backup og meta

အိပ်နေစဉ်သုတ်လွှတ်ခြင်းအကြောင်း သိကောင်းစရာအချက်အလက်များ

အိပ်နေစဉ်သုတ်လွှတ်ခြင်းအကြောင်း သိကောင်းစရာအချက်အလက်များ

မနက်အိပ်ရာထတဲ့အခါ သင့်အတွင်းခံဘောင်းဘီ ဒါမှမဟုတ် ညဝတ်ဘောင်းဘီထဲ စိုထိုင်းထိုင်း စေးကပ်ကပ်ဖြစ်နေတာမျိုး ကြုံဖူးပါသလား။ အစပိုင်းမှာ သင့်ကိုယ်သင် အိပ်ရာထဲ ဆီးပေါက်ချမိတယ်လို့ ထင်ကောင်းထင်နိုင်ပေမယ့် သင်ဟာ လူပျိုဖော်ဝင်တဲ့အရွယ် ဒါမှမဟုတ် လူပျိုဖော်ဝင်ပြီးစအရွယ် ဖြစ်နေမယ်ဆိုရင်တော့ ဒါဟာ အိပ်နေရင်းသုတ်လွှတ်တာကို ဖော်ပြတဲ့ လက္ခဏာ ဖြစ်နေနိုင်ပါတယ်။ လူပျိုဖော်ဝင်လာချိန်မှာ အိပ်နေစဉ်သုတ်လွှတ်ခြင်းဟာ ဖြစ်တတ်တဲ့ အလေ့အထ တစ်ခုပါ။

အိပ်နေရင်းသုတ်လွှတ်ခြင်းကို ဆရာဝန်တွေက “ညဘက်သုတ်လွှတ်ခြင်း” (nocturnal emission) လို့ ခေါ်ပါတယ်။ Nocturnal ဆိုတာ “ည” ကို ဆိုလိုတာဖြစ်ပြီး Emission ကတော့ “ထုတ်လွှတ်ခြင်း” လို့ အဓိပ္ပာယ်ရပါတယ်။

ဒီဆောင်းပါးမှာတော့ အိပ်နေစဉ်သုတ်လွှတ်ခြင်းအကြောင်း သိကောင်းစရာအချက်အလက်များ နဲ့ အမေးများတဲ့မေးခွန်းတွေရဲ့ အဖြေတွေကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။

အိပ်နေစဉ်သုတ်လွှတ်ခြင်းအကြောင်း သိကောင်းစရာအချက်အလက်များ

အိပ်နေစဉ်သုတ်လွှတ်ခြင်းအကြောင်း သိကောင်းစရာအချက်အလက်များ ကတော့

အိပ်နေစဉ်သုတ်လွှတ်ခြင်းဆိုတာ ဘာကိုခေါ်သလဲ

အိပ်နေစဉ်သုတ်လွှတ်ခြင်းဆိုတာ သင်အိပ်ပျော်နေစဉ် အချိန်အတွင်း လိင်တံကတဆင့် သုတ်ရည်ထုတ်လွှတ်ခြင်းကို ခေါ်ပါတယ်။ များသောအားဖြင့် လိင်ကိစ္စနဲ့ဆက်နွယ်တဲ့ အိပ်မက်မက်တဲ့အခါ သုတ်လွှတ်လေ့ရှိပြီး အိပ်မက်ကိုတော့ မမှတ်မိတတ်ပါဘူး။

အိပ်နေစဉ်သုတ်လွှတ်ခြင်းဟာ လိင်အင်္ဂါကို နှိုးဆွစရာမလိုဘဲ (လိင်တံကိုထိတွေ့စရာမလိုဘဲ) အလိုအလျောက်ဖြစ်ပေါ်တဲ့ ဖြစ်စဉ်တစ်ခုလို့ ဆိုနိုင်ပါတယ်။

ဘာကြောင့် အိပ်နေစဉ် သုတ်လွှတ်ရသလဲ

လူပျိုဖော်ဝင်စအရွယ်မှာ သင့်ခန္ဓါကိုယ်က တက်စတိုစတီရုန်းလို့အမည်ရတဲ့ ကျားဟော်မုန်းတစ်မျိုး စတင်ထုတ်လုပ်ပြီး သုတ်ကောင်ထုတ်လွှတ်ခြင်း လုပ်ငန်းစဉ်ကို စတင်ဆောင်ရွက်ပါတယ်။ ဒါဟာ တနည်းအားဖြင့် သင့်မှာ မမျိုးဥကို သန္ဓေအောင်စေပြီး သင်နဲ့လိင်ဆက်ဆံတဲ့ အမျိုးသမီးတစ်ယောက်ကို ကိုယ်ဝန်ရစေနိုင်တဲ့ စွမ်းရည်ရှိနေပြီလို့ ဆိုလိုပါတယ်။

သင့်အနေနဲ့ လူပျိုဖော်ဝင်ချိန်မှာ လိင်တံထောင်မတ်ခြင်းကို အချိန်မရွေး နေရာမရွေး ကြုံရတတ်ပါတယ်။ ကျောင်းတက်နေရင်း၊ ရုပ်မြင်သံကြားကြည့်နေရင်း၊ ရေချိုးနေရင်း လိင်တံထောက်မတ်လာနိုင်သလို အိပ်ပျော်နေစဉ် အတောအတွင်းမှာလည်း ဖြစ်လာတတ်ပါတယ်။

ဒီလိုပြောင်းလဲမှုတွေနဲ့အတူ သင့်ခန္ဓါကိုယ်အတွင်း သုတ်ရည်တွေ စုပုံများပြားလာရာကတဆင့် အိပ်နေစဉ်သုတ်လွှတ်ခြင်းကို ဖြစ်ပေါ်စေပါတယ်။

အိပ်နေစဉ်သုတ်လွှတ်ခြင်း မကြာခဏဖြစ်ပေါ်တတ်တာ ပုံမှန်ပဲလား

အိပ်နေစဉ်သုတ်လွှတ်ခြင်းဟာ ထိန်းချုပ်ရပ်တန့်လို့မရနိုင်တဲ့ ပုံမှန် ခန္ဓာကိုယ်ဖွံ့ဖြိုးမှု ဖြစ်စဉ်တစ်ခုသာဖြစ်ပါတယ်။

မကြာခဏ အိပ်နေစဉ်သုတ်လွှတ်ခြင်းဟာ ပြဿနာတစ်ခု မဟုတ်ပါဘူး။ အချို့လူတွေဟာ တစ်ပတ်မှာ အကြိမ်အနည်းငယ် အိပ်နေရင်း သုတ်လွှတ်တတ်ကြပြီး အချို့တွေကတော့ တစ်သက်မှာ အကြိမ်အနည်းငယ်လောက်သာ အိပ်နေရင်း သုတ်လွှတ်တတ်ကြတယ်လို့ သိရှိရပါတယ်။

လိင်အင်္ဂါကိုနှိုးဆွပြီး သုတ်လွှတ်တဲ့ အလေ့အကျင့်၊ တစ်စုံတစ်ယောက်နဲ့လိင်ဆက်ဆံပြီး သုတ်လွှတ်တဲ့ အလေ့အကျင့် ရလာတာနဲ့အမျှ အိပ်နေစဉ်သုတ်လွှတ်တဲ့ အကြိမ်ရေ တဖြည်းဖြည်းနည်းလာမှာ ဖြစ်ပါတယ်။

အိပ်နေစဉ်သုတ်လွှတ်ခြင်း တစ်ခါမှမဖြစ်ခဲ့ဖူးတာ ပုံမှန်ပဲလား

ဆယ်ကျော်သက်ယောက်ျားလေးတိုင်း အိပ်နေစဉ် သုတ်မလွှတ်တတ်ပါဘူး။ အိပ်နေစဉ်သုတ်လွှတ်ခြင်းကို တစ်ကြိမ်တစ်ခါမှ မကြုံခဲ့ဖူးတိုင်း သင့်ခန္ဓာကိုယ်မှာ ပြဿနာတစ်ခုခုရှိနေတယ်လို့ ယူဆလို့မရပါဘူး။

ယောက်ျားလေးတိုင်း အိပ်နေစဉ် သုတ်လွှတ်တတ်သလား

လူပျိုဖော်ဝင်ပြီး ဝှေးစေ့တွေက သုတ်ကောင်ထုတ်လုပ်နိုင်မှသာ အိပ်နေစဉ်သုတ်လွှတ်မှာ ဖြစ်ပါတယ်။ အထက်မှာပြောခဲ့သလိုပဲ အိပ်နေစဉ်သုတ်လွှတ်ခြင်းဟာ လူပျိုဖော်ဝင်ချိန်မှာ အဖြစ်အများဆုံး ဖြစ်ပါတယ်။

အိပ်နေစဉ်သုတ်လွှတ်တဲ့အခါ ဘာလုပ်သင့်သလဲ

အိပ်နေစဉ်သုတ်လွှတ်တတ်သူတွေအနေနဲ့ အိပ်ရာနိုးလာတဲ့အခါ ပေကျံနေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို သန့်စင်ဆေးကြောသင့်ပါတယ်။ လိင်တံ၊ ဝှေးစေ့နဲ့ လိင်တံထိပ်ဖျားရှိ အရေပြားအောက်ကို ရေနဲ့ ဆပ်ပြာ အသုံးပြုပြီး ဆေးကြောသင့်ပါတယ်။

အိပ်နေစဉ်သုတ်လွှတ်ခြင်းနဲ့ ပတ်သက်ပြီး စိတ်မသက်မသာဖြစ်မယ်၊ စိတ်မလုံမလဲဖြစ်မယ်ဆိုရင်တော့ ဆရာဝန်၊ မိဘ၊ နှစ်သိမ့်ဆွေးနွေးပညာပေးသူ ဒါမှမဟုတ် မိမိယုံကြည်ရတဲ့ အရွယ်ရောက်ပြီးသူတစ်ယောက်ယောက်ကို ပြောပြတိုင်ပင်သင့်ပါတယ်။

အိပ်နေစဉ်သုတ်မလွှတ်အောင် ဘယ်လိုကာကွယ်နိုင်မလဲ

အချို့လူတွေမှာ အိပ်နေရင်းသုတ်မလွှတ်အောင် ကာကွယ်ဖို့ အကြံဉာဏ်တွေ ရှိကြပေမယ့် တကယ်တမ်းတော့ ဒီဖြစ်စဉ်ကို တားဆီးကာကွယ်နိုင်တဲ့ နည်းလမ်းမရှိသေးပါဘူး။ သင့်အနေနဲ့ အိပ်ရာခင်းတွေကို လဲရ၊ လျှော်ဖွတ်ဆေးကြောရတဲ့အတွက် စိတ်အနှောင့်အယှက်ဖြစ်ရပေမယ့် ဒါဟာ ပုံမှန်ဖွံ့ဖြိုးမှုဖြစ်စဉ်တစ်ခုဆိုတာကိုတော့ သတိပြုစေချင်ပါတယ်။

အိပ်နေစဉ်သုတ်လွှတ်ခြင်းနဲ့ ပတ်သက်ပြီး စိတ်မချမ်းမသာဖြစ်နေမယ်ဆိုရင်တော့ အထက်မှာပြောခဲ့သလို သင့်မိဘ၊ ကျန်းမာရေးစောင့်ရှောက်သူ၊ ကျောင်းသားရေးရာ နှစ်သိမ့်ဆွေးနွေးပညာပေးသူ စတဲ့ သင်ယုံကြည်ရမယ့် အရွယ်ရောက်ပြီးသူတစ်ယောက်ယောက်ကို ပွင့်ပွင့်လင်းလင်း ပြောပြဆွေးနွေးခြင်းက အကောင်းဆုံးနည်းလမ်းပါပဲ။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Wet Dreams http://www.youngmenshealthsite.org/wet_dreams.html. Accessed August 26, 2016.

Wet Dream FAQ http://teens.webmd.com/boys/wet-dream-faq. Accessed August 26, 2016.

ယခုပုံစံ

07/09/2023

Hello Sayarwon Panel မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အမျိုးသားများ သုက်လွှတ်ပြီးနောက် မူးဝေသလိုခံစားရခြင်း

သုက်လွှတ်ဖို့ကြာ နေတာ ဘာကြောင့်လဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Kaung Thar


Hello Sayarwon Panel မှ ရေးသားသည်။ · 07/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement