backup og meta

လိင်အင်္ဂါတဝိုက်မှာ ကြွက်နို့ဖြစ်နေခဲ့ရင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 2 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်အင်္ဂါတဝိုက်မှာ ကြွက်နို့ဖြစ်နေခဲ့ရင်

    လိင်အင်္ဂါတဝိုက်မှာ ကြွက်နို့ဖြစ်နေခဲ့ရင် ဘယ်လိုတွေ ကုသလို့ ရမလဲ။ ဘာကြောင့် ဖြစ်ရတာလဲ ဆိုတာတွေကို ပြောပြပေးသွားမှာ ဖြစ်လို့ အတူတူ ကြည့်လိုက်ရအောင်နော်။

    လိင်အင်္ဂါကြွက်နို့ ဆိုတာ

    လိင်အင်္ဂါကြွက်နို့ ဆိုတာက Human Papillomavirus (HPV) ဗိုင်းရပ်စ်ကြောင့် ဖြစ်ရတာပါ။ Human Papillomavirus (HPV) က လိင်ကတဆင့် ကူးစက်မှုအများဆုံး ဖြစ်ပါတယ်။ HPV ဗိုင်းရပ်စ်က အမျိုးအစားတွေ အများကြီး ရှိပါတယ်။ အချို့ ဗိုင်းရပ်စ်တွေက လက်တွေနဲ့ ခြေထောက်တွေမှာ ကြွက်နို့တွေ ဖြစ်စေနိုင်ပြီး အချို့ ဗိုင်းရပ်စ်တွေက လိင်အင်္ဂါတဝိုက်မှာ ကြွက်နို့တွေ ဖြစ်စေပါတယ်။

    နာမည်အတိုင်းပါပဲ လိင်အင်္ဂါကြွက်နို့တွေက လိင်အင်္ဂါ တဝိုက်မှာပဲ ပေါက်လေ့ရှိတာပါ။ အမျိုးသမီးတွေမှာဆိုရင် မိန်းမကိုယ် အင်္ဂါစပ်၊ မိန်းမကိုယ် နံရံ၊ သားအိမ်ခေါင်း၊ စအိုတွေမှာ ပေါက်လေ့ရှိပြီး အမျိုးသားတွေမှာတော့ လိင်တံနဲ့ ကပ္ပာယ်အိတ်တွေမှာ ပေါက်လေ့ရှိကြပါတယ်။ တစ်ခါတစ်လေမှာတော့ ရောဂါပိုး ကူးစက်ခံထားရသူတွေမှာ ပါးစပ် နဲ့ လည်ချောင်းတွေမှာ ပေါက်တတ်ပါတယ်။

    သင့်မှာ လိင်အင်္ဂါ ကြွက်နို့ ပေါက်နေတယ်ဆိုတာကို ဘယ်လိုသိနိုင်လဲ

    လိင်အင်္ဂါတဝိုက်မှာ ကြွက်နို့ ဖြစ်တဲ့အခါ ပန်းရောင်လိုလို အသားရောင်လိုလို အဖေးတက်နေတဲ့ ပုံစံမျိုးနဲ့ ကြွက်နို့တွေ ဖြစ်လာနိုင်ပါတယ်။ ပန်းဂေါ်ဖီပွင့်လို ပုံစံမျိုးလည်း ရှိနိုင်ပါတယ်။ ယားယံတာနဲ့ နေရထိုင်ရခက်နေတာမျိုး ခံစားရနိုင်ပါတယ်။ များသောအားဖြင့်ကတော့ ကြွက်နို့တွေက သေးငယ်ပေမယ့် သာမန်မျက်လုံးနဲ့တော့ မြင်သာပါတယ်။

    ရောဂါလက္ခဏာကို သိရဖို့ အချိန်ကာလအားဖြင့် လနဲ့ချီ ကြာမြင့်နိုင်သလို နှစ်ချီပြီး ကြာမြင့်တာတောင် ရှိပါတယ်။ ရလဒ်အနေနဲ့ကတော့ ဘယ်အချိန်က HPV ဗိုင်းရပ်စ် ကူးစက်ခံရတာလဲဆိုတာနဲ့ ဘယ်သူ့ထံကနေ ကူးစက်လာတာလဲဆိုတာကို အတိအကျပြောနိုင်ဖို့ ခက်ခဲသွားတာပါ။

    လိင်အင်္ဂါတဝိုက်မှာ ကြွက်နို့ဖြစ်နေခဲ့ရင် လူမှုဘဝအပေါ်ဘယ်လိုထိခိုက်စေလဲ

    လိင်အင်္ဂါကြွက်နို့ ဖြစ်တာက ကြီးမားတဲ့ လူမှုရေး ပြစ်ချက်ကြီးတွေကို ကျူးလွန်သလိုမျိုး ယူဆခံရနိုင်ပါတယ်။ တော်တော်များကတော့ လိင်အင်္ဂါတဝိုက်မှာကြွက်နို့ဖြစ်တာက လိင်မှုရေးရာမှာ မဆင်ခြင်တဲ့သူ၊ လိင်ဆက်ဆံဖော် များတဲ့သူတွေမှာ ဖြစ်တတ်တဲ့အရာလို့ မှတ်ယူထားကြပါတယ်။

    ဒီအယူအဆက ရာနှုန်းပြည့်မမှန်ပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် လူ့အသိုင်းအဝိုင်း အများစုကတော့ အဆိုပါ အယူအဆကို စွဲမြဲယုံကြည်နေကြဆဲပါ။ လိင်အင်္ဂါတဝိုက်မှာ ကြွက်နို့ဖြစ်တဲ့သူတွေဟာ စိတ်ဓာတ်ကျတာမျိုးကို ခံစားကြရပါတယ်။

    တကယ်လို့ သင့်မှာ ချစ်သူ ဒါမှမဟုတ် ဇနီးရှိနေခဲ့ရင်လည်း သင်ဟာ အိမ်ထောင်ဖက်အပေါ်နဲ့ လက်တွဲဖော် အပေါ်မှာ သစ္စာမရှိတဲ့သူလို့ အထင်ခံရပြီး ဆက်ဆံရေး ပြတ်စဲသွားတာမျိုးအထိ ခံစားရနိုင်ပါတယ်။ ဒီလိုတွေမဖြစ်အောင် ရောဂါအကြောင်းကို သေချာသိထားဖို့ လိုပါတယ်။

    လိင်အင်္ဂါတဝိုက် ကြွက်နို့ကို ဘယ်လိုကုသမလဲ

    လိင်အင်္ဂါတဝိုက်မှာ ကြွက်နို့ဖြစ်နေခဲ့ရင် ကြွက်နို့တွေကို ပျောက်သွားအောင် လိမ်းဆေးတွေကို အသုံးပြုပြီး ကုသလို့ ရပါတယ်။ ကြွက်နို့က အရမ်းကြီးပြီး ဆေးလိမ်းပေမယ့် မသက်သာဘူးဆိုရင်တော့ အသေးစား ခွဲစိတ်ကုသဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

    လိင်အင်္ဂါတဝိုက် ကြွက်နို့ကို ကုသဖို့က အချိန်ယူရသလို စိတ်ရှည်ဖို့လည်း လိုအပ်ပါတယ်။ ကုသမှုက လူတိုင်းမှာတော့ တုံ့ပြန်မှု မကောင်းနိုင်ပါဘူး။ ကုသမှုအောင်မြင်ပေမယ့်လည်း လိင်အင်္ဂါတဝိုက်ကြွက်နို့က ပြန်ပေါ်လာတတ်ပါတယ်။

    ဒီဝေဒနာက စိတ်အနှောင့်အယှက် ဖြစ်စေသလို စိတ်ဓာတ်ကျတာမျိုးအထိတောင် ဖြစ်စေနိုင်ပါတယ်။

    လိင်အင်္ဂါတဝိုက်မှာ ကြွက်နို့ပေါက်နေရင်ရော HPV ကာကွယ်ဆေးက ထိရောက်ပါ့မလား

    HPV ဗိုင်းရပ်စ် အမျိုးအစားတွေက အများကြီး ရှိပါတယ်။ အချို့က ကြွက်နို့ ဖြစ်စေနိုင်သလို အခြားသော ကင်ဆာရောဂါတွေကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သင့်မှာ လိင်အင်္ဂါတဝိုက် ကြွက်နို့ ဖြစ်နေခဲ့တယ် ဆိုရင်တောင်မှ HPV ကာကွယ်ဆေးကို ထိုးဖို့ လိုအပ်ဆဲပါ။

    ဒီကာကွယ်ဆေး ထိုးထားတာက အခြားသောဗိုင်းရပ်စ်တွေ မကူးစက်အောင် ကာကွယ်ပေးနိုင်ပါတယ်။ လေ့လာမှု အသစ်တစ်ရပ်အရ HPV ကာကွယ်ဆေးက ရှိရင်းစွဲ လိင်အင်္ဂါကြွက်နို့တွေကို ကုသရာမှာ အထောက်အပံ့ ပေးတယ်လို့ ဆိုပါတယ်။

    ကာကွယ်ဆေးကြောင့် အကျိုးအာနိသင် ထူးသွားတာမရှိဘူးဆိုရင်တောင် သင့်မှာ လိင်အင်္ဂါတဝိုက် ကြွက်နို့ရှိနေတယ်ဆိုရင် HPV ကာကွယ်ဆေး ထိုးသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 2 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement