မျက်နှာကိုဆပ်ပြာနဲ့သစ်တယ်၊ရေဆေးချတယ်၊မျက်နှာရေသုတ်တာကတော့ လူတိုင်းလုပ်နေကျ တစ်ကိုယ်ရည်သန့်ရှင်းရေး နည်းလမ်းတစ်ရပ်ပါ။ ဝက်ခြံရှိသူတွေကတော့ ဒီသမာရိုးကျလမ်းစဉ်အတိုင်းလုပ်လို့မရပါဘူး။ အချိန်နည်းနည်းပိုပေးပြီး ပုံမှန်ထက် ပိုဂရုစိုက်ပေးမှ ဝက်ခြံတွေကိုသက်သာစေနိုင်မှာဖြစ်ပါတယ်။
သင်ကဝက်ခြံထွက်လွယ်တဲ့ အသားအရေပိုင်ရှင်မျိုးဖြစ်မယ်ဆိုရင် မှန်ကန်တဲ့ မျက်နှာသစ်ဆေးကိုရွေးချယ်ဝယ်ယူဖို့က အရေးကြီးပါတယ်။ မိမိအသားအရေနဲ့ကိုက်မယ့် မျက်နှာသစ်ဆေးကိုရွေးချယ်ဝယ်ယူမှသာ မျက်နှာအရေပြားပေါ်က ဘက်တီးရီးယားတွေကို သုတ်သင်ပေးနိုင်မှာဖြစ်တဲ့အပြင်မွှေးညှင်းပေါက်လေးတွေထဲက အဆီတွေနဲ့ အညစ်အကြေးတွေကို သန့်စင်စေမှာဖြစ်ပါတယ်။ မျက်နှာကို အဲဒီလို အသေအချာ အချိန်ပေးသစ်မှ မျက်နှာပေါ်က ဆဲလ်သေတွေနဲ့ ဘက်တီးရီးယားပိုးတွေကို ဖယ်ရှားပေးနိုင်မှာဖြစ်ပြီး ဝက်ခြံအတွက်လိမ်းပေးရတဲ့ဆေးတွေကို အရေပြားကပိုမိုစုပ်ယူနိုင်အောင်လည်း အထောက်အကူပြုပေးမှာပါ။
ဝက်ခြံရှိတဲ့ အသားအရေပိုင်ရှင်တွေအနေနဲ့ အပြင်းစားမျက်နှာသစ်ဆေးတွေအသုံးပြုတာမျိုးမလုပ်သင့်ပါဘူး။ အပြင်းစားမျက်နှာသစ်ဆေးတွေက အရေပြားကို နီမြန်း၊နာကျင်စေနိုင်တဲ့အပြင် ရှိနေတဲ့ ဝက်ခြံတွေကို ပိုဆိုးသွားစေပါတယ်။ Garnier Pure Active Acne & Oil Clearing Foam လိုမျိုးSalicylic acid နဲ့ ဘလူးဘယ်ရီ အဆီအနှစ်ကို အခြေခံပြီးထုတ်ထားတဲ့ မျက်နှာသစ်ဆေးတွေကို အသုံးပြုပေးလို့ရပါတယ်။
မသေချာရင်မိမိရဲ့အရေပြားဆရာဝန်နဲ့တိုင်ပင်ပြီး ဝက်ခြံဖြစ်လွယ်တဲ့ အသားအရေနဲ့ကိုက်ညီမယ့် မျက်နှာသစ်ဆေးကို ဘယ်လိုရွေးချယ်ဝယ်ယူရမလဲဆိုတာကို တိုင်ပင်ကြည့်ပါ။ ဝက်ခြံထွက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေအတွက် မှန်ကန်တဲ့ မျက်နှာသစ်ဆေးရွေးချယ်ဝယ်ယူတဲ့နေရာမှာ အသုံးဝင်နိုင်မယ့် အချက်အချို့ကို မျှဝေပေးလိုက်ပါတယ်။
မျက်နှာသစ်ဆေးဝယ်ယူတဲ့နေရာမှာဈေးနှုန်းက အရေးမပါလှပါဘူး။ ထိရောက်မှုရှိဖို့ကသာ အဓိကကျတာပါ။ မျက်နှာသစ်ဆေးအချို့က အရေပြားကိုခြောက်သွေ့နီမြန်းစေနိုင်တဲ့ alkaline pH ကိုအခြေခံပြီးထုတ်လုပ်ထားတာဖြစ်ပါတယ်။
ဝက်ခြံထွက်လွယ်သူတွေအနေနဲ့ မျက်နှာသစ်ဆေးဝယ်ယူတော့မယ်ဆိုရင်-
- သိပ်မပြင်းဘဲ အယ်လ်ကိုဟောမပါဝင်တာမျိုးကိုရွေးချယ်ပါ။
- အရေပြားဆရာဝန်နဲ့အရင်တိုင်ပင်ကြည့်ပါ။ မိမိအသားအရေအမျိုးအစားနဲ့ကိုက်မယ့် မျက်နှာသစ်ဆေးကိုရွေးချယ်ဝယ်ယူပေးပါ။
- အချို့ ဝက်ခြံသက်သာစေတဲ့ မျက်နှာသစ်ဆေးတွေနဲ့ မျက်နှာတိုက်ဆပ်ပြာတွေမှာ ဝက်ခြံကို သက်သာစေပြီး မျက်နှာအသားအရေကိုကောင်းမွန်စေတဲ့ အရာတွေပါဝင်နေတတ်ပါတယ်။ များသောအားဖြင့် ဝက်ခြံတွေကို သက်သာစေပြီး အရေပြားကို ကောင်းမွန်စေနိုင်တဲ့ salicylic acid၊ sodium sulfacetamide နဲ့ benzoyl peroxide တို့ပါဝင်နေတတ်ပါတယ်။Benzoyl peroxide ကအရေပြားပေါ်က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးပါတယ်။Salicylic acid ကမွှေးညှင်းပေါက်တွေကို သန့်စင်စေပြီး ဝက်ခြံကြောင့် နီမြန်းရောင်ရမ်းတာကို သက်သာစေပါတယ်။Sodium sulfacetamide ကတော့ ဘက်တီးရီးယားတွေ ထပ်မံမပေါက်ဖွားနိုင်အောင် ဟန့်တားပေးပါတယ်။
- အရေပြားကိုရေဓါတ်ပြည့်ဝအောင်ထားပါ။ သဘာဝပစ္စည်းတွေကနေ အခြေခံပြီးထုတ်ထားတဲ့ မျက်နှာသစ်ဆပ်ပြာမျိုးကိုရွေးချယ်အသုံးပြုပေးပါ။ အစိုဓါတ်ထိန်းပေးနိုင်မယ့် ခရင်ခ်မျိုးလိမ်းပေးလို့လည်းရပါတယ်။
ဝက်ခြံထွက်လွယ်တဲ့အသားအရေပိုင်ရှင်တွေအနေနဲ့ မနက်တစ်ကြိမ် ၊အိပ်ရာဝင်ခါနီးတစ်ကြိမ်မျက်နှာသစ်ပေးရုံနဲ့လုံလောက်ပါတယ်။ မျက်နှာသစ်တဲ့အခါ မျက်နှာသစ်ဆေးကို လက်ညှိုးထိပ်လေးနဲ့ယူပြီး မျက်နှာပေါ်မှာ ညင်ညင်သာသာပွတ်ပေးပါ။သွေးလည်ပတ်မှုကောင်းစေဖို့ မျက်နှာကို လက်ချောင်းလေးတွေအသုံးပြုပြီး စက်ဝန်းသဏ္ဍန်နှိပ်ပေးပါ။ ခဏလောက်ထားပြီးရေခပ်နွေးနွေးလေးနဲ့ ဆေးချပေးလိုက်ပါ။ အရေပြားကိုကြမ်းကြမ်းတမ်းတမ်းပွတ်တိုက်တာမျိုးမလုပ်ပါနဲ့။ နေရောင်နဲ့တိုက်ရိုက်ထိတွေ့တာမျိုးမလုပ်ပါနဲ့။နေရောင်အောက်ထွက်တဲ့ အခါ ထီးတွေ ဦးထုပ်တွေဆောင်းသွားဖို့လည်း သတိရပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။