ဖောလစ်အက်ဆစ်သောက်ခြင်းသည် အရေးကြီးပါသည်။ အာဟာရဖြည့်တင်းထားသော စီရီယယ် အမှုန့်များသည် ဖောလစ်အက်ဆစ် ထောက်ပံ့ပေးသော အကောင်းဆုံးအစားအစာ ရင်းမြစ်ဖြစ်သည်။ ဖောလိတ်ကို အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်နှင့် ရှောက်အနွယ်ဝင် အသီးများတွင် သဘာဝအလျောက်တွေ့ရှိရသည်။
ဖောလစ်အက်ဆစ်သည် သင့်အတွက် ဘယ်လိုအကျိုးပြုသလဲ။
ဖောလစ်အက်ဆစ်သည် သင့်ခန္ဓာကိုယ်မှ ပုံမှန် သွေးနီဥဆဲလ်များ ထုတ်လုပ်ရန် မရှိမဖြစ်လိုအပ်သည်။ ၎င်းသည် ကိုယ်ဝန်နောက်ဆက်တွဲ ပြဿနာများ၊ နှလုံးရောဂါ၊ လေဖြတ်ခြင်း၊ ကင်ဆာအချို့ နှင့် အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားနိုင်ချေ အန္တရာယ်ကို လျော့ချပေးသည်။ ၎င်းသည် မျိုးရိုးဗီဇ DNA ထုတ်လုပ်ခြင်း၊ ပြုပြင်ခြင်း နှင့် လုပ်ငန်းဆောင်ရွက်ခြင်းကို ထိန်းသိမ်းစောင့်ရှောက်ပေးပြီး ဆဲလ်များ၏ အခြေခံလမ်းကြောင်းတစ်ခု ဖြစ်လာသည်။
ကိုယ်ဝန်မရှိခင်နှင့် ရှိနေစဉ်တွင် ဖောလစ်အက်ဆစ် အလုံအလောက် ရရှိခြင်းသည် သင့်ကလေး နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ၊ နေ့မစေ့လမစေ့၊ ပေါင်မပြည့်မွေးခြင်း၊ ကိုယ်ဝန်ပျက်ကျခြင်း၊ သန္ဓေသားကြီးထွားမှုနှေးခြင်းတို့မှ ကာကွယ်ပေးသည်။
ဖောလစ် အက်ဆစ် ဘယ်လောက် လိုအပ်သလဲ။
ကျွမ်းကျင်သူများက ကလေး မွေးရာပါချို့ယွင်းမှု အန္တရာယ်နည်းအောင် ကိုယ်ဝန်မဆောင်ခင် အနည်းဆုံးတစ်လ ကြိုပြီး ဖောလစ်အက်ဆစ်ကို တစ်နေ့ကို 400 mcg နေ့စဉ် သောက်ဖို့ အကြံပေးပါသည်။
အချို့ကိစ္စများတွင် မမျှော်လင့်ဘဲ ကိုယ်ဝန်ရရှိသွားတာမျိုးလည်းရှိသည်။ ထို့ကြောင့် ကျွမ်းကျင်သူအချို့က မျိုးပွားနိုင်သော အရွယ် အမျိုးသမီးအားလုံး ဖောလစ်အက်ဆစ်ကို နေ့စဉ် 400 mcg သောက်သင့်ကြောင်း အကြံပြုကြသည်။ အချို့ကတော့ ကိုယ်ဝန်ရှိသွားလျှင် ဖောလစ်အက်ဆစ် တစ်ရက်ကို အနည်းဆုံး 600 mcg တိုးသောက်ဖို့ အကြံပြုကြသည်။
သင် ဖောလစ်အက်ဆစ်လုံလောက်စွာ ရရှိကြောင်း သေချာစေရန် အားဆေးအညွှန်းကို ဖတ်ကြည့်ပါ။ အကယ်၍ အားဆေးတွင် ဖောလစ်အက်ဆစ် မပါလျှင် အားဆေးအခြားတစ်မျိုး ပြောင်းသောက်ပါ (သို့) ဖောလစ်အက်ဆစ်သီးသန့် သောက်ပါ။ (တစ်ရက်ကို အားဆေး တစ်လုံးထက် ပိုမသောက်ပါနဲ့။ ) အကယ်၍ သင်သည် ဆရာဝန်ညွှန်းသော ကိုယ်ဝန်ဆောင် အားဆေးကို သောက်နေလျှင် ထိုဆေးများတွင် ဖောလစ်အက်ဆစ် 800 မှ 1000 mcg ပါဝင်နိုင်သည်။ ဆေးအညွှန်းကို နောက်တစ်ကြိမ် ထပ်စစ်ဆေးပါ။
ဆရာဝန် မပြောဘဲ ဘယ်သောအခါမှ တစ်ရက်ကို ဖောလစ် အက်ဆစ် 1000 mcg ထက် ပိုမသောက်ပါနဲ့။ ထိုကိစ္စသည် သက်သက်လွတ်သမားများအတွက် သိသိသာသာ အရေးကြီးသည်။ သက်သက်လွတ်သမားများသည် ဗီတာမင် ဘီ ၁၂ ချို့တဲ့နိုင်ချေများသည်။ ထိုချို့တဲ့မှုသည် ဖောလစ်အက်ဆစ်သောက်တာ များပါက ရှာဖွေတွေ့ရှိဖို့ ခက်ခဲပါသည်။
ဘယ်အချိန်မှာ ဖောလစ်အက်ဆစ် အပိုထပ်ဆောင်း လိုအပ်သလဲ။
သိသိသာသာ အဝလွန်နေသော အမျိုးသမီးများသည် ဖောလစ်အက်ဆစ် တစ်ရက်ကို 400 mcg ထက် ပိုသောက်ဖို့ အကြံပေးခံရနိုင်ပါသည်။ အကယ်၍ သင့် အရင် ကလေးတွင် ဦးနှောက်နှင့် ကျောရိုးအာရုံကြောမကြီး မွေးရာပါ ချို့ယွင်းမှု (neural tube defect) ရှိလျှင် သင့်ဆရာဝန်က သင့်ကို ဖောလစ် အက်ဆစ် တစ်ရက်လျှင် 4,000 mcg သောက်ခိုင်းနိုင်ပါသည်။
သင့်ဆရာဝန်သည် သင့် ဆေးမှတ်တမ်းကို သိရှိထားပါစေ။ ထို့ပြင် သင်ကိုယ်ဝန်မဆောင်ခင် ကြိုပြီး ဆရာဝန်နဲ့ ရက်ချိန်းယူပြသထားပါ။ အကယ်၍ သင်သည် အမြွှာ ကိုယ်ဝန်လွယ်ထားလျှင် တစ်ရက်ကို ဖောလစ် အက်ဆစ် 1,000 mcg သောက်ရနိုင်ပါသည်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။