဲ့အချိန်မှာ အမြန်ဆုံးသောက်သုံးပါ။ ဒါပေမယ့် နောက်တစ်ကြိမ်သောက်ရမယ့်အချိန်မှ သတိရတယ်ဆိုရင်တော့ လွတ်သွားတဲ့ဆေးကို ထားလိုက်ပါ။ ပုံမှန်အတိုင်းပဲ ဆက်သောက်ပါ။ ဆေးနှစ်ခါ သောက်တာမျိုး မလုပ်ပါနဲ့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 13/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement