backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကိုယ့်ကိုယ်ကို ဆံပင်အရမ်းကျွတ်နေတယ်လို့ သံသယရှိနေပြီလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 17/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကိုယ့်ကိုယ်ကို ဆံပင်အရမ်းကျွတ်နေတယ်လို့ သံသယရှိနေပြီလား

ဆံပင်ကျွတ် တယ်ဆိုတာဟာ လူ့ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မ ဖြစ်စဉ်ပြောင်းလဲမှုတွေထဲက တစ်ခုပါပဲ။ အမျိုးသားရော၊ အမျိုးသမီးပါမကျန် တစ်နေ့ကို ဆံပင် အပင် ၅၀ ကနေ ၁၀၀ ကြားထိ ပုံမှန် ကျွတ်နိုင်ပါတယ်။ ကျွတ်သွားတဲ့ နေရာမှာလည်း ဆံပင် အသစ်တွေက ပြန်လည်အစားထိုးပြီး ပေါက်ပါတယ်။

ရေချိုးတဲ့ အချိန် ဖြစ်စေ၊ မနက် အိပ်ရာ ထတဲ့ အချိန် ဖြစ်စေ၊ ကိုယ်က ခေါင်းဖြီးလိုက်တဲ့ အချိန် ဖြစ်စေ ဆံပင်တွေ အရမ်း ကျွတ်နေတယ်လို့ သံသယ ရှိလာပြီဆိုရင်တော့ သေချာ စစ်ဆေးကြည့်သင့်ပါတယ်။ ဆံပင် ကျွတ်တာဟာ ရံဖန်ရံခါ ဖြစ်နိုင်သလို ကိုယ့်ရဲ့ ကိုယ်ခန္ဓာထဲမှာ ကြီးမားတဲ့ ပြောင်းလဲမှု ရှိလာတဲ့အခါမှာလည်း ဖြစ်နိုင်ပါတယ်။

ကိုယ့်ကိုယ်ကို ဆံပင်အရမ်းကျွတ်နေတယ်လို့ သံသယရှိနေပြီလား ။ ဒါဆိုရင်တော့ ကိုယ့်ရဲ့ ကျန်းမာရေး အခြေအနေကို ပြန်စစ်ဆေးပြီး အရေပြားဆရာဝန်နဲ့ သေချာ ကုသမှု ခံယူတာ အကောင်းဆုံးပါပဲ။

ဆံပင်ကျွတ်လာရခြင်း အကြောင်းရင်းတွေက ဘာတွေလဲ။

၁။ ပုံမှန်အားဖြင့် မျိုးရိုးဗီဇကြောင့် ဆံပင်ကွက်ပြီး ပါးလာတာ၊ ထိပ်ပြောင်တဲ့ လက္ခဏာတွေ အတွေ့များပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ဒီလက္ခဏာတွေကို တွေ့ရမှာဖြစ်ပြီး လူငယ်တွေမှာလည်း ဖြစ်နိုင်ခြေ ရှိပါတယ်။

၂။ လူပျိုဖော်၊ အပျိုဖော်ဝင်ကာစ အချိန်မှာလည်း ကိုယ်ခန္ဓာထဲမှာ ဖြစ်လာတဲ့ လိင်ဟော်မုန်းအချို့ကြောင့် ဆံပင်ကျွတ်နိုင်ပါတယ်။

၃။ အပြင်းဖျားတာ၊ ခွဲစိတ်ကုသမှု ခံယူရတာ၊ ဦးနှောက်ကို ထိခိုက်မိတဲ့ အခြေအနေမှာ ဆံပင်ကျွတ်တဲ့ ပြဿနာ ကြုံလာရနိုင်ပါတယ်။ ဒီအခြေအနေမှာတော့ အရေပြားဆရာဝန်ဆီမှာ ကုသမှု ခံယူပြီး ဆံပင်ပေါက်လာအောင် ပြန်လုပ်ဖို့ အရေးကြီးပါတယ်။

၄။ အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်စဉ်၊ မီးဖွားပြီးစဉ်၊ သန္ဓေတားဆေး သုံးတာ ရပ်လိုက်ချိန်နဲ့ သွေးဆုံးချိန်တွေမှာ ခေတ္တခဏ ဆံပင်ကျွတ်တဲ့ ပြဿနာ တွေ့ရနိုင်ပါတယ်။

၅။ အရေပြားမှို စွဲကပ်တဲ့အခါမျိုး၊ ကိုယ်ခံအားစနစ်က ဆံသားမွေးညင်းပေါက်တွေကို ထိခိုက်မိတဲ့ ရောဂါမျိုးမှာ ဆံပင်ကျွတ်တဲ့ လက္ခဏာအပြင် ဆံပင်ပြန်မပေါက်တော့တဲ့အထိ ပြင်းထန်နိုင်ပါတယ်။

၆။ ကင်ဆာကုထုံး ကုသမှုခံယူနေချိန်၊ သွေးတိုးရောဂါ၊ အဆစ်ရောင်ရောဂါ၊ နှလုံးနဲ့ သက်ဆိုင်တဲ့ ရောဂါဝေဒနာကို ခံစားနေရချိန်၊ စိတ်ဓာတ်ကျနေချိန်မှာလည်း ဆံပင်ကျွတ်နိုင်ပါတယ်။

၇။ မိသားစုဝင် ဒါမှမဟုတ် ကိုယ်ချစ်ရတဲ့သူ ဆုံးသွားတဲ့အချိန် စိတ်ခြောက်ခြား တုန်လှုပ်မှုဖြစ်ခြင်း၊ ကိုယ်အလေးချိန် အလွန်အမင်း ကျဆင်းသွားချိန်၊ အဖျားကြီးချိန်မှာ ဖြစ်တတ်တဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး အခြေအနေကြောင့်လည်း ဆံပင်ကျွတ်နိုင်ပါတယ်။

၈။ ဦးခေါင်းမှာ ရှိတဲ့ အမွေးအမျှင်တွေ (ဆံပင်၊ မျက်ခုံး၊ မျက်တောင်၊ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေး) ကို မကြာခဏ လက်နဲ့ သွားသွားနှုတ်ချင်လာအောင် စေ့ဆော်နေတတ်တဲ့ စိတ်ရောဂါမျိုး ရှိနေရင်လည်း ဆံပင်ကျွတ်နိုင်ပါတယ်။

၉။ ဆံပင်ကို တင်းတင်းကြပ်ကြပ်စည်းတဲ့အခါ ဆံသားမွေးညှင်းပေါက်တွေကို ဖိအားသက်ရောက်သလို ဖြစ်နေတဲ့အတွက် ဆံပင်ကျွတ်တဲ့ လက္ခဏာမျိုး ကြုံလာနိုင်ပါတယ်။

၁၀။ ပရိုတင်းဓာတ်၊ သံဓာတ်နဲ့ အာဟာရဓာတ်ချို့တဲ့သူတွေမှာ ဆံပင်ပါးတဲ့ ပြဿနာမျိုး တွေ့နိုင်ပါတယ်။

ကိုယ့်ကိုယ်ကို ဆံပင်အရမ်းကျွတ်နေတယ်လို့ သံသယရှိနေပြီလား

ပုံမှန်ထက် ဆံပင် ပိုကျွတ်တဲ့အခါမှာ ကိုယ်ခန္ဓာထဲမှာ ငုပ်နေတဲ့ ရောဂါတစ်မျိုးမျိုး၊ ကျန်းမာရေး ပြဿနာအခြေအနေတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အကောင်းဆုံးကတော့ နားလည်တတ်ကျွမ်းတဲ့ အရေပြားဆရာဝန်ဆီမှာ သေချာကုသမှု ခံယူရပါမယ်။ ကိုယ့်မှာ မိဘမျိုးရိုးဗီဇကြောင့် ဆံပင်ကျွတ်တာလား၊ စိတ်ကျန်းမာရေးအခြေအနေကြောင့်လား၊ ရောဂါ တစ်ခုခုရှိနေလို့လား ဆိုတာကို သေချာပြောပြပေးမှ ဆရာဝန်က ကိုယ့်ရဲ့ ဆံပင် ကျွတ်ရခြင်း ဇစ်မြစ်ကို နားလည်ပြီး ပြဿနာကို ဖြေရှင်းနိုင်မှာပါ။

ဘယ်လိုကုသမှုတွေ၊ စစ်ဆေးမှုတွေ ပြုလုပ်သင့်လဲ။

၁။ သွေးစစ်ခြင်း – HIV လို ကိုယ်ခံအားစနစ်ကို ထိခိုက်နေတဲ့ ရောဂါတွေ ရှိနေပြီလားဆိုတာကို ရှာဖွေစစ်ဆေးလို့ ရပါတယ်။

၂။ ဆံသားကို ဆွဲပြီး စစ်ဆေးခြင်း – အရေပြားဆရာဝန်က ကိုယ့်ရဲ့ ဆံပင်က ဆွဲလိုက်တဲ့အခါ ဆံပင်အများကြီး လက်မှာ ကပ်ပါလာသလဲဆိုတာ ကြည့်ပြီး အခြေအနေကို သုံးသပ်လို့ ရပါတယ်။

၃။ ဦးရေပြားကို ဓာတ်ခွဲစစ်ဆေးခြင်း – ကိုယ့်ရဲ့ ဆံသားတချို့ ဒါမှမဟုတ် ဦးရေပြားအပိုင်းအစကို နမူနာယူပြီး စစ်ဆေးကြည့်တာပါ။ ဆံပင်တွေ ကျွတ်လာရတဲ့ အဓိကအကြောင်းရင်းကို အဖြေရှာနိုင်ပါတယ်။

၄။ ဆံသားပြန်ပေါက်စေဖို့ ဆေးသုံးစွဲခြင်း – အရေပြားဆရာဝန်ကိုယ်တိုင် ညွှန်းပေးလိုက်တဲ့ သောက်ဆေး သို့မဟုတ် လိမ်းဆေးကို အသုံးပြုပြီး ဆံသားကျွတ်တဲ့ ပြဿနာကို ဖြေရှင်းနိုင်ပါတယ်။

၅။ ဆံပင်စိုက်ကုထုံး – ထိပ်ပြောင်တဲ့သူတွေအတွက် ဆံသားအုံထူတဲ့နေရာကနေ ဆံပင်အနည်းကိုယူပြီး ဆံပင်ပြန်မပေါက်တော့တဲ့ နေရာမှာ ပြန်စိုက်ပေးတာဖြစ်ပါတယ်။

ဆံပင်မကျွတ်အောင် ဘယ်လိုကာကွယ်မလဲ။

၁။ ဆံသားမွေးညှင်းပေါက်တွေကို ဖိအားဖြစ်စေလောက်တဲ့အထိ ဆံပင်ကို အရမ်းကျပ်နေအောင် မစည်းထားပါနဲ့။

၂။ အစာအာဟာရ မျှတစွာ စားသောက်ပေးပါ။ သံဓာတ်နဲ့ ပရိုတင်းဓာတ် နေ့စဉ် လုံလောက်စွာ ရှိပါစေ။

၃။ ဆံပင်ကို တစ်ရက်ခြား တစ်ခါ ပုံမှန်လျှော်ပေးပါ။ ခေါင်းလျှော်တဲ့အခါမှာလည်း မပြင်းတဲ့ ကလေးသုံး ခေါင်းလျှော်ရည်နဲ့ လျှော်ပေးရင်အကောင်းဆုံးပါပဲ။

၄။ ဆံသားကို ခြောက်သွေ့အောင် ထားပါ။ မလိုအပ်ပဲ ဆံပင်ကို မကိုင်ပါနဲ့။ မပွတ်ဆွဲပါနဲ့။

၅။ ဆံပင်ကို အပူပေးတဲ့ ကိရိယာတွေ၊ အခြောက်ခံဖို့ လေမှုတ်စက်တွေကို သိပ်မသုံးပါနဲ့။

၆။ စိတ်ဖိစီးမှုဟာ ကိုယ်ခန္ဓာအတွက်ရော စိတ်ကျန်းမာရေးအတွက်ရော မကောင်းတာကြောင့် အမြန်ဆုံး ဖြေဖျောက်နိုင်ရင် အကောင်းဆုံးပါပဲ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 17/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement