backup og meta

လိင်ဆက်ဆံနေစဉ် နာကျင်ခြင်း ကို လျော့နည်းသက်သာစေဖို့

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 21/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်ဆက်ဆံနေစဉ် နာကျင်ခြင်း ကို လျော့နည်းသက်သာစေဖို့

    တကယ်တမ်းမှာ ပထမဆုံး အကြိမ်ကလွဲရင် နောက်ပိုင်း လိင်ဆက်ဆံတဲ့ အကြိမ်တွေမှာ နာကျင်ခြင်း၊ ဗိုက်အောင့်ခြင်းတွေ ရှိမနေသင့်တော့ပါဘူး။ အကယ်လို့ လိင်ဆက်ဆံနေစဉ် နာကျင်ခြင်း ဝေဒနာကို အမြဲတမ်း ခံစားနေရတယ်ဆိုရင်တော့ လိင်ဆက်ဆံနေတဲ့ အနေအထား မှားယွင်းတာ၊ ဒါမှမဟုတ် ကိုယ်တွင်းအင်္ဂါမှာ ချို့ယွင်းချက် ရှိနေတာလည်း ဖြစ်နိုင်ပါတယ်။ တကယ်တော့ လိင်ဆက်ဆံနေတဲ့ အချိန်မှာ နာကျင်ခြင်း၊ ရှက်ရွံ့ခြင်းတွေထက် သာယာတဲ့ ခံစားချက်မျိုးကို ကာယကံရှင်က ခံစားရမှပဲ လိင်ဆက်ဆံရတာ ပျော်စရာကောင်းတဲ့ အလုပ်တစ်ခုမှန်း နားလည်နိုင်မှာပါ။

    လိင်ဆက်ဆံနေစဉ် နာကျင်ခြင်း ကို ခံစားရရင် ဒီအချက်တွေ ပြန်စစ်ကြည့်ပါ။

    ၁။ ချောဆီ သုံးရဲ့လား။

    မိန်းမကိုယ်က သဘာဝ ချောဆီ ထွက်တယ်ဆိုပေမယ့် အပြင်က ချောဆီအကူ ထပ်ဖြည့်ပေးရင် အဝင်အထွက် ပိုချောင်တော့ နာကျင်တာ သက်သာသွားမှာပေါ့။ အထူးသဖြင့် မိန်းမကိုယ်တင် မကဘဲ စအိုနဲ့ပါ လိင်ဆက်ဆံတာမျိုး၊ အမျိုးသား အင်္ဂါက ကြီးလွန်းနေတာ၊ မိန်းမကိုယ် ကျပ်လွန်းတဲ့ အခြေအနေမျိုးမှာ ချောဆီက အသက်ပါ။ ချောဆီများများ သုံးလေ အဝင်အထွက်ချောင်ပြီး သွေးထွက်တာ၊ နာကျင်တာ၊ ပွန်းပဲ့ ထိခိုက်တာ နည်းမယ်။ ကျပ်နေတာမျိုး မဟုတ်တဲ့အတွက် အမျိုးသားရော အမျိုးသမီးပါ ကာမသုခကို ကောင်းကောင်း ခံစားရနိုင်ပါတယ်။

    ၂။ လိင်ဆက်ဆံတဲ့ အနေအထား အဆင်မပြေလို့လား။

    လူတိုင်းမှာ ကိုယ့်အတွက် အဆင်ပြေစေတဲ့ လိင်ဆက်ဆံပုံ အနေအထား (Sex Position) တွေ ရှိပါတယ်။ ဒီအနေအထားတွေဟာ လူတစ်ယောက်နဲ့ တစ်ယောက် တူချင်မှ တူနိုင်မှာပါ။ အမျိုးသားတွေအတွက်တော့ ဘယ်လို အနေအထားမျိုးမှာမဆို ကာမသုခကို ခံစားရနိုင် ဆိုပေမယ့် ထိုးသွင်းဆက်ဆံခံရသူမှာ ကိုယ်နဲ့ အဆင်ပြေတဲ့ အနေအထားမျိုး မဟုတ်ရင် အောင့်သက်သက်ကြီး ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် လိင်မှုကိစ္စ မစတင်ခင်ကတည်းက နှစ်ဦးသား ဒီကိစ္စကို ဖွင့်ဟတိုင်ပင်ပြီး သူ့ အကြိုက် ကိုယ့်အကြိုက် ညှိနှိုင်းထားဖို့ လိုပါတယ်။ အကောင်းဆုံးကတော့ ထိုးသွင်းဆက်ဆံမှု စတဲ့အချိန်နဲ့ ပြီးဆုံးခါနီး အမျိုးသားက သုက်ထွက်တော့မယ့် အချိန်တွေမှာ ဆက်ဆံခံရသူ အမျိုးသမီးတွေအတွက် အသင့်တော်ဆုံး ဖြစ်မယ့် အနေအထားကို ရွေးချယ်သင့်ပါတယ်။

    ၃။ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံခံရလို့လား။

    ကြမ်းတမ်းစွာ လိင်ဆက်ဆံခြင်းကို ကြိုက်တဲ့ လူတချို့ ရှိသလို မကြိုက်တဲ့သူတွေလည်း ရှိနိုင်ပါတယ်။ မကြိုက်တဲ့သူတွေအတွက်တော့ ဒီလို ကြမ်းတမ်းစွာ လိင်ဆက်ဆံခံရတဲ့ အချိန်တွေဟာ နာကျင်မှုတွေ ပြည့်နှက်နေတဲ့ ငရဲလိုအချိန်တွေပါပဲ။ ဒါကြောင့် အမျိုးသားတွေလည်း ကိုယ့်ဆက်ဆံဖော်ရဲ့ အခြေအနေကို အမြဲလေ့လာနေပြီး ဘယ်လိုအချိန်မှာ ကြမ်းသင့်လဲ၊ ဘယ်လိုမျိုးမှာတော့ ဖြည်းဖြည်းချင်းသွားမလဲဆိုတာ လေ့လာထားသင့်ပါတယ်။ စစချင်း ထိုးသွင်းကတည်းက အကြမ်းပတမ်းဆိုရင်တော့ အမျိုးသမီးတွေအတွက် ကာမသုခ ခံစားရဖို့ဆိုတာ မဖြစ်နိုင်တော့ပါဘူး။

    ၄။ နှူးနှပ်တာ၊ နှိုးဆွတာ မလုပ်ပေးဘူးလား။

    ကျွန်တော်တို့ မြန်မာလူမျိုးတွေက လိင်ဆက်ဆံခြင်းကို မှားယွင်းတဲ့ အပြုအမူ၊ နားရှက်စရာ ကောင်းတဲ့ အပြုအမူလို့ သတ်မှတ်ထားတဲ့အတွက် လိင်အင်္ဂါဆိုတာ ယုတ်ညံ့တဲ့ ပစ္စည်းတစ်ခုလိုမျိုး အတွေးထဲမှာ စွဲနေတတ်ပါတယ်။ ဒီတော့ ဘယ်သူကမှ လိင်အင်္ဂါကို ပါးစပ်နဲ့ လက်နဲ့ နှိုးဆွပေးတာမျိုး ဘယ်လုပ်ချင်ကြပါ့မလဲ (ကံနိမ့်သွားမှာ ကြောက်တာလည်း ပါတာပေါ့) ။

    တကယ်တမ်းတော့ လူတိုင်းက လိင်ဆက်ဆံတော့မယ်ဟေ့ ဆိုတာနဲ့ ချက်ချင်းကြီး လိင်စိတ်ကြွလာတာမျိုး မဟုတ်ပါဘူး။ ဒီလိုမျိုး ကိုယ့်အဖော် စိတ်ပါလာဖို့ နှိုးဆွပေးရမှာက အမျိုးသားတွေရော အမျိုးသမီးတွေမှာပါ တာဝန်ရှိပါတယ်။ နမ်းတာ၊ ပွေ့ဖက်တာ၊ ကြင်နာတဲ့ စကားများ၊ လိင်စိတ်ကြွစေမယ့် စကားလုံးများ သုံးနှုန်းပြီး စကားပြောတာ၊ ပါးစပ်၊ လက်ကလေးနဲ့ ဆက်ဆံဖော်ရဲ့ အင်္ဂါကို ကျီစယ်တာမျိုးက ကိုယ့်အဖော်အတွက် လိင်စိတ်ကို အမြင့်ဆုံးထိရောက်အောင် တွန်းပို့ပေးပြီး လိင်ဆက်ဆံရာမှာ အခက်အခဲ၊ နာကျင်မှုတွေ နည်းသွားအောင် လုပ်ပေးတာနဲ့ အတူတူပါပဲ။

    ၅။ နာသွားမှာကို စိုးရိမ်နေမိသေးလား။

    ဒါမျိုး ခံစားချက်တွေကတော့ ဆက်ဆံခံရသူတိုင်း ဝင်တတ်တာပါပဲ။ တကယ်တမ်းတော့ လိင်ဆက်ဆံခြင်းအများစုဟာ အနည်းငယ် နာကျင်မှုကနေ စပြီး သာယာမှု၊ ကာမသုခ၊ ဆန္ဒပြီးမြောက်မှု၊ လိင်စိတ်၊ ချစ်ကြည်နူးမှုတွေကိုပါ ခံစားရမှာပါ။ အဲ့တော့ နာသွားမလားဆိုတဲ့ စိတ်တွေကို အရင်ဖယ်ထားကြည့်ပါ။ ကြောက်စိတ်နဲ့ တင်းထားလိုက်တဲ့အခါ လူရဲ့ ကြွက်သားတွေက ပိုတောင့်တင်းပြီး လျော့ရဲမနေတော့ ထိုးသွင်းဆက်ဆံတဲ့အခါ ကျပ်နေပြီး ပိုနာကျင်နိုင်ပါတယ်။ စိတ်ကလေးကို လျှော့၊ တင်းထားသမျှလေးတွေကို ဖြည်းဖြည်းချင်း လျှော့ဖို့ ကြိုးစားကြည့်ပါနော်။

    အပေါ်မှာ ပြောထားခဲ့တဲ့ အချက်တွေထဲက ဘယ်အချက်က ကိုယ်နဲ့ ကိုက်ညီနေလဲဆိုတာ သိပြီးပြီဆိုရင်တော့ သေချာလေး ညှိနှိုင်းပြင်ဆင်ကြည့်ပါနော်။ လိင်ဆက်ဆံတယ်ဆိုတာ ကိုယ့်လက်နဲ့ ကိုယ် အာသာဖြေတာ မဟုတ်တဲ့အတွက် ကိုယ်ကောင်းရုံ တစ်ခုတည်းနဲ့ မပြီးသွားပါဘူး။ ကိုယ်ရော ကိုယ့်ရဲ့ ဆက်ဆံဖော် နှစ်ဦးစလုံး တက်ညီလက်ညီနဲ့ ကာမပန်းတိုင်ကို အတူတက်လှမ်းသွားမှသာ လိင်စိတ်ဆန္ဒ အထွတ်အထိပ် ပြီးမြောက်ပြီး ကာမသုခကို အတူခံစားရနိုင်မှာပါ။

    တကယ်လို့ လိင်ဆက်ဆံတိုင်းမှာ နာကျင်နေတယ်ဆိုရင်တော့ အမျိုးသမီးရောဂါတစ်ခုခုလည်း ဖြစ်နိုင်တာကြောင့် သားဖွားမီးယပ်ဆရာဝန်နဲ့ ပြသဖို့လည်း လိုအပ်ပါတယ်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 21/12/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement