backup og meta

ကလေးမွေးပြီးနောက် လိင်ဆက်ဆံခြင်း


Phyo Wai Yan မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးမွေးပြီးနောက် လိင်ဆက်ဆံခြင်း

    ကလေးမွေးပြီးတဲ့အချိန်မှာ သင့်ကလေးကိစ္စတွေပြီးမှ လိင်ကိစ္စကို နောက်ဆုံးထားပြီး စဉ်းစားတတ်ကြပါတယ်။ သို့သော် လိင်ကိစ္စဟာ သင့်နှင့် သင့်အဖော်အတွက် အရေးပါတဲ့ဘ၀ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ သင်ဟာ ဘယ်အချိန်မှာ ပြန်ပြီး လိင်ဆက်ဆံလို့ရမလဲ။ ဘယ်လိုဆက်ဆံရင် သက်တောင့်သက်သာရှိမလဲ။ သင်ဟာ ဒီဖော်ပြထားတဲ့အချက်တွေကို ထည့်သွင်းစဉ်းစားနိုင်တယ်။

    ကလေးမွေးပြီး ဘယ်အချိန်မှာ လိင်ဆက်ဆံလို့ရမလဲ။

    သင့်ကလေးက သင့်အတွက်အံ့အားသင့် ဝမ်းသာစရာဖြစ်တယ်။ ဒါပေမယ့် ကလေးကို ထိန်းကျောင်းနေခြင်းက သင့်ရဲ့လိင်ကိစ္စကို ထိခိုက်စေတတ်ပါတယ်။ ကလေးမွေးပြီးချိန်တွင် သင်နှင့် သင့်အဖော်၂ယောက်စလုံးက လိင်ဆက်ဆံချိန်အတွက် ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ အသင့်ဖြစ်နေဖို့ အရေးကြီးတယ်။

    သင်တို့ ၂ယောက်စလုံး လိင်ဆက်ဆံလိုစိတ်ရှိမှ သာယာတဲ့ ဆက်ဆံရေးကို ရရှိနိုင်မှာပါ။ ကလေးမွေးပြီးချိန်တွင် သင့်စိတ်အနေအထားကလည်း ပုံမှန်အခြေအနေပြန်ဖြစ်လာဖို့ ၊ မိန်းမကိုယ်ပြန်ကျဉ်းလာဖို့ နဲ့ ကလေးမွေးပြီး သွေးဆင်းတာတွေရပ်သွားဖို့ အချိန်တစ်ခုတော့ လိုပါတယ်။ သွေးဆင်းတာမရပ်ခင် လိင်ဆက်ဆံလျှင် ရောဂါပိုးကူးစက်နိုင်ပါတယ်။ သင့်စိတ်ရော ကိုယ်ပါ သက်တောင့်သက်သာရှိဖို့ကို သတိပြုသင့်ပါတယ်။

    ကလေးမွေးပြီး အနည်းဆုံး၄ပတ်ကြာမှ လိင်ဆက်ဆံသင့်တယ်လို့ ဆရာဝန်တွေက အကြံပြုထားတယ်။ ဒါပေမယ့် အချိန်ကာလ အပြောင်းအလဲ ရှိတတ်ပါတယ်။ တချို့အမျိုးသမီးတွေဟာ ကလေးမွေးပြီး ရက်သတ္တပတ်များမကြာမီတွင် လိင်ဆက်ဆံဖို့ အသင့်ဖြစ်နေတတ်တယ်။ တချို့တွေကတော့ လတွေကြာတဲ့အထိ လိင်ဆက်ဆံလိုစိတ် မရှိကြဘူး။ အားလုံးက သင့်အပေါ်မှာပဲ မူတည်နေတယ်။ သင်ဟာ လိင်ပြန်ဆက်ဆံလိုတဲ့အချိန်မှာ သင့်အဖော်နဲ့ ဆွေးနွေးသင့်ပါတယ်။ ပြဿသ နာရှိပါက ဆရာဝန်နဲ့ဆွေးနွေးပါ။

    သင့်စိတ်ခံစားမှုကလည်း အရေးပါပါတယ်။ သင်အလိုရှိချိန်တွင် လိင်ဆက်ဆံပါ။ မဟုတ်ရင် သာယာမှုကို မရရှိနိုင်ပါဘူး။

    နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ သားဆက်ခြားခြင်းပါပဲ။ လိင်ဆက်ဆံခြင်းပြန်စတင်တာနှင့် ကိုယ်ဝန်နောက်တစ်ကြိမ် ပြန်ရနိုင်ပါတယ်။ ဒါ့ကြောင့် လိင်ဆက်ဆံမှုမစခင် သန္ဓေတားနည်းလမ်းကို စဉ်းစားသင့်ပါတယ်။ ကွန်ဒုံး၊ တားဆေးကဒ်၊ သားအိမ်တွင်းပစ္စည်း(Copper IUD) တို့ကိုသုံးနိုင်ပါတယ်။ ဒီအကြောင်းတွေကို ဆရာဝန်နှင့် ဆွေးနွေးနိုင်ပါတယ်။

    ကလေးကို နို့တိုက်တာဟာ လိင်ကိစ္စကို ထိခိုက်စေနိုင်လား။

    အခန့်မသင့်လျှင် နို့တိုက်ခြင်းဟာ သင်လိင်ဆက်ဆံတာကို ထိခိုက်နိုင်ပါတယ်။ သင့်မိန်းမကိုယ်မှ လုံလောက်တဲ့ ချောမွေ့မှုမရှိဘူးလို့ ခံစားရနိုင်ပါတယ်။ ဒီအခြေအနေမှာ ချောဆီအသုံးပြုနိုင်ပါတယ်။ ချောဆီကို ကွန်ဒုံးဝယ်ယူတဲ့ နေရာမှာ ဝယ်နိုင်ပါတယ်။ ဆီကိုအခြေခံတဲ့ချောဆီတွေက ကွန်ဒုံးကို ပေါက်ပြဲစေနိုင်တဲ့အတွက် ရေကိုအခြေခံပြီးထုတ်ထားတဲ့ ချောဆီကို သုံးသင့်ပါတယ်။

    သင့်ရင်သားတွေကလည်း ထိမိလျှင် သို့မဟုတ် လိင်လှုံ့ဆော်မှုလုပ်လျှင် နာကျင်တတ်ပါတယ်။ သင့်ကို ဘယ်လိုထိတွေ့စေချင်တယ်၊ ဘယ်လိုခံစားမှုရတယ်ဆိုတာ သင့်အဖော်ကို ပြောပြပါ။ သင်လိင်ဆက်ဆံချိန်တွင် ရင်သားမှနို့ရည် ထွက်နိုင်ပါတယ်။ သင်ဒါကို မကြိုက်လျှင် လိင်မဆက်ဆံခင် ကလေးကိုနို့တိုက်ထားပါ သို့မဟုတ် နို့ရည်ကိုညှစ်ထုတ်ထားပါ။

    သင့်အဖော်မှ လိင်ဆက်ဆံချင်နေပြီး သင်ကမလိုလားတဲ့အခါ ဘာလုပ်မလဲ။

    ဒါက အဖြစ်များတဲ့ အခြေအနေဖြစ်ပါတယ်။ သင့်အဖော်လိင်ဆက်ဆံလိုချိန်တွင် သင့်အနေနှင့်အဆင်သင့်မဖြစ်သေးတာ ဖြစ်တတ်တယ်။ သင်ဟာ လိင်ဆက်ဆံဖို့ထက် သင့်ကလေးကို ဂရုစိုက်ဖို့ကိုသာ စိတ်ထဲရှိတတ်တယ်။ သင့်နှင့် သင့်အဖော်အတွက် အကောင်းဆုံးအဖြေရအောင် ဆွေးနွေးပါ။ ရိုးသားမှုရှိပါစေ။ သင်တို့ရဲ့ ဆက်ဆံရေးကို မပျက်ဆီးပါစေနဲ့။ သင့်အဖော်ကို သင်အမြဲချစ်တာကို သူသိပါစေ။ ဒါ့ပြင် သင့်အချစ်ကို တခြားနည်းလမ်းတွေနဲ့ ဖော်ပြပါ။(ဥပမာ – နမ်းခြင်း၊ ပွေ့ဖက်ခြင်း နှင့် အရသာရှိတဲ့ အစားအသောက်တွေချက်ကျွေးခြင်း)

    ကလေးမွေးပြီး လိင်ဆက်ဆံဖို့အတွက် နည်းလမ်းများ

    ပုံမှန်အားဖြင့် ပြဿနာတွေဟာ တစ်နှစ်အတွင်း အလိုအလျောက် ပြေလည်သွားနိုင်သော်လည်း ဒီအချက်တွေက သင့်ကို တိုးတက်မှုမြန်စေပါလိမ့်မယ်။

    • သင့်ကိုယ်သင် အတင်းတွန်းအားမပေးပါနှင့်။ လိင်မှုဘဝကို တဖြည်းဖြည်းပြန်လည် ရရှိလာအောင် ဆောင်ရွက်ပါ။

    • ဆက်ဆံရေးဟာ အရေးပါပါတယ်။ သင့်အဖော်ကို ဘယ်လိုထိတွေ့စေချင်တယ်ဆိုတာ ပြောပြပါ။

    • နမ်းခြင်း၊ ပွေ့ဖက်ခြင်းတို့လို အသေးစား လိင်ကိစ္စတွေမှတဆင့် စတင်ပါ။ ပြည့်ဝတဲ့ လိင်ဆက်ဆံမှုမရခင် ကိုယ်ခန္ဓါကို အပြန်အလှန်ထိတွေ့မှုတွေ လုပ်ပေးပါ။

    ကိုယ့်ကိုယ်ကို ဂရုစိုက်ပါ။ ကျန်းမာတဲ့အစားအသောက်တွေ စားပါ၊ လေ့ကျင့်ခန်းလုပ်ပါ၊ လုံလောက်စွာ အိပ်စက်ပါ။ ကျန်းမာသန်စွမ်းတဲ့ ကိုယ်နှင့်စိတ်ဟာ သင့်လိင်ဆက်ဆံရေးကို ပိုကောင်းစေနိုင်ပါတယ်။

    လိင်ကိစ္စမဟုတ်ရင်တောင် အရာအားလုံးဟာ အချိန်ယူရပါတယ်။ သင့်ကိုယ်သင် ဂရုစိုက်ပါ။ သင်ဖြစ်ချင်တာကို သင့်အဖော်ကို ပြောပြပါ။ သင်နှင့် သင့်အဖော် ဆက်ဆံရေးအသစ်ကို အတူပြန်လည်တည်ဆောက်ပါ။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Phyo Wai Yan မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement