backup og meta

အိမ်ထောင်ကျပြီးရင် မဖြစ်မနေ ကလေးယူ ရမှာလား။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 15/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိမ်ထောင်ကျပြီးရင် မဖြစ်မနေ ကလေးယူ ရမှာလား။

    အိမ်ထောင်ကျပြီးပြီဆိုရင် မကြာခင်မှာ ကြားရမယ့် စကားက ကလေးမယူသေးဘူးလားဆိုတာပါပဲ။ အိမ်ထောင်ပြုပြီးသွားရင် ကလေးယူ ရမယ်ဆိုတာက ပုံသေနည်းတစ်ခုလို ဖြစ်နေခဲ့တာ ကြာပါပြီ။ ကလေးမယူရင် ဒီအိမ်ထောင်ရေးက တည်မြဲဖို့ ခက်တယ်ဆိုတဲ့ ယဉ်ကျေးမှုကလည်း ရှိနေသေးသကိုး။

    ဒါပေမယ့် ခုနောက်ပိုင်းမှာ Childless by choice ဆိုတဲ့ ကလေးမယူတဲ့ အလေ့အထကလည်း ခေတ်စားလာပါပြီ။ မျိုးဆက်ကို တန်ဖိုးထားပြီး အစွဲကြီးပါတယ်ဆိုတဲ့ အာရှနိုင်ငံတွေမှာတောင် ဒီအလေ့အထကို စပြီး တွေ့လာရပါပြီ။ ဒါပေမယ့် သိတဲ့အတိုင်းပဲ အိမ်ထောင်ပြုပြီးရင် ကလေးယူရမယ်ဆိုတာက အလေ့အထတစ်ခုလို ဖြစ်နေတော့ ဒါနဲ့ ပတ်သက်ပြီး ဝေဖန်မှု၊ အပြစ်တင်မှုတွေ ကြုံရတာကို တွေ့ရပါတယ်။

    ခေတ်စားလာတဲ့ Childless by choice

    Childless by choice ကို စပြီး ဦးဆောင်လာကြတာက အမျိုးသမီးတွေပါ။ Childless by choice ဆိုပေမယ့် ‘less’ ဆိုတဲ့ အသုံးအနှုန်းက ချို့တဲ့တဲ့ အဓိပ္ပာယ်ရောက်နေတာကြောင့် ဒါကို မသုံးတော့ဘဲ ‘Childfree’ ဆိုတာကို သုံးလာကြပါတယ်။ လွတ်လပ်တယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ပါ။

    တကယ်တော့ ဒီလိုမျိုး ကလေးမယူဘဲ နေတာက ခုမှ ဖြစ်လာတာမျိုးတော့ မဟုတ်ပါဘူး။ ဟိုးအရင်တွေကလည်း ဆင်းရဲမှုတွေ၊ ရောဂါဘယတွေ၊ ငတ်မွတ်ခေါင်းပါးတာတွေ စတာတွေကြောင့် ကလေးယူဖို့ ငြင်းဆန်ခဲ့ကြပါတယ်။ စစ်ပွဲတွေကြောင့် နေရာထိုင်ခင်း အတည်တကျ မရှိတာ၊ ဘဝအတွက် အာမခံချက် မရှိတာကြောင့် လက်ထပ်တဲ့ နှုန်းတွေ ကျလာပြီး ကလေးမယူကြတာလည်း ရှိခဲ့ဖူးပါတယ်။

    ခုခေတ်မှာတော့ ဒီလိုမျိုးအခြေအနေတွေကြောင့် မဟုတ်ဘဲ ကိုယ့်ရဲ့ သဘောဆန္ဒအရ Childless by choice ကို လုပ်လာကြပါတယ်။ ဒီလို လုပ်လာနိုင်တာကလည်း တားဆေးတွေ အရင်ကထက် ပိုပြီး လွယ်လွယ်ကူကူရလာတာကြောင့် ကလေးတားဖို့လွယ်လာတာ၊ အမျိုးသမီးတွေ လက်ထပ်တဲ့ နှုန်း ကျလာတာ၊ လွတ်လွတ်လပ်လပ် နေချင်ကြတာ၊ ကလေးယူတာထက် ပိုပြီး လုပ်စရာတွေ ရှိလာကြတာကြောင့် ဖြစ်ပါတယ်။

    Childless by choice အမျိုးအစားများ

    Childless by choice တွေမှာ

    • Early articulators – ငယ်ငယ်လေးတည်းက ကလေးမယူဘူးလို့ ဆုံးဖြတ်ထားတာ
    • Postponers- နောက်မှ ယူမယ်ဆိုပြီး စဉ်းစားထားကြတာ
    • Aquiescers- ကိုယ့်အိမ်ထောင်ဖက်က မယူဘူးဆိုလို့ ကလေးမယူတော့တာ
    • Undecided- ယူရင် ကောင်းမလား၊ မယူရင် ကောင်းမလား စဉ်းစားနေဆဲ စတာတွေ ရှိပါတယ်။

    နောက်ပြီး ကလေးလိုချင်ပါလျက်နဲ့ ကျန်းမာရေးအခြေအနေကြောင့် မယူကြတာ၊ မရကြတာမျိုးလည်း ရှိပါတယ်။ သူတို့ကိုတော့ Involuntary childlessness (By Chance) လို့ ခေါ်ကြပါတယ်။

    ကလေးယူ ဖို့ ငြင်းဆန်တဲ့အခါ ဘာပြဿနာတွေ ကြုံရနိုင်သလဲ။

    တကယ်တော့ ကိုယ့်ပြဿနာဆိုတာထက် ပတ်ဝန်းကျင်နဲ့ မိသားစုရဲ့ ဝေဖန်မှုတွေက ပိုများပါတယ်။ သူတို့ကြုံရလေ့ရှိတာက

    • ဒါဟာ တစ်ကိုယ်ကောင်းဆန်တဲ့ လုပ်ရပ်ပဲ။

    ဆိုလိုတာက အိမ်ထောင်ကျပြီးရင် ကလေးယူတယ်ဆိုတာ လုပ်ကိုလုပ်ရမယ့်အလုပ်။ လူသားမျိုးနွယ်စုတွေ ရှင်ကျန်ရေးအတွက် (ဒီလောက် ကြီးကြီးကျယ်ကျယ် မဟုတ်ရင်တောင် ကိုယ့်မျိုးဆက်ကျန်ဖို့) ကလေးဆိုတာ ယူသင့်တယ်။ ဒါက မျိုးဆက်ကို ဖြတ်နေတာဆိုပြီး ဝေဖန်ခံရနိုင်ပါတယ်။

    ဒါပေမယ့် ပြန်စဉ်းစားကြည့်မယ်ဆိုရင် ကိုယ်မလိုချင်ဘဲ ကလေးယူတာက ကလေးကို ခေါ်ပြီး စိတ်ဒုက္ခပေးနေသလိုပါပဲ။ ကိုယ်မကြိုက်တဲ့ပစ္စည်းဆိုရင် ချောင်ထိုးထားတတ်သလို ဒီကလေးလေးကလည်း ဂရုစိုက်မှု အပြည့်အဝရချင်မှ ရမှာပါ။ ဘယ်လောက်ပဲ ဆွေမျိုးတွေက ကူကြည့်ပေးတယ်ပြောပြော မိဘတွေဆီက ဂရုစိုက်မှုလောက် မကောင်းနိုင်ပါဘူး။

    နောက်တစ်ခုက ကမ္ဘာပေါ်မှာ လူဦးရေက ရှိသင့်တာထက်ကို များနေပြီး ကမ္ဘာ့စားနပ်ရိက္ခာနဲ့ တခြားသော အရင်းအမြစ်တွေကလည်း လုံလောက်မှု မရှိတော့ပါဘူး။ ဒါကြောင့် မဖြစ်မနေ ကလေးမွေးပြီး လူသားမျိုးဆက်ကို ဆက်ထိန်းဖို့ မလိုပါဘူး။ နောက်ပြီး ကလေးယူတာကို ကိုယ့်လူမျိုး၊ ကိုယ့်မျိုးဆက် ကျန်ဖို့ဆိုပြီး ဘယ်သူမှ မစဉ်းစားကြပါဘူး။ ကိုယ့်မိသားစုအဆင်ပြေသလောက်ကိုပဲ ယူကြတာ ဖြစ်ပါတယ်။

    မိဘတွေ အသက်ကြီးရင် သားသမီးက ဂရုစိုက်ပေးတယ်ဆိုပေမယ့် ဒါက အမြဲမှန်တာတော့ မဟုတ်ပါဘူး။ သားသမီးကို ကြီးတဲ့အထိ အိုကြီးအိုမနဲ့ လုပ်ကျွေးနေရတဲ့ မိဘတွေ ရှိသလို ဘိုးဘွားရိပ်သာ ပို့ခံရတဲ့ မိဘတွေလည်း ရှိပါတယ်။ ဒါကြောင့် ကလေးယူလိုက်တာက ငါတို့အသက်ကြီးရင် ဂရုစိုက်ပေးမှာဆိုတဲ့ အာမခံချက်ကို မရစေပါဘူး။

    ကလေးက အိမ်ထောင်ရေးမြဲဖို့ အပေါင်ပစ္စည်းတစ်ခုလို မဖြစ်သင့်ပါဘူး။ ကလေးမရှိပေမယ့် အိုအောင်မင်းအောင် မြဲသွားကြတဲ့ အိမ်ထောင်ရေးတွေ ရှိသလို ကလေးတွေ မွေးပြီးကာမှ အိမ်ထောင်ကွဲသွားလို့ Broken family အနေနဲ့ ကြီးပြင်းရတာတွေလည်း ရှိနိုင်ပါတယ်။

    • ခွဲခြားဆက်ဆံခံရပါတယ်။

    ကလေးမမွေးနိုင်တဲ့ အမျိုးသမီးဆိုရင် တစ်ခုခုချို့တဲ့နေသလို ကြည့်ကြတာက ခုထိရှိနေဆဲပါ။ ကလေးရနိုင်ပေမယ့် Childless by choice လုပ်တယ်ဆိုရင်ပိုဆိုး။ မိန်းမမပီသဘူး။ သူက ကလေးတွေကို မချစ်တတ်ဘူး။ ကလေးတွေကို မုန်းတယ်နဲ့ တူပါတယ်ဆိုပြီး နောက်ကွယ်မှာ ပြောခံရနိုင်ပါတယ်။

    အိမ်ထောင်ကျပြီးရင် မဖြစ်မနေ ကလေးယူ ရမှာလား။

    Childfree နေခြင်းရဲ့ ကောင်းကျိုးဆိုးကျိုး

    ကောင်းကျိုးအနေနဲ့ဆိုရင်

    • ကိုယ့်ကိုယ်ကို ပိုပြီး ဂရုစိုက်နိုင်တယ်။

    အမျိုးသမီးတွေက ကလေးယူပြီးရင် သူရဲ့ အချိန်တော်တော်များများကို ဒီကလေးအပေါ်မှာ သုံးလိုက်ရတဲ့အတွက် သူ့ကိုယ်ပိုင်အချိန်၊ ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတာ မရှိတော့ပါဘူး။ တစ်ခုခုလုပ်မယ်ကြံတိုင်းမှာ ကလေးကို အမြဲထည့်စဉ်းစားရပါတယ်။ ကလေးမယူဘူးဆိုရင်တော့ သူ့အချိန်တွေကို သူစိတ်ကြိုက်သုံးနိုင်မှာပါ။

    • ဘဝတိုးတက်ရာ တိုးတက်ကြောင်းကို ဆက်လုပ်နိုင်မယ်။

    ပွင့်ပွင့်လင်းလင်း ပြောရရင် ကလေးထိန်းရတာက အချိန်တော်တော်ကုန်ပါတယ်။ ကလေးကို အချိန်ပေးထားရတဲ့အတွက် တချို့သော သင်တန်းတွေ၊ လေ့လာချချင်တာတွေ၊ လုပ်ချင်တာတွေကို ကန့်သတ်ရတော့မှာပါ။ အခန့်မသင့်ရင် အလုပ်ပါ နားရနိုင်ပါတယ်။

    ဆိုးကျိုးအနေနဲ့ဆိုရင်တော့

    • ပတ်ဝန်းကျင်ရဲ့ ဝေဖန်တာကို ခံရနိုင်တယ်။

    ကလေးမယူဘူးလို့ ပြန်ဖြေမိတာနဲ့ အပေါ်က စကားလေးခွန်းကို မျှော်လင့်ထားတာ ပိုကောင်းပါလိမ့်မယ်။

    • အိမ်ထောင်ဖက်နဲ့ သဘောထား မတိုက်ဆိုင်တာ ဖြစ်နိုင်ပါတယ်။

    အထူးသဖြင့် ကိုယ်ကမယူချင်ဘူး။ သူက လိုချင်တယ်ဆိုရင်ပေါ့။

    ကလေးယူ မယ် မယူဘူး မဆုံးဖြတ်ခင် ဒါကို စဉ်းစားပါ။

    • ကလေး မယူချင်တာ သေချာပြီလားဆိုတာကို သေချာစဉ်းစားပါ။ နောက်ပိုင်းမှ ယူချင်တယ်ဆိုရင်၊ အသက်လည်း ကြီးလာပြီဆိုရင် ယူဖို့ ခက်ပါတယ်။
    • မယူချင်တာလား၊ မွေးရမှာ ကြောက်တာလားဆိုတာကို သေချာပါစေ။ တချို့က မယူချင်တာ မဟုတ်ဘဲ ကလေးမွေးရမှာကို ကြောက်တာပါ။ ဒါဆိုရင်တော့ ကလေးမွေးစားတာ၊ တတ်ကျွမ်းနားလည်သူနဲ့ ဆွေးနွေးတာမျိုး လုပ်လို့ ရပါတယ်။
    • အိမ်ထောင်ဘက်နဲ့ သေချာဆွေးနွေးပါ။ နှစ်ယောက်က သဘောထား ကွဲလွဲနေရင် အိမ်ထောင်ရေးပါ ထိခိုက်လာနိုင်ပါတယ်။
    • မိသားစုဝင်တွေကို သေချာပြောပြပါ။ ရေရှည်မှာ သူတို့ရဲ့ အားပေးထောက်ခံမှုကလည်း အရေးပါပါတယ်။

    သင့်ဆုံးဖြတ်ချက်ကသာ အဓိကပါ။

    • ကလေးယူမယ် မယူဘူးဆိုတာ အိမ်ထောင်ဘက်နဲ့ကိုယ် ညှိနှိုင်းရမယ့် ကိစ္စပါ။
    • ကလေးယူတာက အပြစ်မဟုတ်သလို ကလေးမယူဘဲ နေရင်လည်း ကဲ့ရဲ့ပိုင်ခွင့် မရှိပါဘူး။
    • ယူခြင်း မယူခြင်းက တစ်ဦးတစ်ယောက်ခြင်းစီရဲ့ လွတ်လပ်ခွင့်၊ ရွေးချယ်မှု ဖြစ်ပါတယ်။
    • ဒါကို မိသားစုဝင်တွေနဲ့ ပတ်ဝန်းကျင်ကလည်း လေးစားဖို့ လိုပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 15/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement