backup og meta

လိင်တူဆက်ဆံတဲ့အမျိုးသားတွေ မှာ HIV ကူးစက်နိုင်ခြေ ဘာကြောင့်ပိုများတာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်တူဆက်ဆံတဲ့အမျိုးသားတွေ မှာ HIV ကူးစက်နိုင်ခြေ ဘာကြောင့်ပိုများတာလဲ

    Hello ဆရာဝန် ပရိတ်သတ်တွေထဲက လိင်တူချင်းဆက်ဆံမိလို့ HIV ကူးစက်ခံရပြီလားလို့ လာမေးကြတဲ့ အမျိုးသားတွေ အရမ်းများလာတာကို သတိထားမိတယ်ခင်ဗျ။ ဒါကြောင့် အခုဆောင်းပါးမှာတော့ လိင်တူဆက်ဆံတဲ့အမျိုးသားတွေ မှာ HIV ကူးစက်နိုင်ခြေ ဘာကြောင့်ပိုများတာလဲ ဆိုတာနဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။

    အရင်ဆုံးသိထားရမှာက HIV ပိုးသည် လိင်တူဆက်ဆံတာတင်မကဘဲ လိင်ကွဲဆက်ဆံတာနဲ့လည်း ကူးစက်နိုင်ပါတယ်။ အဓိကကတော့ ရောဂါပိုးရှိတဲ့သူနဲ့ အကာအကွယ် (ကွန်ဒုံး) အသုံးမပြုဘဲ လိင်ဆက်ဆံလို့ပါ။

    လိင်တူဆက်ဆံတဲ့အမျိုးသားတွေ မှာ HIV ကူးစက်နိုင်ခြေ ဘာကြောင့်ပိုများတာလဲ

    လိင်တူဆက်ဆံတဲ့အမျိုးသားတွေ မှာ HIV ကူးစက်နိုင်ခြေ ဘာကြောင့်ပိုများတာလဲ ဆိုတော့ –

    ၁။ စအိုဖြင့် လိင်ဆက်ဆံခြင်း

    အမျိုးသားချင်း လိင်ဆက်ဆံတဲ့အခါ စအိုအတွင်းသို့ ထိုးသွင်းဆက်ဆံခြင်းကတော့ အမြဲတမ်းလိုလို ပါတတ်ပါတယ်။ မိန်းမကိုယ်နဲ့ မတူဘဲ စအိုအတွင်းက နံရံတွေက သဘာဝချောဆီထွက်တာမျိုးလည်း မရှိသလို ပွန်းပဲ့ထိခိုက်ဖို့ အရမ်းလွယ်ကူတဲ့အတွက် ပိုးကူးစက်ခံရနိုင်ခြေ ပိုများတာပဲဖြစ်ပါတယ်။

    ၂။ လိင်ဆက်ဆံပုံ တစ်မျိုးတည်းမဟုတ်ခြင်း

    လိင်ကွဲဆက်ဆံတဲ့အခါ များသောအားဖြင့် ထိုးသွင်းဆက်ဆံမှုကို ချက်ချင်းစတတ်ကြပေမယ့် လိင်တူဆက်ဆံကြတဲ့ အမျိုးသားအများစုသည် နည်းလမ်းပေါင်းစုံနဲ့ ဆက်ဆံလေ့ရှိကြပါတယ်။ ဥပမာ – ပါးစပ်ဖြင့် ဆက်ဆံဖော်အမျိုးသားရဲ့ လိင်တံ၊ စအိုကို နှိုးဆွခြင်း၊ စအိုဖြင့် လိင်ဆက်ဆံခြင်း၊ အန္တရာယ်များသော အနေအထားဖြင့် လိင်ဆက်ဆံခြင်း၊ ကြမ်းတမ်းစွာ ဆက်ဆံခြင်း အစရှိသဖြင့်ပေါ့ဗျာ။ ဒီလိုမျိုး ဆက်ဆံတာများလာတာနဲ့အမျှ ကိုယ့်ရဲ့ HIV ပိုးကူးစက်နိုင်ခြေဟာ ၀ (သုည) မှာမရှိတော့ဘဲ မြင့်သထက် မြင့်လာဖို့ပဲ ရှိတော့တာပါ။

    ၃။ လိင်ဆက်ဆံဖော် တစ်ယောက်ထက်ပိုများခြင်း

    လူတိုင်းတော့ မဟုတ်ပေမဲ့ လိင်တူချင်း၊ လိင်တူ၊ လိင်ကွဲ ၂မျိုးလုံးကို ဆက်ဆံသော အမျိုးသားတွေမှာ တစ်ယောက်ထက်ပိုသော ဆက်ဆံဖော်တွေ ရှိတတ်ကြပါတယ်။ အဲ့လိုလူများလာတာနဲ့အမျှ တစ်ယောက်စီကနေ ရောဂါပိုးကို မထင်မှတ်ဘဲ ရလာတဲ့အခါ ကိုယ့်မှာရောဂါရှိနေမှန်းလည်း မသိဘဲ တခြားသူတွေကိုပါ ကူးစက်သွားနိုင်ပါတယ်။ လိင်စိတ်ပြင်းလွန်းတဲ့သူတွေ (မူးယစ်ဆေးဝါးသုံးစွဲပြီး လိင်ဆက်ဆံတဲ့အခါ၊ အရက်မူးနေတဲ့အခါ) ဆိုရင် အုပ်စုဖွဲ့ပြီး လိင်ဆက်ဆံတာ၊ အကာအကွယ်လုံးဝမသုံးစွဲတာကြောင့်လည်း ကူးစက်နိုင်ခြေ ပိုများပါတယ်။

    ၄။ ပါးစပ်ဖြင့် လိင်ဆက်ဆံခြင်း

    လိင်တူဆက်ဆံတဲ့အမျိုးသားတွေဟာ အမျိုးသမီးတွေထက် ပါးစပ်ဖြင့် လိင်တံကို စုပ်ယူပေးရတာကို ပိုသဘောကျကြပါတယ်။ သုက်ရည်မထွက်သွားသည့်တိုင်အောင် ပါးစပ်ထဲမှာ ထိခိုက်ထားတာ၊ ပွန်းပဲ့ဒဏ်ရာ၊ အနာတွေ ရှိနေရင် လိင်တံထိပ်က ထွက်လာတဲ့ သုက်ရည်ကြည်ကနေတောင် HIV ပိုးကူးစက်ခံရနိုင်ခြေရှိပါတယ်။

    ၅။ မူးယစ်ဆေးဝါး သုံးစွဲခြင်း

    ဒီနေ့ လိင်တူဆက်ဆံတဲ့ အမျိုးသားတွေဆီမှာ အသုံးများကြတာကတော့ ရေခဲ (Ice) လို့ခေါ်တဲ့ မူးယစ်ဆေးတစ်မျိုးကို မီးရှို့ပြီးထွက်လာတဲ့အငွေ့ကို ရှိုက်တာ၊ သွေးကြောထဲသို့ ဆေးထိုးအပ် ဝေမျှပြီး သုံးစွဲတာ၊ Popper လို့ခေါ်တဲ့ သွေးကြောတွေကို ကျယ်စေပြီး လိင်စိတ်ကို ထကြွစေတဲ့၊ စအိုဖြင့် ထိုးသွင်းခံရတဲ့ နာကျင်မှုကို သက်သာစေဖို့အတွက် သုံးတဲ့ ကော်ဘူး၊ ဆေးခြောက်စတာတွေ သုံးပြီး လိင်ဆက်ဆံလေ့ရှိကြပါတယ်။ ဒီဆေးတွေဟာ ကိုယ့်ရဲ့ ကာမစွမ်းအင်ကို မြှင့်တင်ပေးပြီး အသိစိတ်ကို လွတ်သွားစေတဲ့အတွက် ပုံမှန်သတိရှိနေတဲ့သူမှာတောင် စိတ်လွတ်ကိုယ်လွတ် ပျော်ပါးလိုက်ကြပါတယ်။

    ဒီတော့ HIV ပိုးကူးစက်မခံရအောင် ဘယ်လိုကာကွယ်မလဲ။

    ၁။ အမျိုးသားနဲ့ဖြစ်စေ၊ အမျိုးသမီးနဲ့ဖြစ်စေ လိင်ဆက်ဆံတိုင်း ကွန်ဒုံးကို အသုံးပြုပါ။

    ၂။ စအိုဖြင့် လိင်ဆက်ဆံတဲ့အခါ ပွန်းပဲ့ထိခိုက်မှုနည်းစေဖို့ ချောဆီများများထည့်ပါ။

    ၃။ ရေအခြေပြု ချောဆီတွေကိုပဲ သုံးပေးပါ။

    ၄။ ပါးစပ်ထဲမှာ အနာရှိရင် လိင်တံ၊ စအိုဝကို နှိုးဆွပေးတာမျိုး လုံးဝမလုပ်ပါနဲ့။

    ၅။ မူးယစ်ဆေးဝါး၊ အရက်တွေကို တတ်နိုင်သလောက် ရှောင်ပါ။

    ၆။ လိင်ဆက်ဆံဖော်ကို တစ်ယောက်ထဲသာ သတ်သတ်မှတ်မှတ်ထားပါ။ သို့မဟုတ် ချစ်သူဖြင့် တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးပါ။

    ၇။ ရောဂါပိုးကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ PrEP ဆေးတွေ သောက်လို့ရသလို အရေးပေါ် ကာကွယ်ဆေး PEP ဆေးတွေကို ဆရာဝန်ခွင့်ပြုချက်နဲ့ ၇၂ နာရီအတွင်း သောက်လို့ရပါတယ်။

    ၈။ ရောဂါပိုးကူးစက်ခံရပြီဆိုရင်လည်း တခြားသူတွေကို မပျံ့စေဖို့၊ ကိုယ်ထဲမှာရှိနေတဲ့ ရောဂါပိုးတွေကို လျော့ကျစေဖို့ ART ဆေးကို သောက်ပေးပါ။

    ၉။ ကိုယ်ခံအားကောင်းနေအောင် လေ့ကျင့်ခန်းလုပ်ပါ။ အိပ်ရေးဝအောင်အိပ်ပါ။ အစားအသောက်ဆင်ခြင်ပါ။

    ၁၀။ ပုံမှန်သွေးစစ်ပါ၊၊

    ဒါဆိုရင် လိင်တူဆက်ဆံမိလို့ HIV ပိုး ကူးခံရပြီလားဆိုပြီး သောကမကင်းဖြစ်နေတဲ့ ကိုယ့်ညီလေးတို့လည်း ရင်အေးနိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ထပ်ပြီးပြောချင်တာကတော့ HIV ဆိုတာ လိင်တူချင်းဆက်ဆံမှ ကူးနိုင်တာမဟုတ်ဘူးဆိုတာပါပဲ။ အားလုံးပဲ ဆန္ဒကို သတိနဲ့ စောင့်ထိန်းပြီး ပျော်ကြပါလို့ အကြံပေးလိုက်ချင်ပါတယ်ခင်ဗျ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 16/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement