backup og meta

တုပ်ကွေးဖြစ် နေချိန်မှာ ရုံးတက်ရတဲ့အခါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 14/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တုပ်ကွေးဖြစ် နေချိန်မှာ ရုံးတက်ရတဲ့အခါ

    တဖြည်းဖြည်းနဲ့ မိုးရာသီကို ရောက်လာပြီမို့လို့ မိုးရာသီရောဂါတွေကို ဂရုစိုက်ရတော့မှာပါ။ အဓိကကတော့ ရာသီတုပ်ကွေးပေါ့။ ခုချိန်မှာ ရုံးတွေကလည်း ပြန်တက်နေရပြီ။ မိုးတွင်းမှာ မတော်တဆများ တုပ်ကွေးဖြစ် ခဲ့ရင် ဘယ်လိုလုပ်လုပ်မလဲ။ အလုပ်ဆက်လုပ်ရမလား၊ နားရမလား။ အလုပ်ဆက်လုပ်ရမယ်ဆိုရင် ဆောင်ရန် ရှောင်ရန်တွေ ဘာရှိမလဲ ဆိုတာ ပြောပြပေးပါ့မယ်။

    ရုံးတက်ချိန်မှာ တုပ်ကွေးဖြစ် ခဲ့သော်

    ရုံးတက်မှာလား၊ မတက်ဘူးလား ဆိုတာ အရင်စဉ်းစားရမှာပါ။ အလုပ်တွေကပုံနေတယ်၊ ခွင့်ကိစ္စကလည်း မလွယ်ဘူး၊ ကိုယ်ပြန်လာရင် လုပ်ရမယ့် အလုပ်တွေကလည်း ပုံနေမှာမို့လို့ ဆေးသောက်ပြီး တက်ချင်တယ်ဆိုတဲ့ သူတွေလည်း ရှိမှာပါ။

    ဒါပေမယ့် အကြံပေးချင်တာကတော့ တုပ်ကွေးဖြစ် ရင် အကောင်းဆုံးက အိမ်မှာ နားတာပါပဲ။ အိမ်မှာနားတော့ ကောင်းကျိုး ၂ခု ရှိပါတယ်။ ပထမ တစ်ခုက မြန်မြန် သက်သာတာပါ။ အိမ်မှာ သေသေချာချာ နားလိုက်တော့ မြန်မြန်နာလန်ထူပါတယ်။ နောက်တစ်ခုက ရုံးက တခြားသူတွေကို မကူးတော့ပါဘူး။

    CDCရဲ့ အကြံပြုချက်အရဆိုရ င် အဖျားကျဆေးတွေ မသောက်ဘဲ အဖျားကျပြီး ၂၄နာရီပြည့်မှ ရုံးပြန်တက်ခိုင်းပါတယ်။ နောက်ပြီး တုပ်ကွေးတိုင်းက မဖျားပါဘူး။ တခြားသူတွေမှာ နှာစေးချောင်းဆိုး ကိုယ်လက်ကိုက်တာလောက်ပဲ ရှိပါတယ်။

    ဒါပေမယ့်လည်း အနည်းဆုံး အိမ်မှာ ၄၊ ၅ရက်တော့ နားရပါမယ်။ ဘာဖြစ်လို့လဲဆိုတော့ တုပ်ကွေးက စဖြစ်ဖြစ်ချင်း ၃ရက်မှာ အကူးစက်နိုင်ဆုံး မို့လို့ပါ။ အိမ်မှာ ဖျားနေတာကို ရုံးလာဖို့ မပြောနဲ့။ ရုံးရောက်မှ ဖျားတယ် ဒါမှမဟုတ် ရုံးတက်နေရင်း ဖျားတယ်ဆိုရင်တောင် ချက်ချင်း အိမ်ပြန်နားသင့်တယ်လို့ အကြံပြုထားပါတယ်။

    ဒါပေမယ့်ပေါ့နော်။ ဒါတွေက တစ်ယောက်နဲ့ တစ်ယောက် မတူပါဘူး။ တုပ်ကွေးကလည်း သိတဲ့အတိုင်း တုပ်ကွေးတွေရဲ့ ထုံးစံက ဖျားတာကပဲ ၃ရက်ကနေ ၇ရက်လောက်ထိကြာတယ်။ အဖျားကျသွားရင်တောင် နှာစေးတာ၊ ချောင်းဆိုးတာ၊ ကိုယ်လက်ကိုက်တာက ၂ပတ်လောက်ကြာတဲ့အထိ ကျန်ခဲ့တာဆိုတော့ ဒီကာလကို ဘယ်လို ဖြတ်သန်းကြမလဲဆိုပြီး စိုးရိမ်နေကြမှာပါ။ တုပ်ကွေးဖြစ် ဖူးတဲ့သူတွေကတော့ ဒီလိုခံစားရတာ ဘယ်လောက် ပြင်းထန်လဲဆိုတာ သိပါတယ်။

    ရုံးတက်ရမယ်ဆိုရင် 

    ပြောခဲ့သလိုပဲ အဖျား မကျမချင်း ဒါမှမဟုတ် ၃၊ ၄ရက်လောက်ကြာတဲ့အထိ ရုံးမတက်သင့်သေးပါဘူး။ မဖြစ်မနေလုပ်စရာရှိတယ်ဆိုရင် work from home လုပ်ဖို့ ညှိနှိုင်းပါ။ နည်းနည်းသက်သာလို့ ရုံးတက်ရမယ်ဆိုရင် လိုက်နာရမယ့် အချက်တွေ ရှိပါတယ်။ ဒါတွေကတော့

    • မနက်စာကို စားဖြစ်အောင် စားပါ။ ကြားထဲမှာလည်း အာဟာရပြည့်တာတွေ စားပါ။ ရေများများသောက်ပါ။
    • ရုံးရောက်ရင် လူတွေနဲ့ ခပ်ခွာခွာနေပါ။ သက်သာလာပေမယ့် ကိုယ်တိုင်ခုခံအား ကျနေတာ ဖြစ်လို့ရော၊ သူများကို ကူးမှာ စိုးလို့ရော ခပ်ခွာခွာနေတာ ကောင်းပါတယ်။
    • အလုပ်စားပွဲကို အဝေးကို ရွေ့ထားပါ။ အစည်းအဝေးတွေကိုလည်း လတ်တလောမှာ မတက်ပါနဲ့။ အွန်လိုင်းကနေ လုပ်နိုင်သမျှ လုပ်ပါ။
    • အလုပ်စားပွဲကို အလာ တစ်ခါ၊ အပြန်တစ်ခါ သန့်ရှင်းရေး လုပ်ပါ။
    • လက်မကြာခဏဆေးပါ။ Maskတပ်ပါ။
    • နေ့လယ်စာကို သက်သက်ခွဲစားပါ။
    • အဲကွန်းတိုက်ရိုက်ရတဲ့ နေရာမှာ မနေပါနဲ့။ ကိုယ်လက်ကိုက်တာ ပိုဆိုးပါမယ်။ နွေးနွေးထွေးထွေးနေပါ။
    • ဆေးပတ်လည်အောင် သောက်ပါ။
    • ရုံးတက်နေရင်း မသက်သာရင် အိမ်ပြန်နားဖို့ အားမနာပါနဲ့။

    တုပ်ကွေး မဖြစ်အောင် ဘယ်လိုနေမလဲ။

    ဖြစ်လာရင် လူလည်း ခံစားရတယ်။ အလုပ်လည်း ပျက်တာကြောင့် မဖြစ်အောင် ကာကွယ်ထားနိုင်ရင် အကောင်းဆုံးပါပဲ။ ကာကွယ်နည်းတွေက တုပ်ကွေးရာသီမှာ

    • ရာသီတုပ်ကွေး ကာကွယ်ဆေးကြိုထိုးထားပါ။
    • မကြာခဏ လက်ဆေးပါ။
    • နှာစေး ၊ ချောင်းဆိုးရင် အုပ်စိုးပါ။
    • မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်ကို မထိပါနဲ့။
    • အာဟာရပြည့်အောင် စားသောက်ပါ။ အိပ်ရေးဝဝအိပ်ပါ။
    • ရုံးကနေလည်း တုပ်ကွေးကူးနိုင်လို့ သတိထားပါ။ ကူးတဲ့နည်းကလည်း နှာချေ၊ ချောင်းဆိုးလို့ ကူးတာထက် ပစ္စည်းတွေကို ကိုင်ပြီး မျက်လုံး၊ နှာခေါင်းနဲ့ ပါးစပ်ကို ပြန်ထိမိလို့ ကူးတာက ပိုများပါတယ်။ ဒါကြောင့် ကိုယ်ရဲ့ အလုပ်စားပွဲနဲ့ အသုံးအဆောင် ပစ္စည်းတွေကို အရက်ပြန်နဲ့ ပိုးသတ်ပါ။ လက်ခဏခဏဆေးပါ။

    ဒီအချက်လေးတွေက ရုံးတက်ချိန်မှာ တုပ်ကွေးဖြစ် ခဲ့ရင် သတိထားရမယ့်အချက်တွေပါ။ တစ်ခုခု အကူအညီဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 14/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement